Pages

Showing posts with label ခရစ်ယာန်အသက်တာ. Show all posts
Showing posts with label ခရစ်ယာန်အသက်တာ. Show all posts

Saturday, December 22, 2012

ခရစ်စမတ် သတင်းကောင်း


“ ကျေးဇူးတင်ပါသည် ကျေးဇူးတင်ပါသည်...
  ကျေးဇူးတင်ပါသည် အိမ်ရှင်များ.......
  ဟာ လေ လု ယာ......ဟာ လေ လု ယာ..
  ကျေးဇူးတင်ပါသည် အိမ်ရှင်များ....”

ခပ်ဝေးဝေးက သဲ့သဲ့ဝင်လာတဲ့ Christmas Carol နှုတ်ဆတ်တေးသီချင်းသံ ကြားတိုင်း ကျွန်မတို့အိမ်များရောက်လာမလား ဆိုတဲ့ အသိနဲ့ လှမ်းမဘက်ကို မျှော် မျှော်ငေးမိတယ်။ အိမ်ပေါက်ဝကနေ မီးအိမ်လေးကိုင်ပြီး တစ်ချက် ချက် လှမ်းကြည့်နေတဲ့ အဖေ့ကို ကြည့်ပြီး “ သမီးတို့ အိမ်ကိုရော လာမလား ဟင်” ဆိုပြီး ညီမလေးက မေးတယ်။ အမေ့ရဲ့ သက်ပြင်းချသံတိုးတိုးကို ကျွန်မ ကြားဖြစ်အောင် ကြားလိုက်တယ်။

ရပ်ကွက်နဲ့ အတော်လေး အလှမ်းဝေးတဲ့ နေရာမှာ ဆောက်ထားတဲ့ တဲလေးမို့ တော်ရုံ တန်ရုံဆို ဘယ်သူကမှ ကျွန်မတို့ နေတဲ့ဘက်ကို လာလေ့မရှိဘူး။ ကျွန်မတို့ အိမ်ဘေးမှာ ဆိုရင်လဲ  အိမ်ခြေမရှိတော့ဘဲ လယ်ကွင်းတွေ ပျိုးခင်းတွေသာ ရှိတယ်။ မြေကွက်ဝယ်စရာ မလိုတဲ့ နေရာမို့ ဒီအိမ်လေးမှာ ကျွန်မတို့ မိသားစု အဆင်ပြေသလို မလုံ တလုံတဲ လေး ထိုးပြီး နေကြတယ်။ ဆင်းရဲသားတွေမို့ တခြားသူများနဲ့လဲ သိပ်စကားမပြောရဲ။ ဝတ်စရာ အဝတ်အစားကောင်းကောင်း ရယ်လို့ မရှိတော့လဲ ရက်ကွင်းတွင်းက ဘုရားကျောင်းကို လဲ မသွားဖြစ်ကြဘူး။

ဒီဇင်ဘာလမို့ ညချမ်းအောင် အသဲခိုက်အောင် အေးလွန်းတယ်။ အဆင်ပြေသလို ဆောက်ထားတဲ့ ကျွန်မတို့ တဲလေးက အတော်အတန်လေးတော့ လုံခြုံမှုကို ပေးပါတယ်။ မိသားစုလေးယောက်အိပ်ဖို့ အိပ်ယာလေး ပြင်ဆင်ပြီး အမေက “ ကဲ ကဲ သမီးတို့ အိပ်တော့နော်” လို့ ပြောလာတယ်။ ကျွန်မနောက်ဆုံးအကြိမ် လမ်းမကို ခေါင်းလေး ပြူကြည့်မိတယ်။ ဘာသံမှ မကြားရတော့ဘူး။ သူတို့ သွားကြပြီ ထင်တယ်။ မျက်နှာလေး မသာမယာနဲ့ ညီမလေးက ကျွန်မ အနားမှာ ဝင်အိပ်တယ်။

အမေကျွန်မတို့နား ဝင်လာတယ်။ အဖေက မီးအိမ်ကို မှုတ်လိုက်တယ်...။
အဲ့ဒီအချိန် ခဏလေးမှာ မထင်မှတ်ထားတဲ့ အသံ တစ်ခု ကြားလိုက်ရတယ်..။
...........
............
..........
“ Merry Christmas to You..”
................
.........

ဆတ်ကနဲ ထထိုင်လိုက်တဲ့ ညီမလေး။ တစ်ကြိမ်ထဲမှာပဲ ကျွန်မလဲ ညီမလေးလက်ကို ဆွဲပြီး တဲပြင်ပြေးထွက်လာတယ်..။
............
“ Same to You..” 

ဆိုပြီး တစ်ခေါက် Sunday school တက်စဉ်က ဆရာမ သင်ပေးထားတဲ့ ပြန်လည် နှုတ်ဆက်တဲ့ စကားလုံးလေးကို တိုးတိုးလေး ပြောလိုက်တယ်..။

အဖေနဲ့ အမေလဲ ရောက်လာတယ်..။ အို အမေရယ်လေ မျက်ဝန်းမှာ မျက်ရည်တွေတောင် ဝဲလို့..။
အဖေက ဝမ်းသားလွန်းစွာ ပြုံးနေတယ်..။ ညီမလေးက ခုန်ပေါက်လို့လေ..။

“ ညီညာ သီဆိုကြ တေးသံဆုံ ကြူးအေးမယ် ပျော်ရွှင် စရာ ဒီလို မွေးနေ့မှာ.. ကိုယ်တော်ရှင် ဘုရား မေတ္တာတော် လွန်စွာ ကြီးမားလှ လွန်ခဲ့လာတဲ့ နှစ်ဟောင်းများ အတွင်းမှာ..
မွေးနေ့လက်ဆောင်အတွက် မက်မော ဖွယ်ရာ ရွှေ ငွေ များတို့ မပါ ဂုဏ်တော်ကိုသာ ချီးမွမ်း .. ထာဝစဉ်သာ အေးချးမ်းဖို့ရာ တုနှိုင်း မရတဲ့ သူ့မေတ္တာ......................
..............................”
.....................
...................

သီချင်းသီဆိုပြီးတဲ့ အချိန်မှာဆရာက အိမ်ရှင်တွေ အတွက်ဆုတောင်းပေးတယ်..။ အားလုံးလက်ဆွဲ နှုတ်ဆက်ကြရင်း ကျွန်မတို့ပေးစရာ အလှူငွေမရှိလို့ စိတ်အားငယ်မိတယ်..။ အဲ့ဒီခဏမှာပဲ Sunday school ဆရာမက အမေ့လက်ထဲကို ခရစ်စမတ်လက်ဆောင် အထုပ်လေး လာပေးတယ် ပြီးတော့ ကျွန်မတို့ စားဖို့ မုန့်တွေ ပေးတယ်..။ ကျွန်မတို့ မိသားစု ဆိုတာလေ အံ့သြဝမ်းသာလွန်းလို့ ကျေးဇူးတင်စကားတွေကို ပြောလို့ မဆုံး..။ ကလေးတွေကို Sunday school မှန်မှန်လာခိုင်းပါ..အမတို့ မိသားစုလဲ ဘုရားကျောင်းကို လာတက်ပါနော် ဆိုပြီး အားလုံးက ဖိတ်ခေါ်တယ်..။

တရွေ့ရွေ့နဲ့ ထွက်သွားတဲ့ သီချင်းဆို အဖွဲ့ကို ကြည့်ပြီး ကျွန်မတို့ မိသားစု စကားလေးတစ်ခွန်းကို ပြိုင်တူဆိုသလိုလေး ရေရွတ်မိတယ်..။

“ ကျေးဇူးတင်ပါတယ် အဖ”

..............



အေးချမ်းတဲ့ ဆောင်းညတစ်ခုမှာ ဆင်းရဲတဲ့ နွားတင်းကုပ်ထဲ သခင်ယေရှု ဖွားမြင်လာခဲ့တာ လူသားတွေကို ကယ်တင်ဖို့ သက်သက်ပါ..။ ဒီသတင်းကောင်းကို ကမ္ဘာသူ ကမ္ဘာသားများ သိစေဖို့ ကျွန်မတို့ ပြောကြားရမှာပါ..။ 

 သခင်ယေရှု ဖွားမြင်ရာ ခရစ်စမတ်ချိန်မှာ ကျွန်မတို့ လူသားအချင်းချင်း လက်ဆောင်ပေးဖို့ နှုတ်ခွန်းဆက်သကြဖို့ မမေ့လျော့သလိုမျိုး မွေးနေ့ရှင် ဖြစ်တဲ့ သခင်ယေရှု ကိုလဲ လက်ဆောင်တစ်စုံ တစ်ရာလက်ဆောင်ပေးဖို့ မမေ့လျော့ ကြပါနဲ့လို့ ယုံကြည်သူ မယုံကြည်သူ အယောက်စီတိုင်းကို မျှဝေပြောကြားလိုပါတယ်.။

“ ငါသည် သင်တို့ကို ချစ်သည့်နည်းတူ သင်တို့ အချင်းချင်း ချစ်ကြလော့ ” 
“ ကိုယ်နှင့် သက်ဆိုင်သူကို ကိုယ်နှင့် အမျှ ချစ်လော့”

ချစ်ခြင်း မေတ္တာဟာ ဘုရားသခင်က တစ်ပါးတည်းသောသားတော်ကို လက်ဝါးကပ်တိုင်မှာ အသတ်ခံစေပြီး သက်သေပြတဲ့ လူသားများအပေါ်ထားတဲ့  ကြီးမားလှတဲ့အရာပါ..။ ဒါကြောင့် သခင်ယေရှု မှာကြားခဲ့သလို ကျွန်မတို့ နဲ့ သက်ဆိုင်တဲ့ သူအများအပေါ်မှာ ဆင်းရဲ ချမ်းသာမရွေး ချစ်ခင်ကြင်နာဖို့ နဲ့ အားငယ်သူကို ဖေးဖကူညီဖို့ ဒီစာလေး အားဖြင့် တိုက်တွန်းလိုပါတယ်..။

အယောက်စီတိုင်း အပေါ်မှာ ဘုရားသခင် ကောင်းချီးပေးပါစေ...........!!!


အိမ်မက်စေရာ
၂၂.၁၂.၁၂





Sunday, March 11, 2012

ခေါင်းဆောင်နှင့် ဆရာကြီး ( Sunday post )

ဒီနေ့ တနင်္ဂနွေ နေ့လေးမှာ ယုံကြည်သူတို့ ခွန်အားရစရာ အကြောင့်းနှင့် တခြား သူတို့အားလဲ ခွန်အားနှင့် ဗဟုသုတ အသိပညာ ရစရာ အကြောင်း အဖြစ် ဒီပို့စ်လေး ကို မုရန် မဂ္ဂဇင်းမှ တဆင့် ပြန်လည် ကူးယူ ဝေမျှလိုက်ပါတယ်...ပျော်ရွှင် အေးချမ်းဖွယ် တနင်္ဂနွေ ဖြစ်ပါစေ။


ခေါင်းဆောင်နှင့်ဆရာကြီး

ဒီဆောင်းပါးရဲ့ ခေါင်းစဉ်ကို ဆီလျော်အောင် ဘာသာပြန်ဆိုရရင် ခေါင်းဆောင်ဖြစ်ပါ ဆရာကြီးမလုပ်ပါနဲ့ ဆိုတဲ့အဓိပ္ပါယ်ပေါ့။ ခေါင်းဆောင်ဆိုတာ ရှေ့ကနေတယ်၊ ဆရာကြီးကတော့
နောက်ကနေတတ်တယ်။ ခေါင်းဆောင်ဆိုတာအောက်ကနေတယ်၊ ဆရာကြီးကတော့အထက်မှာနေတာ အဓိပ္ပါယ်ကအဲဒီလိုကွာပါတယ်။ခေါင်းဆောင်ရဲ့အရည်အသွေးက "ဟေ့အားလုံးအပေါ်ရောက်ပြီလား၊ လူစစ်ရအောင်" လူစုံပြီဆိုမှကားပေါ်နောက်ဆုံးတက်တဲ့လူ။ "ဟေ့ အားလုံးစားပြီးပြီလား၊ လောက်ငှရဲ့လား အားလုံးဝပြီ "ဆိုမှသူစားတတ်တယ်။ မပိုရင်မကျန်ရင် သူမစားဘူးအငတ်ခံတယ်။ အားလုံးအိပ်ပြီဆိုမှ သူအိပ်တယ်၊ဘယ်သူမှမနိုးခင် သူအရင်ထတယ်။ဆရာကြီးကတော့ "ဟေ့ ခေါင်းခန်းကငါ့နေရာပြောထားစမ်း ဘယ်သူမှ အဲဒီမှာမထိုင်စေနဲ့" ဆိုပြီးအခန့်သား တက်ထိုင်နေတတ်သူ။ အိမ်ဦးခေါင်းဆောင်နှင့် ဆရာကြီးခန်းမှာနေရာပေးပြီး စားဦးစားဖျားကျွေးမှကျေနပ်တတ်သူ။ ငါအိပ်နေရင် ဘယ်သူမှလာ
မနှောက်ယှက်စေနှင့် မနက် ၈ နာရီမှငါ့ကိုလာနိုးစမ်းလို့ အမိန့်မျိုးတွေ ပေးတတ်သူပေါ့ (အသက်ကြီးသူတွေအတွက် ချွင်းချက်ရှိပေမဲ့ လူငယ်လရွယ်တွေအတွက်မှာတော့ ဒီစရိုက်တွေရှိနေရင်အလားအလာမကောင်းဘူးပေါ့)။

သာမာန် ရဲဘော်လေးဘဝကနေ ခေါင်းဆောင်ကြီးဖြစ်လာခဲ့တဲ့ဧကရာဇ် နပိုလီယံဘိုနာဘတ်(၁၇၉၆-၁၈၂၁) က Soldiers Win Battles and Generals Get Credits "စစ်သားများသည်စစ်ပွဲများအောင်နိုင်ကြပြီး ဗိုလ်ချုပ်ကြီးများသည်ဂုဏ်ကိုရရှိကြသည်" လို့ပြောခဲ့ပါတယ်။ သူဘာကြောင့် ဒီလိုပြောသလဲဆိုတော့ သူဟာ တိုက်ပွဲတွေမှာရှေ့ကဦးစီးပြီးကိုယ်တိုင်ခေါင်းဆောင်အဖြစ်နှင့် တိုက်ခိုက်ခဲ့လို့ပါဘဲ။ ကမ္ဘာတစ်ခြမ်းနီးပါးကို သူသိမ်းပိုက်နိုင်ခဲ့ဘူးပါတယ်။ဒီသဘောမျိုးကိုဘဲ အမေရိကန် ဘဏ်လုပ်
ငန်းရှင်ကြီး ရစ်ချတ်ပီကူးလေး(၁၉၂၃- )က "Leadership is an action. Not a word "(ခေါင်းဆောင်မှုသည်အလုပ်တစ်ခုဖြစ်သည်၊စကားတစ်လုံးမဟုတ်ပေ)လို့ ရှင်းပြခဲ့ဘူးတယ်။ ကဲအနာဂတ်ရဲ့သာသနာဟာလူငယ်တွေရဲ့လက်ထဲမှာလုံးလုံးရှိနေတယ်လို့ ကြွေးကျော်နေကြတဲ့ ယနေ့ခေတ်လူငယ်တွေ၊ "ယနေ့လူငယ် နောင်ဝယ်လူကြီး" ဆိုတော့ကာ အခုကတည်းက ဒီအဓိပ္ပါယ်နှစ်ခုကို ကွဲကွဲပြားပြားခွဲခြားတတ်ပြီး နားလည်ထားဘို့တော့ လို ပါလိမ့်မယ်။ငယ်စဉ်ဘဝကတည်းက ရေသာခိုအချောင်လိုက်တဲ့စိတ်ဓါတ်ရှိသူတွေဟာကြီးလာတဲ့အခါမှာလည်း တာဝန်ယူတတ်တဲ့စိတ်မရှိဘဲ ခေါင်းရှောင်တတ်တဲ့လူစားမျိုးဖြစ်လို့နေတတ်သလို၊ ဖြစ်ကတတ်ဆန်းနေတတ်တဲ့ကလေးမျိုးဟာဘယ်အရာပေါ်မှာမှလေးနက်မှုမရှိသူ့ဖြစ်လာတတ်ပါတယ်။

လူပေါ်လူဇော်လုပ်တတ်တဲ့ဗီဇစရိုက်ပါတဲ့သူငယ်တွေဟာကြီးလာတော့ဆရာကြီးပဲလုပ်ချင်တဲ့လူပေါ်ကြော့တွေဖြစ်လာခဲ့ရတာပေါ့။သာသနာလောကကိုသုံးသပ်မယ်ဆိုရင်ဘာသာ ရေးလောကမှာ လူပေါ်လူတော်လုပ်ချင်လို့ကြိုးစားတဲ့လူမျိုးနှင့်ခရစ်တော်ကိုကယ်တင်ပိုင်ရှင်အဖြစ်လက်ခံပြီးခရစ်တော်ကိုချစ်လို့ကြိုးစားတဲ့ လူမျိုးဆိုပြီးနှစ်မျိုးတွေ့ရလိမ့်မယ်။ ကြိုးစားအားထုတ်ကြတာချင်း တော့တူပါတယ်၊ ဒါပေမဲ့ရည်ရွယ်ချက်ကမတူပါဘူး။ တစ်ယောက်ကဆရာကြီးလိုင်း၊ တစ်ယောက်က ခေါင်းဆောင်လိုင်းပေါ့။ ဒီလိုဆို ဆရာသမား ဆိုတာမျိုး မရှိရတော့ ဘူးလားလို့ မေးစရာရှိမယ်။(ရှိ ပါတယ်)ရှိရပါမယ်။ သမားဂုဏ်မြောက်တဲ့ အရည်အသွေးမျိုးရှိဘို့ မကျိုးစားဘဲနဲ့ ဆရာကြီးလုပ်ချင်တဲ့စိတ်ဓါတ်မျိုးကိုသာ ပြောတာပါ။

သမ္မာကျမ်းစာထဲမှာခရစ်တော်က ခေါင်းဆောင်ကောင်းတစ်ယောက်ပီသစွာ ဘယ်လို နေထိုင်ပြုမူအသက်ရှင်ရသလဲဆိုတာကို ကိုယ်တိုင်ကမ္ဘာလောကထဲ လူ့ဇာတိခံယူဆင်းတက်လာပြီး သရုပ်ပြ သွားခဲ့တာကို အတိအလင်းတွေ့နိုင်ပါတယ်။ ဒါကြောင့် ဘုရားမဲ့ဝါဒီတွေဖြစ်တဲ့ ကွန်မြူနစ်တွေကတောင် သခင်ယေရှုကို ဒီလိုထောက်ခံ
ခဲ့ပါတယ်"အပြောနဲ့အလုပ် တစ်ထပ်တည်းကျတဲ့ ရဲဘော်ယေရှု ကိုတော့ကျုပ်တို့လေးစားတယ်ဗျာ"တဲ့။ သူတို့ဟာ သခင်ယေရှုကိုဘာ့ကြောင့် လေးစားပြီးအမှတ်ပြုရသလဲဆိုတော့ ဂုဏ်ယူ လေးစားအတုယူဖွယ်ကောင်းသော လုပ်ဆောင် မှုတွေကို ကိုယ်တိုင်လက်တွေ့သက်သေပြသ သွားခဲ့လို့ဘဲပေါ့။ သခင်ယေရှုရဲ့အဆိုအမိန့်က


ရှင်မဿဲ၂၀း၂၅-၂၈မှာ

"လောကီမင်းတို့သည် အစိုးတရပြုတတ်ကြ၏ အကဲအမှူးတို့သည် အာဏာထားတတ်ကြ၏။ သင်တို့မူကား ထိုသို့ မပြုကြနှင့် လူသားသည် သူများကိုစေစား
ခြင်းငှာမလာ သူတစ်ပါးကိုအစေခံခြင်းငှာ၎င်း၊မိမိ အသက်ကိုစွန့်၍ လူများကိုရွေးခြင်းငှာ၎င်း ကြွလာသည်ဖြစ်၍ "

ဒီ အဆိုအမိန့်ဟာ ရာစုပေါင်း (၂၁) ရာစုထိတိုင်ခဲ့ပြီဖြစ်ပေမဲ့ အသက်ဝင်နေဆဲ ကမ္ဘာကျော်နေဆဲဖြစ်တဲ့ မေတ္တာနှင့်စပ်ဆိုင်သော ခေါင်းဆောင်ကောင်း ခရစ်တော်ရဲ့ မိန့်ခွန်းတစ်ခုပါဘဲ။ ဒါကြောင့်အနာဂတ်သာသနာကိုခေါင်းဆောင်မဲ့ (ယနေ့ခရစ်ယာန်လူငယ်တွေ)ခေါင်းဆောင်နှင့် ဆရာကြီးဆိုတာ ဆင်သယောင်နှင့်မတူကြောင်း လွန်စွာကွဲပြားခြားနားကြောင်းကို
သဘောပေါက်သင့်လှပါတယ်။လူ့သဘာဝစိတ်မှာ ဩဇာပေးမဲ့သူကို ဘယ်သူမှအလိုမရှိ ၊ ခေါင်းဆောင်ကောင်းကိုတော့ လူတိုင်းအလိုရှိကြပါတယ်။ ဒီသဘောကိုသိတဲ့
ခရစ်တော်က

ယော ၁၃း၁၄-၁၇ မှာ

"ငါသည် သခင်ဖြစ်လျှက် အရှင်ဘုရားလည်းဖြစ်လျှက်နှင့် သင်တို့၏ခြေကိုဆေးလျှင်"

သူ့နောက်လိုက်တပည့်တော်တွေကို သူဖြစ်စေချင်တဲ့ပုံစံဟာ ဘာလဲဆိုတာကို ပါးစပ်နှင့်မပြော(အမိန့်မပေးဘဲ) ကိုယ်တိုင်လက်တွေ့လုပ်ဆောင်ပြရင်း ခေါင်းဆောင် သင်ခန်းစာကို သွန်သင်ခဲ့ပါတယ်။

ဒါကြောင့် ....
ဆရာကြီးဆိုတာ အရာရာမှာသူကျွမ်းတယ်
ခေါင်းဆောင်က အမှားကိုဝန်ခံတယ်။
ဆရာကြီးက လုပ်ရမှာကိုပြောတယ်
ခေါင်းဆောင်က လုပ်ပြတယ်။
ဆရာကြီးက အပြစ်ရှာတယ်
ခေါင်းဆောင်က အကြံပြုတယ်။
ဆရာကြီးက အပြောနဲ့စတယ်
ခေါင်းဆောင်က နားထောင်ခြင်းနဲ့စတယ်။
ဆရာကြီးက အမိန့်ပေးတယ်
ခေါင်းဆောင်က လမ်းညွန်ပြတယ်။
ဆရာကြီးက အရိုအသေကြိုက်တယ်
ခေါင်းဆောင်က ရိုသေထိုက်တယ်။
ဆရာကြီးက စည်းမျဉ်းနှင့်အုပ်ချုပ်တယ်
ခေါင်းဆောင်က မေတ္တာဂရုဏာကိုရှေးရှုတယ်။

ဒီတော့- ခေါင်းဆောင်လုပ်ပါ ဆရာကြီးမလုပ်ချင်ပါနှင့်။

တင်အောင်လွင်(Exodus)

ဝန်ခံချက်။ ။ Aroma မဂ္ဂဇင်းမှ ကောက်နုတ်ချက်၊၊ JBC ၀ိညာဉ်သစ် ၂၀၀၉ မှတဆင့် ထပ်မံဖေါ်ပြပါသည်။