Pages

Sunday, March 27, 2011

အချစ်ဆို တာ မုသား

သူတို့တွေ အချစ်အကြောင်းပြောကြတော့ ပုထုဇဉ် ပီပီ ဝင်ပြောချင်စိတ်လေးက ထိန်းမရသိမ်းမရ.. ရေးမယ်လို့ ကြံလိုက်တိုင်း တခြားဘက်ကို ပဲ အာရုံပြောင်းသွားတာလဲ အကြိမ်ကြိမ်မှအခါခါ.. ဘာဖြစ်တာလဲ လို့ မေးမိတော့.. ဘလော့ခ် လေးက ဟားတိုက်တယ်.. နင်လူလိမ် တဲ့ မသိဘူးလားဆိုတော့ သိတယ်.. မဟုတ်ဖူးလား ဆိုတော့ ဟုတ်တယ် သိပါတယ် အချစ် ဘာလဲ ဆိုတာ.. အမှန်တရားချရေးပြဖို့ဆိုတာ လဲ တစ်ခါတစ်လေ မှာ ခိုင်လုံတဲ့ အကြောင်းပြချက်က လိုသေးတယ်လေ.. အချစ်မရှိပါဘဲ ဘဝတစ်ခု လှနိုင်တယ်ထင်လို့လား..ထင်ပါတယ် သူ့အတိုင်းတာ နဲ့ သူပေါ့နော် အချစ်ဆိုတာ ဘဝကြီးထဲက အစိတ်အပိုင်း သေးသေးလေး တစ်ခုသာ.. တဲ့ ဟုတ်ချင်လဲ ဟုတ်မှာပေါ့.. တစ်ခါ တစ်ခါလဲ စဉ်းစားရင်း နဲ့ အချစ်ကို အဝတ်စုတ်လို ပဲ ချောင်ထဲ ပစ်ပလိုက်ချင်တယ်.. အဲ . နဲနဲ များ လွန်သွားလားမသိဘူး.. တစ်ခါ တစ်လေ တော့လဲ တခမ်းတနား သူ့အနား တစ်ဖဝါးမှ ဖခွာ ခစားချင်သလိုရယ် နော်... ကဲ ခုချိန်ထိလဲ အတည်အတံ့ စကားတစ်လုံးမှ ထွက်မလာသေး.. ဟော ဘလော့ခ်လေးက ထပ်ပြောပြန်တယ်.. နင်က လိမ်ညာသူကိုးတဲ့.. သြော် ဘလော့ခ်ငယ်ရယ် အချစ်ကြောင့် မခံစားနိုင်လွန်းလို့ မုသာသုံးကာ အပြုံးဆင် သူ.. ငါ အမြဲပျော်နေပါတယ် ဆိုပြီး အားလုံးကြားထဲမှာ ရင်ကော့ချင်သူ... အနိုင်ရချင်သူ... ခံပြင်းနာကြည်းတက်သူ ........... ဒီလိုလူကို လိမ်ညာသူလို့ နင်ကပြောတော့ တစ်ဆိတ်လောက် အချစ်ကြောင့် ဖြူစင်သူ တစ်ယောက်တစ်လေကို ငါ့အတွက်လက်ငြိုး ညွှန်ပြစမ်းပါ ..

Thursday, March 24, 2011

ကံဆိုးတဲ့ဘ၀နဲ့ အိမ်ရှင်မ...

မနက်စောစီးစွာထ ခဲ့ရခြင်းအတွက် စိတ်က နဲနဲလေးမှ ကြည်လင်မနေပါ..
ဒီအလုပ်ချိန်ကို မနှစ်သက်ပေမယ့် လည်း..လကုန်ရင်ဝင်လာတဲ့ လစာကြောင့် သည်းခံနေရခြင်းပါ..
စောစောထရခြင်းကို မနှစ်မြို့တာ ကျောင်းသူဘဝထဲက..ဒီလို မနှစ်သက်တဲ့ မနက်ခင်း နေ့တိုင်းကြုံနေရလဲ ကျွန်မ အကျင့်မရသေးပါ..စူပုပ်ပုပ်မျက်နှာနဲ့ ရထားပေါ်တက် ထိုင်ခုံမှာထိုင်တော့..
ထုံးစံအတိုင်း အလုပ်ချိန်တူတဲ့ ရင်းနှီးတဲ့ မျက်နှာတော်တော်များများတွေ့ရလေရဲ့...ကျွန်မထိုင်တဲ့ ရှေ့တည့်တည့်မှာတော့ အလုပ်ချိန်တူရုံမက နေရာပါတူတဲ့ မိတ်ဆွေအမျိုးသမီး ထိုင်တယ်..
ယဉ်ကျေးမှုအရကျွန်မစတင်ပြီးနှုတ်ဆက်ဖြစ်တယ်... “ Morgen! ” (morning) လို့ အဓိပ္ပါယ်ရပါတယ်..
သူလဲပြန်နှုတ်ဆက်ပါတယ်..“ Morgen”..အမ် အက်ကွဲကွဲဖြစ်နေတဲ့ သူ့အသံဟာ မူမမှန်ပါ..မျက်လုံးတောင်နဲနဲကျယ်သွားသလို..ကျွန်မသူ့မျက်နှာကို သေချာကြည့်မိတော့..
နီရဲရုံမက အစ်ထွက်နေတဲ့ မျက်လုံးတစ်စုံ
နှာစေးနေသလိုပုံစံနဲ့ နှာခေါင်း
ခပ်အမ်းအမ်းဖြစ်နေတဲ့ ပုံစံနဲ့ နှုတ်ခမ်း...
“ နေမကောင်းဘူးလား”
“ကောင်းတယ်”
“သြော်” ..
“သူ ဟိုမိန်းမနဲ့ ဆက်သွယ်ပြန်ပြီ”..ကျွန်မ ဒက်လိုက်ပါပြီ ပြဿနာက သူ့အမျိုးသားပါ
ကျွန်မမှာ ပြန်ပြောစရာစကားနည်းပါးလွန်းနေတယ် ဘယ်လို နှစ်သိမ့်ရမလဲ စကားလုံးရှာမတွေ့ပါ
ကလေးနှစ်ယောက်အမေဖြစ်တဲ့ သူ့ဘဝက ချောချောမွေ့မွေ့တော့ မဟုတ်ပါ ..ရုန်းကန်ရင်း ကလေးနှစ်ယောက်ကို စောင့်ရှောက်နေရသူပါ.
“ငါ စနေနေ့က ပြန်လာတော့ သူဖုန်းပြောနေတယ် အဲ့ဒီမိန်းမနဲ့ ငါပြောတယ် အဆက်အသွယ် မလုပ်ဖို့ သူကပြောတယ် ဖုန်းပဲပြောတာ တဲ့”..ဒုက္ခ ဖုန်းပဲပြောတာဆိုပဲ
ကျွန်မသူ့လက်ကလေးဆုပ်ကိုင်ထားမိတယ် ဘာပြောရမှန်းမသိလို့လဲ ပါပါတယ်..သူလက်မှာ ဆွဲထားတဲ့ကြိုးလေးသတိထားမိတယ်..စတွေ့ခါစက ကျွန်မက အလှပတ်ထားတယ်ထင်တာ သူပြောတာက“ဒါ အဆောင်လေ အကာအကွယ်ပေါ့ သူများဒုက္ခပေးလို့မရအောင် ယောက်ျားမရိုက်အောင်” သူက ရိုးသားတဲ့ အမျိုးသမီးပီပီ ရိုးသားစွာပဲ ကျွန်မကို ပြောပြဖူးတယ်..သိလိုက်ရတာ သူ့မှာ ယောက်ျားလဲ အရိုက်ခံရသေးတာကိုး ..ဝူး သက်ပြင်းမောချမိတယ်..
“ သူ့အဲ့ဒီအမျိုးသမီးစီသွားတာ ဘယ်နှစ်ခေါက်မှန်းမသိတော့ဘူးသိလား”
“ သူက အပျိုလား”
“မဟုတ်ဖူး နှစ်ခုလပ် ကလေးနှစ်ယောက်အမေ”
“အမ်” သူ့အပြောက ကျွန်မခေါင်းနဲနဲမူးသွားတယ်..
“ကလေးနှစ်ယောက်က အဖေမတူဘူးလေ”
“သြော် အဲ့လိုလား”
“အင်း ဟုတ်တယ်”
“ငါသူနဲ့ကွာရှင်းချင်ပေမယ့် ကလေးတွေမျက်နှာကြောင့်” အင်း ဟုတ်တာပေါ့ ဒီနိုင်ငံမှာ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်ဖို့က မခက်ဖူးလေ...
“သူအရင်က အဲ့လိုမဟုတ်ဖူး ကလေးရလာပြီးနောက်ပိုင်း......” လှိမ့်ကျလာတဲ့မျက်ရည်တွေ ကျွန်မမြင်နေရတယ် တစ်ရှုးထုတ်ပေးတော့ သူယူပြီး မျက်ရည်သုတ်တယ်..
“သူက ကလေးလဲ ကူမကြည့်ပေးဘူး ဈေးလဲ ကူမဝယ်ဘူး ငါ တစ်ယောက်ထဲ အားလုံးလုပ်ရတာ”..စိတ်ထဲမှာ သူ့ကို သနားလိုက်တာ
“ဒါတွေက ထားလိုက်ပါတော့ဟာ ဒါပေမယ့် သူ မဖောက်ပြန်သင့်ဘူး”
“ အင်း ဟုတ်တာပေါ့”..ကျွန်မလဲ အင်း ရယ် ဟုတ်တာပေါ့ရယ်က လွဲပြီးတခြားဘာပြောရမှန်းကို မသိတော့တာ
“ငါ စိတ်လဲနာတယ် ဝမ်းလဲနည်းတယ်”
“ငါပြောတယ် နင်သွားချင်ရင်လဲ အပြီးသွားနေ အဲ့မိန်းမစီမှာလို့ သူကအဲ့လိုလဲ မဟုတ်ပြန်ဘူး”..
ကျွန်မထင်တယ် ဒီလိုယောက်ျားမျိုးက ကုလားထိုင်နှစ်လုံးကို တစ်ယောက်ထဲ ထိုင်ချင်တာမျိုး...
စကားဆက်ပြောချင်ပေမယ့် ဆင်းရမယ့် မှတ်တိုင်က ရောက်ပြီလေ..
“ နင့်မျက်ရည်တွေသုတ်လိုက်ဦးနော် တော်ကြာ သူများတွေ တွေ့သွားဦးမယ် မကောင်းဘူးလေနော်..အလုပ်လုပ်ရင်းနဲ့လဲ ဘာမှတွေးမနေနဲ့နော်”..ပြောသာပြောရတယ် မတွေးဘဲ ဘယ်နေနိုင်ရှာမလဲ
အော် ကြီးလိုက်တဲ့ သူ့အပူရယ် ဘယ်သူမှလဲ မကူနိုင် ကျွန်မတောင် နားထောင်ရုံနဲ့ရင်မောတယ်....
“ကဲ သွား သွား အဝတ်စားသွားလဲတော့နော်”
ဖြည်းဖြည်းချင်းထွက်သွားတဲ့ ကံဆိုးတဲ့ သူငယ်ချင်းကို ကြည့်ပြီး ဒီယောက်ျားဘာလို့များ သစ္စာမဲ့ရတာလဲလို့ စဉ်းစားမိတယ်...ဒါပေမယ့် ကြာကြာမစဉ်းစားနိုင်ပါဘူး အလုပ်ဆင်းဖို့ အချိန်က နီးနေပြီလေ..
ရင်ထဲမှာ တော့ မကောင်းတာ အမှန်..ကျွန်မ ဒီလို အဖြစ်မျိုးမကြုံရပါစေနဲ့လို့ ဆုတောင်းမိရင်း..
ကမ္ဘာပေါ်မှာ ရှိတဲ့ အိမ်ရှင်မများ ဒီလို အဖြစ်မျိုး ကင်းဝေးနိုင်ပါစေလို့.....................
..................................................
အိမ်ထောင်ရှင် ယောက်ျားများ ကိုယ့် အိမ်ထောင်ဖက်ပေါ်မှာ အနေဝေးသည်ဖြစ်စေ အနေနီးသည်ဖြစ်စေ သစ္စာ ရှိကြပါလို့ အမျိုးသမီးတစ်ယောက်နေနဲ့ ဒီစာလေးကို ရေးရင်း ဆန္ဒပြုပါတယ်..

အိမ်မက်စေရာ
၂၄.၀၃.၁၁

Monday, March 14, 2011

စိတ်ပူတက်တဲ့သမီး

ဒီနေ့တော့ ဟာသလေးတွေ ရေးကြည့်မလားလို့ စဉ်းစားမိတယ်...
ဟာသဆိုရင် ငယ်ငယ်က အဖြစ်အပျက်လေးတွေ ပြန်သတိရမိတယ်..
ခုနှစ်တော့အတိအကျ မမှတ်မိတော့ဘူး..ကျွန်မ တော်တော်လေးငယ်အုံးမယ်ထင်တယ်..အဲ့ဒီအချိန်က ခင်ဇာခြည်ကျော် စုလှိုင်နှင်း မြတ်ကေသီအောင် သူတို့တွေ ခေတ်စားကြတဲ့အချိန်ပေါ့..ကျွန်မဖေဖေက ခင်ဇာခြည်ကျော်သရုပ်ဆောင်တာကို အဲ့ဒီအချိန်ကတော်တော်နှစ်သက်ပါတယ် ခဏ ခဏလဲ ပြောဖြစ်တယ်..ကျွန်မဖေဖေရဲ့ အလုပ်က သင်္ဘောကပ္ပတိန်ပါ မကြာခဏဆိုသလို ခရီးထွက်ရပါတယ်..အဲ တစ်နေ့တော့ ဖေဖေ ခရီးထွက်ခါနီးပေါ့..ဖေဖေက သူ့ရဲ့ ထုံးစံအတိုင်း ကျွန်မကို နာဖူးလေးနမ်းကာ နှုတ်ဆက်ပါတယ် ပြန်လာရင်မုန့်ဝယ်လာခဲ့မယ်နော်လို့လဲ ပြောပါတယ်..ကျွန်မကတော့ မျက်နှာမသာမယာရယ်ပါ ဖေဖေ ခရီးထွက်မှာကြောင့်အပြင် ကိစ္စတစ်ခုကို ကျွန်မပြောဖို့စဉ်းစားနေလို့ပါ..အင်း ပြောရင်ကောင်းမလား မပြောရင်ကောင်းမလားပေါ့ မျက်နှာကို အကဲခတ်နေတဲ့ ဖေဖေကလဲမေးပါတယ်...သမီးဘာမှာဦးမလဲပေါ့..ဘယ်ရမလဲ ဖေဖေမေးလာမှတော့ ကျွန်မလဲ ခတ်တည်တည်နဲ့ ပြောချလိုက်ပါတယ်..
“ ဖေဖေ ခင်ဇာခြည်ကျော် စီကို တော့ မသွားနဲ့နော် ” တဲ့...........ကောင်းရော

.............................................................................................................

စိတ်ပူတက်တဲ့သူငယ်ချင်း

ကျွန်မမှာ လုပ်ဖော်ကိုင်ဖက်အတော်လေးရင်းနှီးတဲ့ မိတ်ဆွေတစ်ယောက်ရှိပါတယ်..၂ နှစ်ကျော်လောက်ပဲ လက်တွဲလုပ်လာသေးတယ်ဆိုပေမယ့် တစ်ယောက်နဲ့ တစ်ယောက် အတော်လေးနားလည်မှုရှိပြီး ဖေးမတက်ပါတယ်..အလုပ်မအားတဲ့ ကြားက တစ်ခါတစ်ခါ သူပြောတဲ့ ဟာသတွေနားထောင်ရင်း ကျွန်မမှာ အမောပြေသလိုရယ်..တစ်ရက် ကုန်အမှာစာတွေများလွန်းလို့ မအားပဲ တော်တော်လေး အလုပ်ရှုပ်တဲ့ရက်ပေါ့..
အလုပ်ထဲအားရုံစိုက်ရလွန်းလို့ ခေါင်းတောင်မမော့နိုင်ကြပါ တစ်ယောက်မျက်နှာလဲ တစ်ယောက်မကြည့်အားနဲ့ အလုပ်ပြီးဖို့ပဲ အာရုံစိုက်နေတုန်း သူက မေးလာပါတယ်.
ုkleine လို့သူက ကျွန်မကိုခေါ်လေ့ရှိပါတယ်..( အဓိပ္ပါယ်က အသေးလေး . အငယ်လေး . ပါ)
သူ “ အသေးလေး လူက မျောက်က ဆင်းသက်လာတာနော်”
ကျွန်မ“ သိဘူးလေ ပြောကြတာပဲ ဘာဖြစ်လို့လဲ”
သူ “ သြော် ငါစဉ်းစားမိတာတစ်ခု ရှိလို့ပါ”
ကျွန်မ“ ဘာစဉ်းစားမိလို့လဲ”
သူ “ ငါတို့ ဒီလို အလုပ်တွေ ခေါင်းမမော့နိုင်ကုန်းရုန်းလုပ်နေကြတာလေ နေ့တိုင်းနီးပါးဆိုတော့ဟာ တစ်နေ့ ဒီလို ကုန်းကုန်း ကုန်းကုန်းပုံစံမျိုးနဲ့ မျောက် များပြန်ဖြစ်သွားမလားလို့ပါဟာ”......

Friday, March 11, 2011

ဝဲကိုက်လို့

ခဏခြေရာဖျောက်ထားသည်..ဝဲလာကိုက်တာ နာသွားလို့ ..link လေးတွေဖြည်းဖြည်းခြင်းပြန်ချိတ်နေသည်..

Sunday, March 6, 2011

ဘာညာကွိကွ




စပ်မိစပ်ရာဘာရေးရမလဲ စဉ်းစားနေတာ..ရေးချင်တာတွေ အများကြီးရယ် တစ်ပတ်လုံးလဲမအား နားတဲ့ရက်တောင်အချိန်ပိုဆင်းပေးရ အလုပ်များလိုက်ပုံများ လူကိုတော်တော်လေး အီသွားတယ်..တော်သေးတာပေါ့မနက်ဖြန်နားလို့ ဒီနေ့ည စာဖတ်လိုက်စာရေးလိုက် လုပ်ခွင့်ရလိုက်တယ်..အလုပ်လုပ်ချိန်တော့ ဒါရေးမယ် ဟိုဟာရေးမယ်နဲ့ စဉ်းစားလိုက်တာ တကယ်ရေးမယ်လဲဆိုရော ပျင်းသွားတယ်..

ရာသီဥတုအကြောင်းစဉ်းစားမိတယ် အရှေ့က အနှုတ်ဂဏန်းလေးပျောက်သွားလို့ တော်တော်နွေးလာပြီလို့ထင်မိတယ်..အမလေး အလုပ်သွားခါနီးရှိုးအပြည့်နဲ့ ဘူတာရုံလဲရောက်ရော အဲ့မှာ စတွေ့တာပဲ အေးလိုက်တာ အေးလိုက်တာ နေရောင်ခြည်က ကရော်ကရော်လုပ်နေသလိုပဲ တိုက်လိုက်တဲ့လေ မုန်တိုင်းကျမှာလားအောက်မေ့ရတယ် နားရွက်တွေပါကိုက် ခေါင်းတွေလဲကိုက် လည်ပင်းက မာဖလာလဲမပါတော့ အေး..အီး ငိုချင်တယ်..လက်တောင်အပြင်မထုတ်ရဲဘူး ဟင်းစိတ်နာတယ် ဒီရာသီဥတုကို..အဲ့လိုစဉ်းစားနေတုန်း ကျောင်းသူလေးတွေ တွေ့လိုက်တယ် သူတို့များမအေးတာလား ဘာလားမသိဘူး..အောက်က အသားကပ်ပါးပါးလေးဝတ် ဂျာကင်ကို ရင်ဘတ်တောင်ဟထားလိုက်သေး..သူတို့မြင်တော့ ကိုယ့်ကျောင်းသူဘဝသတိရမိတယ်..ဒါပေမယ့် ဒီဥရောပမှာ ဘာကြောင့်ကျောင်းဝတ်စုံမထားတာလဲလို့တွေးမိတယ်..တို့များ ငယ်ငယ်ကဆို အဖြူ အစိမ်းလေးတွေဝတ်ပြီးကျောင်းသွားကြတာလို့ အားလုံးဆင်တူလေးတွေ ကျောင်းသားကျောင်းသူတွေ ဆိုတာ ကြည့်တာနဲ့ သိကြတယ်..ဒီမှာတော့ အားလုံးခွဲခြားမရ ကိုယ့်ရှေ့ကကျောင်းသူလေးဆို သေချာတယ် ၁၆ နှစ်အောက်ဆိုတာ ဒါပေမယ့် လက်သည်းအမဲရောင်ရှည်ရှည်နဲ့ မျက်လုံးလဲ မဲနေအောင်ဆွဲထားသေး ခါးမှာလဲ ဘာတွေပါလိမ့်..ဆံပင်က မျက်စိရှေ့တော်တော်လေးကွယ်နေ( ဟီး စပ်စုနေတာသူများကို)..အော်သူတို့ခေတ်နဲ့ သူတို့နိုင်ငံပဲလေနော် ...

ဒါနဲ့ရထားရောက်လာတော့ ရထားပေါ်တက် ...ဟဲ့ ဘာဖြစ်တာလဲ......“ရဲကိုခေါ်မြန်မြန်ခေါ်လေ ဘာလုပ်နေတာလဲ မြန်မြန်” အဲ့လိုအော်သံ အကျယ်ကြီးကြားလိုက်တာ လန့်သွားတာပဲ ..သေချာကြည့်မိမှ စိတ်သိပ်မနှံ့တဲ့ အမျိုးသမီးတစ်ယောက် ဝတ်ထားတာ ကောင်းကောင်းမွန်မွန်လေး ရုတ်တရက်ကြည့်ရင်ဘယ်လိုမှ မထင်ရ အင်း ဒါမျိုးဒီနိုင်ငံမှာ အများကြီးတွေ့ရတယ်..

မှတ်တိုင်ရောက်တော့ ဆင်း မြေအောက်ရထား(u bahn)စီးဖို့ဆင်း...ဘာတွေ့လဲဆိုတော့ ဓါတ်လှေကားပျက်နေတယ်...ဘာမှန်းမသိ ဒီနေရာမှာ ခဏ ခဏပျက်တာတွေ့ရတယ်..လူအသွားအလားများတဲ့နေရာကို ပျက်ရင်လဲ တစ်ရက်မက..အသက်ကြီးတဲ့သူတွေအတွက်ဒုက္ခ ပြီး မသန်မစွမ်းသူတွေ ကလေးတွန်းလှဲနဲ့ ကလေးမိခင်တွေ အကုန် ဒုက္ခရောက်ကြတာ ..

ကဲ u bahn လာတော့တက် အလုပ်သွားရမယ်လေ....

မလုပ်ချင်လဲမရဘူး ဟွန့် စိတ်ညစ်တယ် ...အလုပ်မှတ်တိုင်ရောက်တော့ဆင်း..ဟောနေ့တိုင်းမြင်ရတဲ့ မျက်နှာတွေ..တစ်ယောက်နဲ့ တစ်ယောက်ပြုံးပြ ဖိလစ်ပိုင်အမျိုးသမီးတစ်ယောက်နှုတ်ဆက်တယ်

မင်္ဂလာပါ” တဲ့..ဟော နောက်တစ်ယောက် သူကတူရကီကောင်လေး “မြန်မြန်”ဆိုပဲ..

သူတို့လဲ မြန်မာစကားတော်တော်လေး ရင်းနှီးနေလို့..

့ကိုယ်လဲ သူတို့ကို ပြန်နှုတ်ဆက်ရင်းပြောလိုက်တယ်..“ ဖြည်းဖြည်းပေါ့” လို့......