Pages

Showing posts with label အမှတ်တရ. Show all posts
Showing posts with label အမှတ်တရ. Show all posts

Sunday, February 17, 2013

မွေးနေ့ >> ....... >> သေနေ့


မပီပြင်တဲ့ ဝိုးတဝါး အရိပ်တွေရှိလဲ ဒီလမ်း ဆိုတာကိုတော့ လျှောက်နေရဆဲ..။
အခြေအနေတွေ ပြောင်းလဲ လာမှာပါဟု တွေးရင်း ပြောင်းလဲ ချင်စိတ်တွေလဲ ရှိနေခဲ့တာပါပဲ...။
လက်လှမ်းမှီသလောက် တော့ ကြိုးစားတယ်..။ တက်နိုင်သလောက် အားတင်းတယ်..။
ဖြစ်ချင်တာတွေ များနေတာတဲ့ အဲ့လို လဲ အပြောခံရဖူးတယ်..။
ရေတွက်ကြည့်လိုက်ရင် လက်ငါးချောင်းတောင် မပြည့်နိုင်တဲ့ မွတ်သိတ်တဲ့ အရာတွေကို ဆန္ဒလို့ ခေါ်မလား မသိဘူး..။
ကျော်လာလိုက်တဲ့ အချိန်တွေ ဘယ်လို ကုန်လို့ ကုန်သွားမှန်း မသိပေမယ့်.. ရည်ရွယ်ချက်တွေကတော့ မပီပြင်လာနိုင်သေး..။
နေ့ရယ် ညရယ် ရေမှတ်ရင်း...မနက်ဖြန်တွေ့မယ်လို့ နှုတ်ဆက်ကြရင်း..အလုပ်နားမယ့် ရက် မျှော်ရင်း..အမှန်က အသက်တွေ ကြီးလာနေတာလေ.။
အသက်မကြီးချင်ဘူးဆိုသူတွေရှိလဲ နေ့ရက်ကို ကျော်လွန်ဖို့ အားသန်နေတာက ဖြစ်ချင်တာနဲ့ လမ်းကြောင်းလွဲနေတယ်ဆိုတာ..ရိပ်မိချင်မှလဲ ရိပ်မိပါလိမ့်မယ်..။
ခြေရာတွေ ပြန်လှည့်ကြည့်ရင်ပဲ ဖြစ်ဖြစ်...
ဒိုင်ယာရီ ဟောင်းကို လှန်ကြည့်မိရင်ပဲ ဖြစ်ဖြစ် ..ကျေနပ်မှုတွေ တစ်ဝက်စာရှိနေမယ်ဆိုရင်တောင် ဒါဟာ အသက်ရှင်ဖို့ လုံလောက်နေပြီ ထင်တာပါပဲ ...။
ဒါပေမယ့် ဒါဟာ လောကလေ...အကောင်းနဲ့ အဆိုး တစ်ဝက်စီ မရှိနိုင်တဲ့လောက
အမှားနဲ့ အမှန် တစ်ခြမ်းစီ ရပ်တည်မနေတဲ့ လောက
အဲ့ဒါ မမျှတခြင်းလို့ ခေါ်တဲ့ လောက...။
ဒီ လောကမှာပဲ သေသာ သေလိုက်ချင်တယ်လို့ အော်ညည်းမိသူတွေလဲ မနက်ဖြန်ကို မလွတ်တမ်း ဆုပ်ကိုင်ထားတယ်..။
မနက်ဖြန်ပြီး သွားရင်တော့ နောက်တစ်ခါ ထပ်ရောက်လာမယ့် မနက်ဖြန်အတွက် ဆုပ်ကိုင်ဖူးတဲ့ မနက်ဖြန်ကို လွတ်ချရတယ်..။
အဲ့ဒါ သင်္ခါရလို့ ခေါ်ပြန်တယ် တဲ့..။
ဟုတ်ကဲ့ အဲ့ဒီနောက်ကို တကောက်ကောက်လိုက်ရင်း တစ်ရက် ပြီး တစ်ရက် ကြီးလာတဲ့ အသက်အတွက် အသင့်တော့ဖြစ်ချင်ပါသေးရဲ့...။
မွေးနေ့ဆိုတဲ့ အဓိပ္ပါယ်ကိုတော့ လက်ဆောင်ရဖူးတဲ့ စာအုပ်တစ်အုပ်ထဲက အတိုင်း ချရေးရမယ် ဆိုရင်....
................
.............
.........
သေမယ့်ရက် တစ်ရက် နီးလာ၍
စိတ်ချ လက်ချ မပျော်နိုင်ပါ..........ဟူသတဲ့...........။ ။

အိမ်မက်စေရာ
၁၇.၀၂.၂၀၁၃

 ( မွေးနေ့ ၂၃.၀၂.၁၃ အတွက် ကြိုရေးထားတဲ့ ပို့စ်လေးပါ..မွေးနေ့ရောက်ရင် မရေးဖြစ်တော့မှာ သေချာလို့..)

Monday, December 31, 2012

လှည့်ကြည့်ရင်း နှုတ်ဆတ်မိတဲ့ ၂၀၁၂( တဂ်ပို့စ် )

ဒီပို့စ်လေးကို ဒီနေ့မှ မရေးရင် မမှီတော့ဘူး..
ဒါတောင် မြန်မာနိုင်ငံမှာ နှစ်ကူးခါနီးပေါ့..
ဂျာမနီမှာတော့ နဲနဲ လိုသေးတယ်..
ဒီနှစ် တဂ် တဲ့ပို့စ် နောက်နှစ်မှရေးမယ်ဆိုရင်တော့ မဖြစ်သေးဘူးလေ..နော့

ကဲ ကဲ မောင်ဘုန်း( ကောင်းကင်ဖြူ ) ရဲ့ တဂ်ပို့စ်လေး အတိုင်း ၂၀၁၂ ကို ခဏလေး နောက်ပြန်လှည့်ကြည့်လိုက် ဦးမှ...

အပ်ချလောင်း...
ငါဘာတွေ လုပ်ခဲ့ပါလိမ့် ?
ဘာတွေ ဖြစ်ခဲ့ပါလိမ့် ?
ကောင်းတာတွေလား မကောင်းတာတွေလား ?
တိန်........ဘာမှ မမှတ်မိတော့ဘူး..မောင်ဘုန်းရေ ဘယ်လို လုပ်မတုန်း ????

မဖြစ်သေးပါဘူး..ဟိုကြည့် ဒီရှာနဲ့ နောက်ဆုံး ကိုယ့်ဘလော့ဂ်လေးပဲ ကိုပြန်ကြည့်တော့ တရေးရေးလေး ပေါ်လာတယ်..
အမှန်က ၂၀၁၂ မှာ မှာ ဖြစ်ပျက်သမျှ အရာ တော်တော်များများကို တမင်တကာရော မတော်တဆပါ ရောပြီး မေ့ချင်ယောင်ဆောင်ခဲ့တာပါ...း)

၂၀၁၂ ဇန်နဝါရီ

အော် နှစ်သစ်ပေါ့..မြစ်ကမ်းနဘေးမှာ နှစ်သစ်ကူးပြီး..ပျော်စရာလေးတွေပဲ ရွေးပြီး တွေးဖြစ်နေသေး..


၂၀၁၂ . ဖေဖေါ်ဝါရီ


နိုင်ငံရပ်ခြားကို အပျော်ခရီးထွက်ဖူးတာ မထမ အကြိမ်ပေါ့ လုံးဝအပျော်သက်သက် Holiday အနေနဲ့ ပြင်သစ်ကို ရောက်ခဲ့တယ်..စိတ်ထဲမှာ အရမ်းကို တွေ့ချင်နေတဲ့ Eiffel မျှော်စင်ကြီးကို တမေ့တမော ငေးကြည့်ခဲ့တယ်..







၂၀၁၂ မတ်လ

အရင်က ခင်မင်ရင်းနှီးဖူးတဲ့ သူငယ်ချင်းကို ရုတ်တရက် ပြန်ရှာတွေ့ခဲ့တယ်...တာရာပွကြီးနဲ့တူလွန်းတဲ့ သူငယ်ချင်းပေါ့..






၂၀၁၂ ဧပရယ်လ်

စိတ်ကျန်းမာရေး အခြေအနေ တော်တော် ဆိုးတယ်.. နှလုံးသားရေးရာ အဆင်မပြေဘူး...စိတ်ညစ်စရာတွေ ဆက်တိုက်ကြုံပြီး သောကတွေ များတဲ့ လ ပေါ့...သိပ်မုန်းတယ်...ဘယ်လိုနည်းနဲ့မှ မမေ့နိုင်စရာ အခြေအနေတွေ စတင် ကြုံလတဲ့ အချိန်တွေပေါ့..






၂၀၁၂ မေလ

 ဟ ဟ မှတ်မှတ်ရရ ..အဲ့ဒီလမှာ ဝက်သက်ပေါက်တယ် ..ဒီအရွယ်ကြီးရောက်မှ...ရှက် ရှက်..ဒါပေမယ့် အဲ့ဒါ သိပ်အန္တာရယ်ကြီးတယ် လို့ ဆရာဝန်က ပြောတယ်..အချိန်မှီ ဆေးခန်းရောက်လို့သာပေါ့..








၂၀၁၂ ဇွန်လ

ဒီနှစ်အတွက် အကြိုက်ဆုံး ပို့စ်လေး ရေးဖြစ်တယ်...စိတ်ကူးယဉ်ဆန်ပေမယ့် နူးညံ့တယ်လို့ ခံစားရပြီး ရင်ထဲမှာ စွဲစွဲလန်းလန်းလေး ဖြစ်ခဲ့တဲ့ပို့စ်လေး..အရမ်းကြိုက်တယ်...း)


၂၀၁၂ ဂျူလိုင်
 
အဲ့ဒီအချိန် စိတ်ဓါတ်တွေ တဖြည်းဖြည်း ကျဆင်းနေတဲ့အချိန်.. တစ်ခုခုကို ဆုံးဖြတ်ရ ဝေခွဲရခက်နေတဲ့အချိန်..အမှားကို အမှားနဲ့ တုန့်ပြန်ဖို့ ကြိုးစားနေတဲ့အချိန်..ဒဏ်ရာကို နည်းလမ်းမှားနဲ့ ကုစားမိတဲ့အချိန်..လူတွေကို မှားယွင်းစွာ ယုံကြည်မိရင်း..ယုံကြည်မှုကို အလွဲသုံးစားလုပ်ခြင်းကို မခံမရပ်နိုင် နာကျင်မဆုံးဖြစ်တဲ့ အချိန်ပေါ့..း(






၂၀၁၂ သြဂုတ်

ကမ္ဘာပျက်တဲ့လ..
ပြင်ပ ကမ္ဘာကြီးကတော့ အကောင်းအတိုင်းပါ..ဒါပေမယ့် ကိုယ့်ရဲ့ ကမ္ဘာကတော့ အစိတ်စိတ် အမွှာမွှာ..ရင်ထဲကလဲနာ..အသားတွေလဲနာ..
ကိုယ့်ကိုယ်ကိုလဲ မုန်း..လူတွေကိုလဲမုန်း..
နေစရာ နေရာမရှိ....သွားစရာ နေရာ မဲ့တဲ့လ..သေတဲ့ထိ မမေ့နိုင်တော့မယ့် ဒဏ်ရာတွေ ပေးခဲ့တဲ့လ..အိပ်နေရင်းတောင် ခဏ ခဏ လန့်နိုးရတယ်..အရာရာကို ကြောက်ရွံစိတ်အားငယ်စွာ နေ့ရက်တွေကို ခက်ခဲ တကြီးဖြတ်သန်းခဲ့ရတဲ့ အချိန်တွေပေါ့...


၂၀၁၂ စက်တင်ဘာ


တစ်ခုခု ပြောင်းလဲဖို့ မောမန်းတကြီး ကြိုးစားနေတယ် .. ကူညီမယ့်သူ အားပေးမယ့်သူ တစ်ဦးတလေ တောင် မရှိတဲ့ နေရာမှာ ..ဒုက္ခရောက်ပြီ ဆို သိပ်ကြောက်စရာကောင်းတယ်..ပုံမှန်အသက်ရှူ နေပေမယ့် .အသက်ရှူသံတွေ ပုံမမှန်တော့ဘူး...



၂၀၁၂ အောက်တိုဘာ

အသိုက်လေးတစ်ခု ရှာတွေ့ခဲ့တဲ့..ကိုယ်ပိုင် ဖန်တီးခဲ့တဲ့ အသိုက်လေးပေါ့..အရာတော်တော်များများ   ပေးဆပ်ပြီးတော့   နေရာသေးသေးတစ်ခု ဖြစ်လာခဲ့တယ်..အခက်အခဲတွေကြားက ကြိုးစား ရရှိခဲ့တာမို့ တန်ဖိုးကြီးလွန်းတယ်..လက်ထဲမှာ ရှိတဲ့ ဘဏ်ကဒ်လဲ အနှုတ်ပဲ တွေ့ရတော့တယ်..ဒါမေပယ့် ကိုယ် အရှုံးမပေးခဲ့ဘူး...


၂၀၁၂ နိုဝင်ဘာ

ကိုယ့်နာမည်ပါဝင်တဲ့ စာအုပ်လေး တစ်အုပ်တွေ့တယ်..လူတစ်ယောက်က ကိုယ့်အကြောင်းကို ရေးထားတယ်..စိတ်ကူးယဉ်ဇာတ်လမ်းလေး တစ်ပုဒ် ..သို့ပေမယ့် ကိုယ့်အကြောင်းတွေ တော်တော် များများ ပါဝင်နေတယ်...အမှတ်တရပါပဲ..My Life With A Soul တဲ့..



၂၀၁၂ ဒီဇင်ဘာ

ခရစ်စမတ်အချိန် နဲ့ မေမေ့မွေးနဲ့ တူညီတဲ့လ..အလုပ်မှာ အလုပ်အရမ်းများတဲ့လ..ခွင့်မပေးလို့ ခါးနာတယ်ဆိုပြီး ဆေးခန်းပြလိုက်တာ တကယ့်ကို ခါးက ပုံမမှန်လို့ ဆေးတွေ သောက်လိုက်ရတယ်..ပြီးတော့ ပထမဆုံး သီချင်းဆိုဖူးတာ ကရင်နှစ်သစ်ကူးမှာ ၃၀.၁၂.၁၂ ပေါ့.အစီအစဉ် ကြေငြာသူလဲ လုပ်လိုက်သေး.ကောင်မလေးချစ်စရာလေး ဆိုပြီး ပြောကြတယ်တဲ့..တဆင့်ပြန်ကြားရတယ် ဟိ ဟိ..ဟော မနက်ဖြန် ဆိုရင်ပဲ ၂၀၁၃ ရောက်တော့မယ်..အသက်လဲ တဖြည်းဖြည်း ကြီးလာပါပြီ..နောင်ရေးအတွက် တွေးတွေး ပြီး ရင်လေးလာတယ်..သေရင်ပါသွားဖို့ ဘာမှ အဆင်သင့် မရှိသေးပါလားလို့ တွေးမိတယ်.. အပြောင်းအလဲ လေးတွေ ကြုံခဲ့မယ် ဆိုရင်ပေါ့ ၂၀၁၃ မှာ ကောင်းသောပြောင်းလဲ ခြင်းပဲ ဖြစ်ချင်ပါတယ်..





အားလုံး အားလုံး    HappY NeW YeaR...!!!!!!!!!!!


အိမ်မက်စေရာ
၃၁.၁၂.၁၂