Pages

Thursday, February 24, 2011

အတွေးတစ်စ...




သူ..ထိုင်နေကျ ခုံပေါ်မှာ မလှုပ်မယှက်

သူ ကြည့်နေတာက screen တစ်ခု ဇာတ်လမ်းတစ်ပုဒ်ပြီးဆုံးသွားလို့ ပြာနေတဲ့ မျက်နှာပြင် သူပိတ်ပစ်လိုက်ဖို့ မကြိုးစားမိ သူထင်တာက အချိန်တင် ရင် ဒီဇာတ်လမ်းက အစကနေ ပြန်စလာမယ်ပေါ့ အဲ့ဒါသူ့ရဲ့မျှော်လင့်ချက်..





အခန်းငယ်တစ်ခု အဲ့ဒါသူ ပိုင်တဲ့အရာ ပြင်ပရာသီဥတု အေးခဲမှုကြောင့် ဘယ်တော့ မှ မဖွင့်ဖြစ်တဲ့ ပြတင်းတံခါးတွေ..သူဖွင့်ဖို့ ဘယ်တုန်းကမှ မကြိုးစားခဲ့..တစ်ခုပဲ.. သူစောင့်နေတာက နွေးထွေးတဲ့ နေရောင်ခြည်..အဲ့ဒီအချိန်ကျရင် တံခါးတွေ အလိုလိုပွင့်လာခဲ့မယ်ပေါ့..


အခန်းငယ်ထဲက မီးလုံးက သူ့ရဲ့ သက်တမ်းကုန်ဆုံးသွားလို့ အလင်းရောင်တွေ ထွက်ပေါ်မလာတာကြာပေါ့ သူဂရုမစိုက်ပါဘူး..သူသိထားတာက အမှောင်ဆိုတာ အမြဲကြီးဆိုး နိုင်တဲ့ အရာ မဟုတ်ဖူးဆိုတာ..


အနားက မသောက်ဖြစ်သေးတဲ့ ကော်ဖီခွက် ဘယ်တော့ အေးပြီးခဲသွားမလဲလို့ သူစောင့်နေတာ...ကော်ဖီပူပူ သူမကြိုက်လွန်းလို့..


အနက်ရောင် ဟန်းဖုန်းတစ်လုံး အရင် က စကားပြောတက်တဲ့ ဒီကိရိယာလေးဟာ ခုတော့လဲ ငြိမ်သက်နေလို့..သူမပူပါဘူး တစ်ချိန်ကျရင် ပြန်လည်အသက်ဝင်လာလိမ့်မယ်လို့ သူထင်နေဆဲမို့..

ဒါကြောင့်..သူ

ထိုင်နေကျခုံပေါ်မှာ မလှုပ်မယှက်..

Sunday, February 20, 2011

သူတို့ပြောတဲ့ valentine

ဒီဖေဖေါ်ဝါရီလရဲ့ ၁၄ ရက်နေ့က ချစ်သူများနေ့...ဒီနေ့က ၂၀ ဆိုတော့ အင်း တော်တော်လေးကျော်သွားပြီ..ဒီနေ့မှ အလုပ်နားတော့ ချစ်သူများနေ့ အကြောင်းကို ဒီနေ့မှပဲ ရေးဖြစ်တော့တယ်..ပြောချင်တာက အဲ့ဒီနေ့ပြီး နောက်တနေ့ပေါ့...အလုပ်ကို ဝင်လာတော့ အားလုံးရဲ့ ကျွက်စိ ကျွက်စိ အသံလေးတွေ ကြားနေရတယ်..သိနေတယ်လေ မနေ့က အကြောင်းတွေ စမြုပ်ပျံနေကြမယ် ဆိုတာ ဟင်း ဟင်း..အဲ့ဒါနဲ့ ကိုယ်လဲ ဝင်ပါလိုက်တယ်..(စကားဝင်ပြောတာကို ပြောတာနော်)..
နံပါတ်တစ် သူငယ်ချင်းကိုမေးတော့..ငါလား ချစ်သူအတွက် ကော်ဖီသောက်တဲ့ ခွက်ကလေး လက်ဆောင်ပေးလိုက်တယ် တဲ့..ဆင်တူခွက်ကလေးနှစ်လုံးလေ တဲ့..( အင်း ကောင်းသားပဲနော်)
နံပါတ်နှစ်က.. ငါက တော့ဘာမှမပေးဘူး လက်ဆောင်က အဓိကမဟုတ်ဘူးလေနော် ငါတို့ ညနေစာအတူစားဖြစ်တယ်လေ..ဖယောင်းတိုင်လေးတွေထွန်းပြီးတော့ ရိုမတ်တစ် ညနေခင်းလေးပေါ့ တဲ့( ကဲ ဘယ်လောက်ကောင်းတဲ့ အိုင်ဒီယာလဲနော်.)
နံပါတ်သုံးက..ဟဟ ငါလား မနက်အိပ်ယာနိုးတော့ ယောက်ျားကို အနမ်းတစ်ချက်ပေးခဲ့တယ် ဒါပဲ( ကဲ ပြီးရော)
နံပါတ်လေး...သူက ဘာလက်ဆောင်လဲတော့ မပြောဘူး.သူ့ယောက်ျားကို ပေးဖို့ လက်ဆောင် သူ့သမီးကို ဝယ်ခိုင်းလိုက်တယ်တဲ့ သူမအားလို့တဲ့ သူ့သမီးလဲ သူ့ bf အတွက်လက်ဆောင်သွားဝယ်ပေးလို့ တခါထဲမှာလိုက်တယ်ဆိုပဲ( သမီးနဲ့ အမေတို့ ခောတ်မှီပုံများ နော် )
ကဲ နံပါတ်ငါး...ငါ ဘာမှ မပေးဘူး.ချစ်သူများနေ့က ငါ့အတွက်မဟုတ်ဖူးတဲ့( ပြောပုံက) အားနာတယ် သူ့ကောင်လေးကို တော့..
အော် အော် နောက်ဆုံးတစ်ယောက်...သူက ယောက်ျားလေးလေ.. ဘာအမှတ်တရလုပ်ဖြစ်လဲလို့ မေးတော့..သူက လက်ညှိုးနဲ့ လက်မလေး ဝိုင်းပြတယ်( သနားစရာ)..ဆွဲကြိုးလက်ဆောင်ပေးလိုက်တာ euro 400 ထွက်သွားတယ် တဲ့....( ချစ်တာကိုးနော် ခံပေါ့ )
သူတို့ပြောတဲ့ valentine အ ကြောင်းကတော့ ဒီလောက်ပါပဲ..ခေါင်းစဉ်က သူတို့ပြောတဲ့ valentine ဆိုတော့ ကိုယ့်အကြောင်းတော့ ထည့်မပြောတော့ဘူးနော်...ဘိုင် ဘိုင်

Wednesday, February 16, 2011

ခရီးသွား



လူ့ကျင့်ဝတ်တွေကို လူ့ပတ်ဝန်းကျင်က


ထိန်းချုပ်တယ်...


ဆန္ဒတစ်ချို့ကို စာရွက်တွေက


ထိန်းချုပ်တယ်..


နှလုံးသားကို အသိစိတ်က


ထိန်းချုပ်တယ်...


အဲ့ဒီကြားထဲမှာ


မှောင်မှား ဝေဝါးစွာနဲ့


အမည်မသိတဲ့ခရီးသွားတစ်ဦး


ဦးတည်ရာမဲ့


လျှောက်လှမ်းနေလေရဲ့..........။


အတ္တရဲ့ အသုံးချခံ လက်စွပ်လေး


ချစ်သူနဲ့တွေ့တဲ့ ပထမဆုံးနေ့ဟာ အလှပဆုံးနေ့ရယ်လို့ လူတစ်ချို့တင်စားကြမယ်ထင်တယ်..ထိုနေ့ သူနေ့ဆုံတွေ့တဲ့နေ့ရယ် ကျွန်မအတွက်တော့ ဝမ်းအနည်းရဆုံးနေ့ရယ်ပါ..ရာသီဥတု သိပ်ပြီးမသာယာလှတဲ့ ထိုနေ့ တစ်ရက်မှာ သူနဲ့ ကျွန်မဆုံတွေ့ခဲ့လေရဲ့..အဝေးပြေးဘူတာကြီးရဲ့ တစ်ခုသော ကော်ဖီ ဆိုင်လေးမှာ..

လူအဝင်အထွက်များတဲ့ ဆိုင်လေးဟာ ထိုနေ့က ကျွန်မနဲ့ မိတ်ဆွေသုံးဦးရဲ့စကားသံ တစ်ချို့ ဆူညံနေလေရဲ့..ရင်းနှီးဖွယ်ကောင်းတဲ့ သူတို့နဲ့ ပထမဆုံးဆုံတွေ့တဲ့နေ့ရယ်..တစ်ယောက်နဲ့တစ်ယောက်မမြင်ဖူးကြပေမယ့် နိုင်ငံခြားမှာ မြန်မာအချင်းချင်းတော့ ဘယ်လောက်ပဲ လူများများ ရှာတွေ့ဖို့လွယ်ပါတယ်..ကော်ဖီသောက်ရင်း စကားပြောရင်း မိတ်ဆက်ကြတော့ သတိထားမိတာ သူ့ရဲ့ညာဘက်လက်သူကြွယ်က စေ့စပ်လက်စွပ်လေးကိုပါ..အော် ဆိုင်သူရှိထားနှင့်ပြီကိုးကွယ်..ဒီလိုပဲတစ်နေ့တာ ကုန်ဆုံးသွားပြီး ဖုန်းနံပါတ်တွေ အပြန်အလှန်လဲ ဖြစ်ခဲ့တယ်..နောက်ရက်တော့ ဖုန်းတွေ အပြန်လှန်ဆက်ရင်းနဲ့ပဲ ခင်မင်မှုတွေပိုလာခဲ့ပြန်တယ်..သက်ဆိုင်သူရှိနှင့်တာ သိရက်နဲ့ပဲ သံယောဇဉ်ကထိန်းမရ..ရင်ထဲက အတ္တက တစ်နေ့ထက် တစ်နေ့ပိုဆိုးလာခဲ့..လက်စွပ်လေးရယ် အားနာတယ်..ဒီလိုပဲ အချိန်တွေ ကျော်လာခဲ့တာ့ တစ်ခု သော မတ်လရဲ့ တစ်နေ့မှာ သူရဲ့မွေးနေ့လေး ရှိကြောင်း သူအကြောင်းကြားခဲ့လေရဲ့..စိတ်ကူးတစ်ချို့နဲ့ ကျွန်မပျော်နေခဲ့တာ ..ခက်တယ်သူရယ် .ဒါပေမယ် ကံမကောင်းတဲ့ ကျွန်မက မွေးနေ့ နှုတ်ခွန်းဆက်စကားလေးတောင် ပြောကြားခွင့်မရဘဲ ပစ်ပယ်ခံခဲ့ရတဲ့ ဝေဒနာ ဘယ်သူသိမှာလဲတဲ့..သက်ဆိုင်သူက အနားမှာကို..ငို ငို ငို အားရအောင်ငို ပေါ့ ..ရှုံးနိမ့်ပြီးသားလူတစ်ယောက်အတွက် မျက်ရည်ကလွဲပြီးဘာရှိဦးမှာတဲ့လဲ..ဟင့်အင်း ကျွန်မက ဒီလို မိန်းကလေးမျိုးမဟုတ်ဘူး..မျက်ရည်အပြင်အတ္တရှိသေးတယ်..sorry ပဲလက်စွပ်လေးရယ် ကျွန်မရက်စက်ရလိမ့်မယ်..အရှုံးကို မုန်းတယ် ကျွန်မ မပိုင်ဆိုင်ရရင် ဘယ်သူကို မရစေချင်တဲ့ ငယ်စဉ်ကထဲက အတ္တ..မလိုအပ်တော့တဲ့ ပစ္စည်းဆိုရင်တောင် သူများကို မပေးပဲ ဖျက်ဆီးပစ်တက်တဲ့ ကျွန်မရဲ့ အတ္တ..အဲ့ဒီ အတ္တတစ်ခုထဲနဲ့ အမှားတွေလုပ်ပစ်ဖို့ အကြောင်းပြချက် ခိုင်လုံနေပြီလေ...သေသပ်လှပစွာ နဲ့ ဇာတ်လမ်းတစ်ပုဒ်ကို အေးအေးဆေးဆေး စတင်ခဲ့တယ်...ဇာတ်လမ်းရဲ့ခေါင်းစဉ်က လက်စွပ်လေးနှစ်ကွင်းကို ခွဲပစ်ရေး..တဲ့ ရက်စက်လိုက်တဲ့ ကျွန်မ..

တကယ်လဲ အထမြောက်ခဲ့တဲ့ ဇာတ်လမ်းလေးပေါ့...ပိုင်ပိုင်နိုင်နိုင်ပဲ ကျွန်မသရုပ်ဆောင်ခဲ့လိုက်တာ အဲ့ဒီအထဲမှာ ကျွန်မအသဲနှလုံးတွေ တစ်ဖြုတ်ဖြတ်နဲ့ ပါသွားတာတောင် မသိလိုက်တဲ့အထိ..သူသိရက်နဲ့လား မသိဘဲနဲ့လား ကျွန်မအနားမှာ ပျော်နေတာ..ဟင့်အင်း မသိဘူး မသိချင်ဘူး..ကျွန်မလိုချင်တာ လက်စွပ်လေးကို သူ့လက်က သူကိုယ်တိုင် ကြည်ကြည်သာသာ ချွတ်ပစ်လိုက်မယ့်နေ့..ကျွန်မမသိတာ က အဲ့ဒီလက်စွပ်လေးစီမှာ သူ့ရဲ့ အနာဂတ်တွေ မိသားစုတစ်ခုလုံးရဲ့ ပျော်ရွှင်မှုတွေ...အောင်မြင်မှုတစ်ချို့ ကြိုးစားတည် ဆောက်ထားကြတဲ့ အိမ်မက်လှလှတွေ..အို အားလုံး အားလုံး ပါဝင်နေတယ်ဆိုတာ..အတ္တတစ်ခုရဲ့ အောက်မှာ ဒီအရာလေးတွေ ပျက်စီးသွားမယ်ဆိုတာ ကျွန်မမသိခဲ့...ကျွန်မသိတာ အတ္တနဲ့ မာနတစ်ချို့..ကျွန်မကိုယ်တိုင်ပါဝင်ခဲ့တဲ့ ဒီဇာတ်လမ်းလေးမှာ သူလဲကြည်ကြည်သာသာနဲ့ ပဲပါဝင်ခဲ့လေရဲ့..နောက်ဆုံးအချိန်မှာ ကျွန်မအင်မတန်အဖြစ်ချင်ဆုံးဆန္ဒကို လက်စွပ်ပိုင်ရှင်လေးရဲ့ မျက်ရည်တစ်ချို့နဲ့ လဲလှယ်ပေးခဲ့တယ်..ကိုယ့်ကြောင့် လူတစ်ယောက်ငိုနေတာကို ပထမဆုံးကြားရတဲ့ထိုနေ့ အနာဂတ်တစ်ချို့နဲ့ သူ့ရဲ့ အိမ်မက်တွေပေးခဲ့တဲ့ ထိုနေ့..ဘဝမှာ လူနှစ်ယောက်ကို နာနာကျင်ကျင်ထိခိုက်စေခဲ့တဲ့ ထိုနေ့..ကျွန်မကိုယ်တိုင် အရမ်းပျော်လိမ့်မယ်လို့ ထင်ခဲ့တဲ့ ထိုနေ့................................................

............... မှားသွားပြီလို့ သိလိုက်ပေမယ့် အချိန်တွေ နောက်ကျ ခဲ့ပြီ...ကျွန်မလက်ထဲကို သူကိုယ်တိုင်လာထည့်ပေးခဲ့တယ် စေ့စပ်လက်စွပ်လေး..“ မင်း လိုချင်နေခဲ့တယ်မဟုတ်လား”..ဘုရားသခင်ရေ

သူသိနေခဲ့ပါလား..“ မင်း ပျော်ဖို့ပါ” ..ဟင့်အင်း ဟင့်အင်း ...မုသားစကားတစ်ချို့ နှုတ်ဖျားက ထွက်ဖို့ကြိုးစားပေမယ့် အချည်းနှီး....“ ကိုယ့် ကို သွားခွင့်ပေးပါ”..မထားခဲ့ပါနဲ့ မထားခဲ့ပါနဲ့..စကားတွေ အပြင်ကို ရောက်မလာခဲ့တဲ့ အထိ ဆွံအနေတဲ့ ကျွန်မ..“ အချစ်ဆိုတာ မင်းသေချာ နားမလည်သေးပါဘူးမိန်ကလေး ရယူခြင်းတွေ အတ္တတွေရဲ့ ဟိုဖက်တစ်ခြမ်းက သန့်စင်တဲ့ အချစ်ကို မင်းမြင်အောင်ကြည့်ပါ ပြီးရင် အချစ်နဲ့ ဘဝကို ခွဲခြားပြီး တစ်ချက်လောက်မြင်ကြည့် မင်း ရင့်ကျက်လာတဲ့တစ်နေ့တော့ ဒါတွေကို နားလည်လာမှာပါ မင်းကြိုးစားခဲ့တာ အားလုံးအောင်မြင်ခဲ့တယ်”..သွားပြီ သူ သူ ကျွန်မကို စိတ်နာ သွားပြီလား..ဒါဆို ဒါဆို သူဘာလို့ ကျွန်မအနားမှာ တစ်ချိန်လုံးရှိနေခဲ့တာလဲ ကျွန်မရင်ထဲမှာ ပဲမေးနေခဲ့တဲ့မေးခွန်းကို သူအဖြေပေးသွားခဲ့တယ် ..“ ကိုယ် မင်းကို ချစ်ခဲ့တယ်မိန်းကလေး ကိုယ်ချစ်တဲ့ မိန်းကလေး တစ်ယောက် ပြုံးဖို့တစ်ခုထဲအတွက် ကိုယ်တည်ဆောက်ခဲ့တဲ့ ဘဝနဲ့ ကိုယ့်ရဲ့ကတိတွေကို ကိုယ် ကိုယ်တိုင်ပြန်ဖျက်ဆီးခဲ့တာ မင်းလိုချင်တဲ့ လက်စွပ်လေးကို ကိုယ်ပေးခဲ့မယ် ဒါပေမယ့် အဲ့ဒီ လက်စွပ်လေးကို မင်းလက်မှာ စွပ်ပေးဖို့တော့ ကိုယ်မဝံရဲတာ အမှန်ပဲမိန်းကလေး မင်းသိပ်အတ္တကြီးတယ်”.................

ကျွန်မအနားက ထွက်ခွာသွားတဲ့ သူ့ကျောပြင်ကို ငေးကြည့်ယုံက လွဲပြီး ကျွန်မ ဘာတက်နိုင်မှာတဲ့လဲ..

အတ္တကြီးတဲ့ ကျွန်မ..အချစ်ကို အတ္တလို့ပဲ မြင်ခဲ့တဲ့ ကျွန်မ..ခုတော့ ထပ်ငိုဖို့ မျက်ရည်လဲမရှိ အင်အားလဲမရှိ..

မရှိ မရှိ..ဘာဆို ဘာမှ မရှိတော့ဘူး..ဘာမှမရှိတော့တာပဲသိတယ်..ကျွန်မဘာမှမသိတော့ဘူး..

အချစ်ကို ကျွန်မရခဲ့ပေမယ့် ........................... လက်စွပ်လေးကို ကျွန်မ ရခဲ့ပေမယ့်...............

ရခဲ့ပေမယ့်.........................ရခဲ့ပေမယ့်..

Thursday, February 10, 2011

မေမေ့အတွက်နော်....

မေမေရေ ခိုးခိုးပြီးတော့ သမီးလေးမသိအောင်ငိုနေတာလား သိနေပါတယ် မေမေရေ....သမီးကမေ့မေ့ကိုထားသွားမှာတဲ့လား..မဟုတ်ပါဘူးမေမေရယ် ဘဝလမ်းကို တစ်ယောက်ထဲစမ်းလျှောက်ကြည့်ချင်လို့ပါ..မေမေ စိတ်ပူနေမှာ သမီးလေးသိပါရဲ့ ဒါပေမယ့် မေမေရယ် သမီးကို စိတ်ချ မေ့သမီးမှာ သတ္တိတွေအပြည့်နဲ့ပါ..မေမေနဲ့ သမီးဟိုးငယ်ငယ်လေးထဲက ကတောက်ကဆ အကြိမ်ကြိမ်ဖြစ်ခဲ့တယ်နော်..မေမေ ကလဲ လိုချင်တဲ့ပုံစံကို ရအောင်သွင်း သမီးကလဲ လွတ်လပ်တာကို ရူးသွပ် ဒီလိုနဲ့ မေမေနဲ့ သမီးကြားအထင်လွဲမှုတွေများခဲ့တယ်နော်..မေမေ နဲ့ သမီးဟာလေ သားအမိပေမယ့် အမြင်ချင်းကတော့ မတူတာများလို့ မေမေ က လက်ဖမိုးဆို သမီးက လက်ဖဝါးလုပ်ခဲ့တာချည်းပဲ..သမီးက စိတ်ကောက်ရင် နှုတ်ခမ်းမဆူ ခြေမဆောင့်တက်ဖူး မေမေ ကိုပဲ ရှောင်နေခဲ့လိုက်တယ် တကယ်တော့ မေမေ အရမ်းစိတ်ထိခိုက်မယ်ဆိုတာ မသိလို့ပါမေမေရယ်..အိမ်မှာရှိတဲ့ တယ်လီဖုန်းကြောင့်လဲ သမီးတို့တွေစကားများဖူးရဲ့..မေမေ အော်ဆူရင် သမီးတအားကို စိတ်ဆိုးတက်ခဲ့တာနော်..အော် ပြောရဦးမယ် ဆယ်တန်းကျောင်းသူဘဝက လှည်းတန်းသွားခဲ့တာလေ..တကယ်ပါမေမေ မေမယုံပေမယ့် သမီးမေမေ့ အတွက်မွေးနေ့လက်ဆောင်လေးဝယ်ပေးချင်လို့ပါ..မသွားတက်မလာတက်ဆိုတော့ အပြန်နောက်ကျခဲ့တာ သူငယ်ချင်းမလေး နှစ်ယောက်နဲ့လေ...မေမေ ဆူလိုက်တာနော်..သူတို့အမေတွေက မဆူဘူးလို့သူတို့ပြောပြတော့ သမီး စိတ်မကောင်းလိုက်တာ...တကယ်တော့ မေမေက လေပြေလေးနဲ့ ပြောပြသင့်တယ်လို့ သမီးထင်တာလေ..မေမေ ကဆူပြီးပြောတော့ သမီးက မေမေ့ကို အထင်လွဲတာပေါ့..ငယ်သေးလို့ပါမေမေရယ် သမီးဘာကိုမှနားမလည်ခဲ့တာပါ..အဲ့လိုနဲ့ အရွယ်ရောက်လာတော့လဲ မေမေကပိုစိတ်ပူတက်လာ..သမီး သိတာတက်တာလေးတွေများလာတော့ မေမေ့ကိုချက်နဲ့ လက်နဲ့ ပြန်ပြောခဲ့တာ..သမီးဆိုးလိုက်တာနော်..ခုတော့ မေ့သမီးက နှစ်ဆယ့်ငါးကိုကျော်လို့ နှစ်ဆယ့်ခြောက်ကိုရောက်တော့မယ်မေမေ..ကလေးလေး လေးလဲမဟုတ်တော့ဘူး..လူငယ်လေးလဲ မဟုတ်တော့ဘူး..ဘဝကို ရုန်းကန်ချင်လာတယ်..အသိုက်အမြုံဆိုတာထဲက ရုန်းထွက်ချင်လာတယ်..ဒုက္ခဆိုတာ သမီးသေချာမသိသေးလို့ လို့မေမေထင်မယ်ထင်တယ်..ဟုတ်ချင်လဲ ဟုတ်မယ်မေမေရယ်..ဒါပေမယ့် သမီးကြိုးစားချင်တယ် ကိုယ်လိုချင်တာကို ကိုယ်တိုင်ဖန်တီးကြည့်ချင်တယ်..ခွင့်လွတ်ပါမေရယ် မေမေ့ရင်ကို စုံကန်တာမဟုတ်ရပါဘူး..သမီးဟာ မေမေ့ရဲ့ သမီးပါ မေမေ မွေးထားတဲ့ သမီးဟာ အမြဲတမ်းမေမေ့ သမီးပါပဲ..ဘဝထဲ မှာ မေမေမသိတဲ့ ကိုယ်ပိုင်ခံစားချက်တွေနဲ့ မေမေ့ကို ရင်ဖွင့်မရတဲ့ ဒဏ်ရာတစ်ချို့နဲ့မို့..တစ်ကြိမ်ကြိမ်မှာ ဒါတွေကိုမြင်ပြီး မေမေ့ကို ရင်မနာစေချင်လို့...ပြဿနာတစ်ချို့ ကိုယ်တိုင်ဖြေရှင်းချင်လို့..လူတစ်ချို့ကို ရင်ဆိုင်ချင်လို့..အားလုံး အားလုံးပေါ့ မေမေရယ်..မေမေ့ကို ခွဲသွားမှာ မဟုတ်ပါဘူး..မေမေဟာ သမီးရဲ့ မေမေပါ..မေမေ ဟာ အကောင်းဆုံးနဲ့ သမီးကို အချစ်ဆုံး...သမီးသိပါတယ် မေမေ မသိလို့မဟုတ်ပါဘူး...မေမေ မငိုပါနဲ့..သမီးမေမေ့ကို ခွဲမသွားပါဘူး..လောကကြီးကို အတ္တတစ်ချို့ နဲ့ ရင်ဆိုင်ချင်လို့ နားလည်ပေးပါနော်မေမေ..သမီးခွဲမသွားပါဘူးမေမေရယ် ..မငိုပါနဲ့မေမေရယ်..နော်