မပီပြင်တဲ့ ဝိုးတဝါး အရိပ်တွေရှိလဲ ဒီလမ်း ဆိုတာကိုတော့ လျှောက်နေရဆဲ..။
အခြေအနေတွေ ပြောင်းလဲ လာမှာပါဟု တွေးရင်း ပြောင်းလဲ ချင်စိတ်တွေလဲ ရှိနေခဲ့တာပါပဲ...။
လက်လှမ်းမှီသလောက် တော့ ကြိုးစားတယ်..။ တက်နိုင်သလောက် အားတင်းတယ်..။
ဖြစ်ချင်တာတွေ များနေတာတဲ့ အဲ့လို လဲ အပြောခံရဖူးတယ်..။
ရေတွက်ကြည့်လိုက်ရင် လက်ငါးချောင်းတောင် မပြည့်နိုင်တဲ့ မွတ်သိတ်တဲ့ အရာတွေကို ဆန္ဒလို့ ခေါ်မလား မသိဘူး..။
ကျော်လာလိုက်တဲ့ အချိန်တွေ ဘယ်လို ကုန်လို့ ကုန်သွားမှန်း မသိပေမယ့်.. ရည်ရွယ်ချက်တွေကတော့ မပီပြင်လာနိုင်သေး..။
နေ့ရယ် ညရယ် ရေမှတ်ရင်း...မနက်ဖြန်တွေ့မယ်လို့ နှုတ်ဆက်ကြရင်း..အလုပ်နားမယ့် ရက် မျှော်ရင်း..အမှန်က အသက်တွေ ကြီးလာနေတာလေ.။
အသက်မကြီးချင်ဘူးဆိုသူတွေရှိလဲ
နေ့ရက်ကို ကျော်လွန်ဖို့ အားသန်နေတာက ဖြစ်ချင်တာနဲ့
လမ်းကြောင်းလွဲနေတယ်ဆိုတာ..ရိပ်မိချင်မှလဲ ရိပ်မိပါလိမ့်မယ်..။
ခြေရာတွေ ပြန်လှည့်ကြည့်ရင်ပဲ ဖြစ်ဖြစ်...
ဒိုင်ယာရီ
ဟောင်းကို လှန်ကြည့်မိရင်ပဲ ဖြစ်ဖြစ် ..ကျေနပ်မှုတွေ
တစ်ဝက်စာရှိနေမယ်ဆိုရင်တောင် ဒါဟာ အသက်ရှင်ဖို့ လုံလောက်နေပြီ ထင်တာပါပဲ ...။
ဒါပေမယ့် ဒါဟာ လောကလေ...အကောင်းနဲ့ အဆိုး တစ်ဝက်စီ မရှိနိုင်တဲ့လောက
အမှားနဲ့ အမှန် တစ်ခြမ်းစီ ရပ်တည်မနေတဲ့ လောက
အဲ့ဒါ မမျှတခြင်းလို့ ခေါ်တဲ့ လောက...။
ဒီ လောကမှာပဲ သေသာ သေလိုက်ချင်တယ်လို့ အော်ညည်းမိသူတွေလဲ မနက်ဖြန်ကို မလွတ်တမ်း ဆုပ်ကိုင်ထားတယ်..။
မနက်ဖြန်ပြီး သွားရင်တော့ နောက်တစ်ခါ ထပ်ရောက်လာမယ့် မနက်ဖြန်အတွက် ဆုပ်ကိုင်ဖူးတဲ့ မနက်ဖြန်ကို လွတ်ချရတယ်..။
အဲ့ဒါ သင်္ခါရလို့ ခေါ်ပြန်တယ် တဲ့..။
ဟုတ်ကဲ့ အဲ့ဒီနောက်ကို တကောက်ကောက်လိုက်ရင်း တစ်ရက် ပြီး တစ်ရက် ကြီးလာတဲ့ အသက်အတွက် အသင့်တော့ဖြစ်ချင်ပါသေးရဲ့...။
မွေးနေ့ဆိုတဲ့ အဓိပ္ပါယ်ကိုတော့ လက်ဆောင်ရဖူးတဲ့ စာအုပ်တစ်အုပ်ထဲက အတိုင်း ချရေးရမယ် ဆိုရင်....
................
.............
.........
သေမယ့်ရက် တစ်ရက် နီးလာ၍
စိတ်ချ လက်ချ မပျော်နိုင်ပါ..........ဟူသတဲ့...........။ ။
အိမ်မက်စေရာ
၁၇.၀၂.၂၀၁၃
( မွေးနေ့ ၂၃.၀၂.၁၃ အတွက် ကြိုရေးထားတဲ့ ပို့စ်လေးပါ..မွေးနေ့ရောက်ရင် မရေးဖြစ်တော့မှာ သေချာလို့..)