Pages

Saturday, August 3, 2013

အဖိုးတန်သူများ ကြား အနေခက်လှ

အုပ်စုဖွဲ့ နေထိုင်တက်သူများ သည် တစ်ဦး တစ်ယောက်တည်း နေရမှာ ကို ကြောက်ရွံ့သူများလေလော...။
တစ်စုံ တစ်ရာ ကြုံတိုင်း၊ အရေးကိစ္စရှိလေတိုင်း အုပ်စုဖွဲ့ကာ ကိုယ့်အုပ်စုမှ ကိုယ့်အုပ်စု ဖြစ်နေတက်ကြသော အသိုင်းအဝိုင်းများ မြင်ရဖန်များ လာသော အခါ ကိုယ်တိုင်ကပဲ လူမှုပတ်ဝန်းကျင် အသိုင်းအဝိုင်း အပြင်ဘက်ရောက်နေသူလား ဟု ထင်ရောင် ထင်မှား ဖြစ်လာ ကာ ချက်ခြင်းကြီးပဲ ပြောင်းလဲ ပစ်လိုက် ရတော့မလို..။

အမှား အမှန် မခွဲခြားခင်၊ အဆိုးဝါးဆုံး ကြုံတိုင်း လူဦးရေများ သူများ အနိုင်ရတက်ပါသလား..။
အမှန်တရားဟာ များပြားလှတဲ့ လူဦးရေကြားထဲမှာ အရောင်လွင့်ပြယ်တက်သော ပန်းချီကား တစ်ချပ်လေလား..။

သူတပါး၏ ကိုယ်ကျင့်သိက္ခာတရားကို အကြောင်းမဲ့စော်ကားတက်သူများ အတွက် ဤမြေပြင်မှာ နေစရာ အပိုရှိနေသလား..။ မမြင်ဖူး မသိဖူး ပါပဲနှင့်လဲ သူတပါးအကြောင်း ဝေဖန် ကဲ့ရဲ့ တက်ကြသတဲ့လား..။
အံသြစရာ ကိုယ် နေရာမှား ရောက်လာခဲ့လေသလား...။ နောက်ထပ် တခြား ကမ္ဘာများ ရှိနေလေဦးမလား..။

သိဖူး ရင်းနှီး ပြီး သကာလ လဲ ကိုယ့်အရည်အသွေးကို သူတပါးရှေ့ ထုတ်ဖော်ပြောဆို ချင်တဲ့ အခါ တပါးသူအကြောင်း ထည့်သွင်း နှိမ့်ချ ပြောဆိုဖို့ လိုအပ်ပါသလား..။ ပတ်ဝန်းကျင်မှာ လူရည်မွန်၊ လူကောင်း ၊ ကူညီတက်သူ ၊ သဘောထား ကြီးသူရယ်လို့ ကိုယ်ရည်သွေးဖို့ ကျန်သူတွေက အောက်တန်းစား ဖြစ်ပေးရမတဲ့လား..။

ပတ်ဝန်းကျင်မှာ အနေလှသူ ၊ ရိုးသားသူ များ အဆိပ်ပြင်းတက်သလို မျက်နှာပြောင်တိုက်တက်သူများ ယုတ်မာ တက်ကြပြန်..။ ထိုသူများနှင့် လိုက်လျောညီထွေစွာ ဆက်ဆံတက်ဖို့ တမင်တကာ မကြိုးစားချင်ပါလဲ ဘာတဲ့ လူ့ပတ်ဝန်းကျင် အသိုင်းအဝိုင်း ဆိုပဲ..။ နားခါး လွန်းလှပါ၏..။ 

အတိတ်မှာ ဘာတွေ ဖြစ်ခဲ့ ဖြစ်ခဲ့ ပေါ့လေ နော်..ဟု စကားလုံး လှလှ သုံးကာ အားပေးသရောင် ရေနှစ်ရာ ဝါးကူထိုးတက်သူများ မှန်တစ်ချပ်သာ လက်ဆောင်ပေးလိုက်ချင်သည်..။ ကိုယ့်မျက်နှာ ကိုယ်ပြန်ကြည့်စေချင်လွန်းလို့...။ ကူညီတယ်ဆို တာ ရင်ထဲက ပါမှပဲ လုပ်ပါကွယ်..။

အားလုံးနဲ့ သဟဇတ ဖြစ်အောင် ကြိုးစားပါလဲ အချည်းအနှီးပါပဲ...။  နောက်ကွယ်က ကြိုးကိုင်သူများ ကြောက်ရွံ့ စရာ..။ နီးရာဓါးကြောက်ရမလား အဝေးက ဓါးပဲ လန့်ရမလား...။ သူတပါး ကိုယ်ကျင့်တရား ခြေသုတ်ခုံ လုပ်ချင်သူများ...၊ လှေကားထစ်အဖြစ် အသုံးပြုချင်သူများ..၊ အပြင်းပြေ ကလေးအိပ်အောင် ပုံအဖြစ်ပြော ပြချင်သူများ..ထို ထို အဖိုးတန် ကောင်းမွန် မြင့်မြတ် လွန်းသူများ ကြား တကယ့်ကို အနေခက်လှစွာ... နေစရာ ရှာမတွေ့နိုင်ခြင်း အကြောင်းက....အဆိုးရွား ဆုံး ဟု ထင်မှတ်စရာ..ကိုယ့်အဖြစ်က..အရင်း စစ်တော့..။

သူတို့လိုမှ အဖိုး မတန်သကိုး..။။

အိမ်မက်စေရာ
၀၄.၀၈.၁၃

Friday, June 14, 2013

Angel's Message



သူမကို
နတ်သမီးဆိုတာ
မသိစေချင်ပေမယ့်
အရာရာကို ဖြည်းဆည့်ပေးချင်နေတာ

သူမက
တန်ခိုးအစွမ်း နဲ့
မခမ်းနား မစုံလင်လဲ
သူလိုသမျှလောက်တော့
ဖန်ဆင်းပေးချင်တာ

သူမ
တတ်နိုင်သမျှ
အရာထဲက
ပိုင်ဆိုင်သမျှကို
သူ့ အတွက်လို သတ်မှတ်ပြီးနောက်

သူမ
တကယ့်ကို
နတ်သမီးတစ်ပါး
ဖြစ်လာခဲ့တာပါ.............။

အိမ်မက်စေရာ
၁၄.၁၆.၁၃
photo credit. google

Saturday, June 8, 2013

Rüsselsheim ရဲ့ နိဗ္ဗာန်( သို့) အထီးကျန် မင်းသမီးလေးရဲ့ ရဲတိုက် ° ° ° ° ° °


ဟိုးရှေးရှေးတုန်းက ပေါ့.. အလွန်လှပတဲ့ ဥယျာဉ်ကြီး တစ်ခုထဲမှ  ရဲတိုက်ကြီး တစ်ခု တည်ဆောက်ထားပြီး အဲ့ဒီ ရဲတိုက်ထဲ မှာတော့ အရမ်းကို ချောမော လှပတဲ့ မင်းသမီးလေးတစ်ဦး နေထိုင်ခဲ့ဖူး သတဲ့ကွယ်...။

မင်းသမီးလေးက နန်းတော်ထဲမှာ မနေပဲ ဘာလို့ ရဲတိုက်ကြီး ထဲမှာ နေရတာလဲ..?
ဘယ်လောက်ကြာကြာ နေခဲ့ပြီး သူ ဘာဖြစ်လို့ သေဆုံးသွားတာလဲ..?
ဘယ်လို အကြောင်းနဲ့ ထိုရဲတိုက်ကြီးကရော တစ်ဝက်တစ်ပျက် ပျက်စီးသွားခဲ့တာလဲ...?

မေးခွန်းတွေ အများကြီးက ခေါင်းထဲမှာ အပြည့်ပါ.. သိချင်စိတ် ပြင်းထန်နေပေမယ့် သူ့အကြောင်း လေ့လာဖို့ အချိန် မလောက်ငှခဲ့ပြန်ဘူး..။
သိချင်ရင် ပြတိုက်မှာ သွားဖတ်မှ ရမယ်.. ဒီမှာတော့ ဘာမှ ရေးမထားဘူး ဆိုတဲ့ သူငယ်ချင်းရဲ့ စကားကြောင့် စိတ်လျော့လိုက်ရတယ်။

မကျေမနပ်ဖြစ်မိပေမယ့်လဲ ဒီရဲတိုက်ကို မြင်ရခဲ့တယ် ဆိုတာနဲ့ ပဲ ဖြေသိမ့်လိုက်တော့တယ်..။

ခုချိန်မှာတော့ ပန်းခြံတစ်ခု အဖြစ် လူတွေ အပန်းဖြေ သွားလာ နေကြပါတယ်..။
သိပ်ကြီးမကြီးပေမယ့် သိပ်လဲ မသေးတဲ့ ပန်းခြံလေး တစ်ခုပါ..။
အရင်ကတော့ မင်းသမီးလေး နေခဲ့တဲ့ ဥယျာဉ်လေးပေါ့နော်..။

Rüsselsheim  ဆိုတဲ့ မြို့လေးက Frankfurt  ကနေ အနည်းငယ်ကျော်သွားရတဲ့ မြို့လေးတစ်ခုပါ။
Frankfurt air port  ကနေ သုံးမှတ်တိုင်လောက် ရထားစီးပြီး သွားရင်ရောက်ပါတယ်..။
အချစ်ဆုံးသူငယ်ချင်း( ထိုင်းမလေး ) နဲ့ သူ့မိသားစု နေတဲ့ ထိုမြို့လေးကို မရောက်တာ ကြာတာနဲ့ ရောက်ဖြစ်ခဲ့ပြီး ညနေပိုင်းမှာ ကန်ဘောင်ဘက်လမ်းလျှောက်ထွက်ရင်းက တဆင့် ထိုဥယျာဉ်လေးကို ရောက်ရှိခဲ့တာပါ။ အရင်က တစ်ခါမှ မရောက်ဖြစ်ခဲ့ပဲ ပထမဆုံးအကြိမ် ရောက်ခဲ့တာဖြစ်ပြီး အဲ့ဒီ ဥယျာဉ်က ရဲတိုက်ကြီး တည်ရှိနေရာ Rüsselsheim Verna ဥယျာဉ်ပါတဲ့..။

 °*°*°*°*°*°*°*°*°*°*°*°*°*°*°*°*°*°*°*°*°*°*°*°*°*°*°*°*°*°*°*°*°*°*°*°*°*°*
ဥယျာဉ်ထဲက ရဲတိုက်ရဲ့ ဘေးဘက်ခြမ်း

 ဘေးနားက ကန်အသေးလေး

မြို့ရဲ့ ပုံကို ပန်းချီဆွဲထားတာပါ နှစ်တွေ ကြာလို့ ဘာမှ မထင်ရှားတော့ပါဘူး..

 ဒါက Verna ရဲတိုက်.. ညနေပိုင်းရောက်သွားတာမို့ ပိုလို့ တောင် အထီးကျန်ဆန်နေတယ်..

 ဒါက Verna ရဲတိုက်..( ဒီတစ်ပုံက အင်တာနက် က ယူထားတာပါ သေချာကြည့်လို့ရအောင်)

အဆောင် ကူးတဲ့ တံတား..


 ညာဘက်က တံခါးဝ ..တစ်ချို့တစ်ဝက် ပျက်နေပြီ

 

အပေါ်ဆုံးက တစ်ခုထဲသော ပြတင်း



ဒါက ဥယျာဉ် အလည်နားက နေနာရီ သွားတဲ့အချိန်က ညနေဆိုတော့ ဘာမှမမြင်ရတော့ဘူး..
( နာရီတခါ ကြည့်ဖို့ အဝေးကြီး လာရမှားp )
 °*°*°*°*°*°*°*°*°*°*°*°*°*°*°*°*°*°*°*°*°*°*°*°*°*°*°*°*°*°*°*°*°*°*°*°*°*°*


အိမ်ပြန်ရောက်တော့ မကျေမနပ်ဖြစ်နေတာက လျှော့မသွားလို့..အင်တာနက်ထဲမွှေနှောက်လိုက်တဲ့ အခါမှာတော့ Verna Park အကြောင်း တွေ့လိုက်ရတယ်..။ တကယ်တော့ အဲ့ဒီဥယျာဉ်လေး ထဲ ဘယ်မင်းသမီးလေး မနေခဲ့ပါဘူး..နေခဲ့ သယောင်ယောင် စိတ်ကူးယဉ်ပြီး တည်ဆောက်ထားခဲ့တဲ့ ပန်းခြံတစ်ခု သက်သက်ပါပဲ..။

ပိုင်ရှင်ကတော့ Verna Family ပါ..။ ဒါကြောင့်လဲ ဒီဥယျာဉ်ကို Verna Park လို့ အမည်တွင်စေခဲ့ခြင်း ဖြစ်ပါတယ်.။ ၁၈၅၀-၁၈၆၅ ခုနှစ်အထိ တည်ဆောင်ခဲ့ပြီး တော့ ၁၉၁၁ မှာ Rüsselheim မြို့ကို ပြန်လည်ရောင်းချခဲ့ပြီး ၁၉၁၂ မှာတော့ လူထု ပန်းခြံအဖြစ် ပြောင်းလဲ အသုံးပြုခဲ့ပါတယ်..။ အဲ့ဒီပန်းခြံ ရဲ့ ကျော်ကြားရခြင်း အကြောင်းအရင်းတစ်ခုကတော့ နှစ်ပေါင်း ၁၄၀ ကျော်ကို မူရင်း တည်ဆောင်ထားတဲ့ ပုံစံအတိုင်း ထိန်းသိမ်းစောင့်ရှောက်နိုင်ခဲ့ ခြင်းကြောင့် ဖြစ်ပါတယ်.။ ဒါကြောင့်လဲ ဒီလို ပါးစပ်ရာဇင်ဝင် ပုံပြင်တွေ ရှိနေခဲ့ ပြီး ထင်ရောင် ထင်မှား ဖြစ်စဖွယ် စိတ်ကူးယဉ် ပန်းခြံလေး တစ်ခု ဖြစ်နေခဲ့ပါတယ်..။ သူ့ကို တနည်းအားဖြင့် Rüsselsheim ရဲ့ နိဗ္ဗာန် လို့လဲ ခေါ်ကြပါသေးတယ်..။
( ပုံတွေကတော့ အများကြီးကျန်ပါသေးတယ် အဓိက က  ရဲတိုက်ကိုပြောချင်တာ ဆိုတော့ သူနဲ့ ပတ်သတ်တဲ့ ပုံတွေပဲ တင်ပေးလိုက်ပါတယ်..ဗဟုသုတပေါ့ )

အိမ်မက်စေရာ
၀၈.၀၆.၁၃

Friday, April 26, 2013

ဓါးနဲ့ မွှန်းထားတဲ့ ကဗျာ~~~~~~~


ကမ္ဘာရဲ့ ဟိုဘက်တခြမ်းမှာ နေပူနေပြီး
ဒီဘက်တခြမ်းမှာတော့ လသာနေလေရဲ့..
တစ်ခုထဲသာ ရှိတဲ့ ကမ္ဘာကြီးထဲမှာတောင် မရေတွက်နိုင်တဲ့ မတူညီခြင်းတွေ များပြားလွန်းနေတယ်။

ဘာမှ မဆိုင်ပါဘူး..။
မဆိုင်တဲ့သူတွေချည်းပဲ အတူနေနေ ကြတဲ့ ကမ္ဘာမြေလေ..။
ပြောစရာတွေကလဲ မကုန်နိုင်ဘူး..။

သတင်း တစ်မျိုး..
အတင်း တစ်မျိုး..
ရိုးကို မရိုးတာများ...။




ဟိုဟို တွေ ဒီဒီတွေ လျှောက်အော်လည်း မထူးပါဘူး..
အကုန်လုံးက အတ္တကို အပိုင်လိုချင် သူတွေချည်းပါပဲ..။

သူတပါး ရဲ့ အားနည်းချက်လဲ ထည့်မတွက်တက်ဘူး..
ပါးစပ် ထွက်သမျှ ပြောပစ်ဖို့ ဝန်မလေးကျတာများ..။

ကိုယ်တိုင်လဲ တခါတလေတော့ လူမဆန်ချင်လာတယ်...။
သူတပါး ပုတ်ခတ်တာများလာတော့
ကိုယ်ကလဲ ရက်စက်ချင်လာတယ်..။

ပြန်လည် မတုန့်ပြန်ကြေးဆိုတဲ့ အသိတစ်ခုနဲ့..
ကိုယ့်ရင်ဘတ်ကို ဓါးနဲ့ မွှန်းမွှန်းချနေတာ
မနာဘူး မထင်ပါနဲ့..
သိပ်ကို နာကျင်လွန်းပါတယ်..။

အော် ကိုယ်ချင်းစာတရားဆိုတာများ ရှိမယ်ဆိုရင်လေ
ဒီကမ္ဘာမြေက ဘယ်လောက်အထိများ
ပိုတင့်တယ်လိုက်မလဲ..။

မသိသူတွေကို သိအောင်လဲ မပြောပြချင်တော့ဘူး
ကိုယ်ခံစားရသမျှ စာအဖြစ်သာ စီချမယ်...။
နှလုံးသားရှိရင်တော့ ဒီမယ်..ခံစားတက်ကြမယ်ထင်တယ်..။

အချစ် အချစ်ရယ်လဲ မအော်ချင်တော့ဘူး..။
မေတ္တာတရားသာ ရှာဖွေချင်လာတယ်..။

ပင်ပန်းတယ်လဲ မဆိုသာပါဘူး..
လူရယ်လို့ ဖြစ်လာမှတော့
လူ့တာဝန်တော့ ကျေရမှာပေါ့လေ..။

တစ်ရက်ပြီးတော့ တစ်ရက်သွားရင်း..
ဟိုဘက်နား နဲနဲ ခြင်းရွေ့သွားမယ် ဆိုရင်ပဲ
အင်း မဆိုးပါဘူး..
ခရီးတော့ နဲနဲ ပေါက်နိုင်ပါတယ်..လေ။

အိမ်မက်စေရာ
၂၆.၀၄.၁၃

Wednesday, April 24, 2013

Nail Art With Fruits..... ^^ _ ^^

Hi hi..;p !!!!!!

ဘယ်လိုလဲ အိမ်မက်ကို မေ့ကုန်ကြပြီ ထင်တယ်..မတွေ့တာလဲ ကြာပြီဆိုတော့..
တော်တော် စိတ်အနှောင့် အယှက်ပေးနိုင်လွန်းတဲ့ Facebook ကြီးကို ပိတ်လိုက်ပြီ ဆိုတော့ ကွန်ပြူတာ ဖွင့်တာနဲ့ ဘာလုပ်ရမှန်းတောင် မသိတော့ဘူး..။ အော် Facebook Facebook....

သူ့ကို စွဲလန်းနေတာနဲ့ပဲ blog လေးတောင် ပြစ်ထားမိတာ တော်တော် ကြာပြီပဲ နော်...။

ခုတလော အိမ်မက် တစ်ယောက်လဲ ဟိုသင်္ကြန်ပြေးလိုက် ဒီသင်္ကြန်ပြေးလိုက်နဲ့ frankfurt မှာ တော်တော် အလုပ်ရှုပ်နေတာများ ကိုယ့်ကိုယ် ကိုယ်တောင် ကြည့်မရဘူး.။

ဘယ်လိုမှ မတည့်နိုင်တဲ့ အသံနဲ့လဲ သီချင်းလေး ဘာလေး ပြေးဆိုလိုက်သေး..။
ပွဲဆိုတော့လဲ အလှလေး ဘာလေး ပြင် တယ်ပေါ့လေ..။
ဒီမှာက လက်သည်း ပြင်ရင် . အလှဆိုးရင် သိပ်ဈေးကြီးတော့ ဆိုင်မှာ ဘယ်တော့မှ မပြင်ဖြစ်ဖူးလေ.။
အိမ်မှာ ပဲ စိတ်ထဲရှိတဲ့ ဒီဇိုင်းကို စိတ်ကူးပေါက်သလို လုပ်ဖြစ်တာ များတယ်..။
ဒါကြောင့် ပြီးခဲ့တဲ့ အပတ်က လုပ်ဖြစ်တဲ့ ဒီဇိုင်းလေး မမတို့ ညလေးတို့ကို ပြောချင်စိတ်လေး ပေါ်လာလို့..။
လုပ်ရတာ အရမ်းလွယ် လွန်းလို့ ရှင်းပြစရာကို မလိုဘူး ထင်တယ်။
ကြည့်လိုက်တာနဲ့ သိမယ် ထင်တယ်နော်..။ ကြည့် ကြည့်ပါဦး...။


အောက်က သုံးဖြစ်တဲ့ လက်သည်းနီ အရောင်...

အဲ့ဒီ အရောင်လေးကို အောက်ခံ ဆိုးပြီး ..အောက်ပုံထဲက လုပ်ပြီးသားသစ်သီးပုံ လေးတွေကို မခြောက်တခြောက်မှာ ကပ်လိုက်..ပြီးရင် အပေါ်က နောက်တစ်ထပ် ထပ်ဆိုးလိုက် ဆို..ပြီးသွားပြီ..။


ဘယ်လိုလဲ လွယ်တယ် မဟုတ်လား..။


အိမ်မက်စေရာ
၂၄.၀၄.၁၃

Saturday, March 23, 2013

အမြင်လဲ လှ၊ ဗိုက်လဲ ဝ မယ့် ဟော့ဒီက ဆူရှီ..

ဆူရှီ ကြိုက်ကြလား ?? ဆူရှီ ဆိုရင် အသားစိမ်း ၊ အထူးသဖြင့် ငါးအစိမ်းနဲ့ လို့ သိထားကြတယ်။ ဆူရှီ ကို ကြိုက်တယ် ဒါပေမယ့် အဲ့လို ငါးအစိမ်းတွေတော့ မစားချင်ဘူး..။ ဆူရှီ ထမင်းကို တော့ အရမ်းကြိုက်တယ်.။ဝယ်စားရင် အပေါ်က ငါး အစိမ်း တွေ ဖယ်ပြီး ထမင်းနဲ့ အရွက်တွေပဲ ရွေးစားဖြစ်တယ်..နောက်တော့ ဆှိုင်လေးတစ်ဆိုင်ကို သွားတွေ့တယ်..မြန်မာလူမျိုးတစ်ယောက်လဲ ရှိတယ်..သူကိုယ်တိုင်လုပ်တာဆိုတော့ စားချင်တာလေး ကောင်းတာလေးတွေ သူက ပြောပြတက်တယ်.။ ဒါနဲ့ မကြာမကြာ သွားစားဖြစ်တယ်..အမြင်လဲလှပြီး ငါးအစိမ်းတွေမပါတဲ့ ဆူရှီပါ..။ sauce ကလဲ အရမ်းစားကောင်းပြီး စားပြီးရင်းကို ထပ်စားချင်နေတော့တာ..လေ။ ကြည့်လိုက်ကြပါဦးနော်..။ ကြည့်မိလို့ စားချင်တယ်ဆိုရင်တော့ ဂျာမနီကို တစ်ခါ တစ်ခေါက်လောက် အရောက်လာခဲ့ပါ လိုက်ကျွေးပါ့မယ်လို့..။  အော် နဲနဲလေးမို့ မဝဘူးလို့ မထင်လိုက်နဲ့နော်..ထမင်းပါတာမို့ အစားမကြီးတဲ့ သူဆိုရင်တော့ တကယ်ပဲ ဗိုက်ပြည့်ပါတယ်..။
:D








Thursday, March 14, 2013

“ အယ်ဂျာ”


အိမ်မက်စဉ်( ၁ )

ငါတို့ ..ဘဝ အဆက်ဆက် က ချစ်သူတွေ ဆိုတာ ဘယ်သူကမှ မယုံဘူးတဲ့  “အယ်ဂျာ”.....ဘယ်တော့မှ ပေါင်းစည်းခွင့် မရှိလဲ၊ ဘယ်တော့မှ မြင်နိုင်ခွင့်၊ ကြားနိုင်ခွင့်တွေ မရှိလဲ ငါတို့ နှစ်ယောက်ကြား တည်ထားတဲ့ ချစ်ခြင်းတရား ပျောက်သွားမှာ မဟုတ်ဖူး ဆိုတာ သူတို့သိအောင် ပြောပြချင်တယ် ..တကယ်တော့ ရက်စက်လွန်းတဲ့ ကျိန်စာတစ်ခုကြောင့်သာ မဟုတ်ရင် ငါဟာ နင့်ရဲ့ မိဖုရားဖြစ်နိုင်ပါရဲ့နော်.။ ငါယုံတယ် “အယ်ဂျာ” ငါတို့ ရဲ့ အံ့သြဖွယ် ချစ်ခြင်းကြောင့် ဘဝ အဆက်တစ်နေရာမှာတော့ ဒီကျိန်စာ ပြယ်ကောင်း ပြယ်မှာပါ..။ နင်လဲ ယုံကြည်ပေးပါ..နော် “အယ်ဂျာ”..။ သူတို့ နင့်ကို ငါနဲ့ အဝေးဆုံးနေရာ ပို့ထားတယ် ပေါ့ ဟုတ်လား “အယ်ဂျာ”..။ မငိုပါနဲ့ ကွယ် ငါတို့ နှစ်ယောက်ကို ခွဲနိုင်တဲ့ အကြောင်းတရား ဒီလောကမှာ ရှိရိုးတဲ့လား..။ အရင်ဘဝတွေတုန်းကလိုပဲ သွေးစစ်ခင်းရဦးမယ် ထင်ရဲ့ “အယ်ဂျာ” ရယ်...။ ငါမကြောက်ပါဘူး ဒီတိုက်ပွဲဟာ နင့်ကို ပိုင်ဆိုင်ဖို့ ဆိုတာထက် ငါတို့ ချစ်ခြင်းတရားကို ဖျောက်ဖျက်ပစ်လို့ မရဘူးဆိုတာကို ပြတဲ့ တိုက်ပွဲပါ..။ ငါဟာ စုန်းမ၊ ဖောက်ပြန်တက်တဲ့ မိန်းမတဲ့လား “အယ်ဂျာ”..။ သူမငါ့ကို တိုက်ခဲ့တဲ့ ကျိန်စာ ဟာ ကြောက်စရာ ကောင်းလှချည်ရဲ့..လူတွေကြားမှာ မျက်နှာ မပြဝံ့အောင်ပဲ “အယ်ဂျာ”...။ နင်သိလား ငါအရှုံးပေးမယ် မထင်ပါနဲ့ ..သူမရဲ့ ကျိန်စာအောက်မှာ ငါရှိနေပေမယ့် ငါရဲ့ ချစ်ခြင်းကြောင့် သူမ သိပ်ပူပြင်းနေတယ်..လေ။ “ံအယ်ဂျာ” ပထမဆုံး ဆုံစည်းရစဉ်ကထဲက အချစ်မလျော့ ခဲ့ပါဘူး ..အဲ့ဒီ အတွက်လဲ ငါ ဟာ စုန်းမ အဖြစ်နဲ့ ပဲ ဒီတိုက်ပွဲကို ဆင်နွဲဖြစ် အောင် ဆင်နွဲမယ် “အယ်ဂျာ”..။ အနည်းဆုံးတော့ ငါ ဈပနာကို သူတို့ နင့်ကို ပြမှာပါ...ငါတို့ မဝေးပါဘူး “ အယ်ဂျာ”..။
...........................................
.....................
...................
............
.........
....

“ အယ်ဂျာ”


အိမ်မက်စေရာ
၁၄.၀၃.၁၃
photo from google..

Monday, March 11, 2013

@ - @ ညောင်ပင် သရဲ


ကျွန်မတို့မြို့နယ်လေးက ရန်ကုန်ပြည်ကားလမ်း နဘေးမှာပေါ့။  ကျွန်မတို့ အိမ်လေးရှိတဲ့နေရာက အဲ့ဒီကားလမ်းဘေးကနေ လမ်းသွယ်လေးကတဆင့် ဝင်ရတယ်။  လမ်းသွယ်လေးရဲ့ ထိပ်က ရပ်ကြည့်ရင်တောင် လှမ်းပြီး မြင်ရနိုင်တဲ့ နေရာမှာ ရှိတဲ့ ကျွန်မတို့ အိမ်လေးစီကို ရောက်ဖို့ ၂ မိနစ် ၃ မိနစ်သာ လမ်းလျှောက်ရပါတယ်။  သိပ်မဝေး ဘူးပေါ့။  ကျွန်မတို့ အိမ်ရှေ့ မရောက်တရောက်နေရာမှာ လမ်းခွဲလေး ၂ ခု ထပ်ရှိတယ်။  ဘယ်ဘက် နဲ့ ညာဘက် မှာပေါ့။  ဒီလိုဆိုတော့ ကျွန်မတို့ အိမ်က လည်းဦးတိုက် လှေဦးတိုက် ဆိုတဲ့ နေရာမှာ ရှိနေသလိုပေါ့။ ခရစ်ယာန်ဖြစ်တဲ့ ကျွန်မတို့ မိသားစုက ဒါမျိုး ကို သိပ်ကြီး ထူးထူး ခြားခြား ဆိုးဝါးတယ်လို့တော့ မမြင်မိပါဘူး။  ဒါပေမယ့် ဗုဒ္ဓဘာသာ အမျိုးများနဲ့ အတူကြီးပြင်းလာတဲ့ အဖေကတော့ အကာအကွယ်အဖြစ် မှန်အသေးလေးတစ်ချပ်ကို အိမ်ပေါ်တီကိုရဲ့ အပေါ်ဘက်နားမှာ ကပ်ပြီးရိုက်ထားပါတယ်။

ကျွန်မတို့ အိမ်ရဲ့ အရှေ့ဘက် ၊  လမ်းသွယ်လေး ရဲ့ ညာဘက်မှာတော့ အထက်တန်းကျောင်း ရှိပြီး ဘယ်ဘက် မှာက ညောင်ပင်အကြီးကြီး တပင်ရှိတယ်။  ညောင်ပင်ရဲ့ ဘေးဘက်မှာက စက်ဘီးဆိုင် နဲ့ သူ့ဘေးမှာက ကာရာအိုကေဆိုင်။ အဲ့ဒီညောင်ပင်က တော်တော်ကြီးကို ကြီးတဲ့ ညောင်ပင် ပြီးတော့ ညောင်ပင် တို့ရဲ့ သဘာဝအတိုင်း တခြားအပင်ကိုပါ ဝါးမြိုထားသေးတယ်..။ ကြည့်လိုက်ရင် ကြောက်စရာ တော်တော်ကြီးကို ကောင်းတဲ့ ညောင်ပင်က ကျွန်မတို့ရဲ့ လမ်းထိပ်တည့်တည့်မှာ တည်ရှိနေတာ ကံကောင်းဖို့လား ကံဆိုးဖို့လားတော့ မသိပါဘူး။  အဲ့ဒီအပြင်လဲ ဒီညောင်ပင် အကြောင်း ပါးစပ်ရာဇဝင်တွေ က လဲ အမျိုးမျိုး ရှိသေးရဲ့။ လပြည့်ညတွေ ဘာတွေဆို ဘာကောင်ကြီးဆင်းလာတယ် ဘာညာတွေပေါ့။

ကျွန်မတို့အိမ်ရှေ့နား တည့်တည့်မှာတော့ တြိဂံပုံရှိနေတဲ့ မြက်ခင်းပြင်ကြီးပါ။  အတော်လေး ကျယ်ပါတယ်။ လသာတဲ့ ညမျိုးတွေမှာ ကလေးတွေစုပြီး အဲ့ဒီနေရာမှာဆော့ကြ၊ လူကြီးတွေ စုပြီး ထိုင်စကားပြောကြနဲ့ တောရွာ ဓလေ့ လိုပါပဲ။  သူခိုးကြီး၊ သူခိုးလေး ညတွေမှာဆိုလဲ ရွာထဲပတ်သောင်းကျန်းပြီး ပါလာတဲ့ စားစရာတွေထိုင်စား၊ မဟုတ်လဲ အဲ့ဒီအိမ်ရှေ့နားမှာ ကြက်သားနဲ့ ဘူးသီး ချက်စားကြတယ်။ ခုချိန်ပြန်စဉ်းစားကြည့်ရင် ညဘက်အချိန်ကြီး အိမ်ရှေ့မှာ ချက်ပြုတ်စားသောက်ကြတာ ကြက်သီးထစရာပါ။ ဒါပေမယ့် အလေ့အထ ဖြစ်နေလို့လား အဲ့ဒီအချိန်လူကြီးတွေလဲ ဘာမှ မပြောကြပါဘူး။  တရုတ်ကားတွေ ခေတ်စားတဲ့ အချိန်မို့ ဇာတ်လမ်းတစ်ခုထဲက မေချောက်ဖုန် သရဲမ အကြောင်းတောင် ပြောပြီး တစ်ယောက်နဲ့ တစ်ယောက်စနောက် နေကြသေးတယ်။  

နယ်မြေသန့်လို့ပဲလား တော့မသိ ကျွန်မတို့ ဘာမှ ထူးထူးခြားခြား မကြုံတွေ့ခဲ့ဖူးပါဘူး။ ထူးထူး ခြားခြားဆိုတာ ထိတ်လန့်စရာ၊ မမြင်ရတဲ့ အနှောင့်ယှက်မျိုးပေါ့။

တကယ်တမ်းကြုံမယ့် ကြုံတော့လဲ................

သိပ်ကြီး အထိတ်တလန့်မဟုတ်ပေမယ့် ပြန်စဉ်းစားလိုက်တိုင်း ခုချိန်ထိ အူထဲ အသည်းထဲက ယားမိတာအမှန်ပဲ။  ကျွန်မ ဆယ်တန်းဖြေပြီးတဲ့ အချိန် အမေက ခေါင်းဆေးတဲ့ အနေနဲ့ စိတ်လက် ကြည်သွားအောင် ခရီးထွက်ဖို့ စီစဉ်ပါတယ်။  မောင်နှမ မွေးချင်း မရှိတဲ့ ကျွန်မ တစ်ယောက်ထဲ ဖြစ်နေရင် ပျင်းမှာစိုးတာနဲ့ အိမ်ဘေးက ညီမလို ချစ်ခင်ရတဲ့ ညီမလေး တစ်ယောက်ကို အဖော်အဖြစ်ခေါ်ပေးပါတယ်။ သွားမယ့်နေရာက ချောင်းသာပါ။  အဖေကတော့ အိမ်မှာ ကျန်ခဲ့တယ်။  ပင်လယ်ပြင်ကို အမြဲ ခရီးထွက်နေရတဲ့ အဖေက ချောင်းသာလို နေရာမျိုးကို ထူးထူးခြားခြား စိတ်ဝင်စားမှုမရှိသလို အိမ်မှာလဲ ခွေးကလေး ကြောင်ကလေးတွေကို တခြားသူနဲ့ မထားခဲ့ချင်တာနဲ့၊ အမေနဲ့ ကျွန်မကို ပဲ ခရီးသွားခိုင်းတယ်။ ညီမလေး တစ်ယောက်အပါအဝင်ဆိုတော့ သုံးယောက်ပေါ့။

ညဘက် ပစ္စည်းတွေ ထုပ်ပိုးကြတယ်။ မနက် ချောင်းသာသွားမယ့် Mini Bus က ဂိတ်ကနေ မနက် ၆ နာရီထွက်မယ်။  ကျွန်မတို့ မြို့နယ်လေးကနေ ရန်ကုန်မြို့ထဲ အထိ လိုင်းကားနဲ့ဆို ၄၅ မိနစ်လောက်စီးရတယ်။ ဒါကြောင့် စောစောအိပ်ပြီး စောစော ထကြမယ်ပေါ့။ ပစ္စည်းတွေ ထုပ်ပိုးလို့ပြီးသွားတော့ ခရီးတောင်အိတ်တွေ သော့ခတ်ဖို့ရာ သော့ကမရှိဘူး ဖြစ်ရော။ သော့အသေးလေးတွေ မဝယ်ထားမိတာဘူးလေ။  ဒါပေမယ့် ကိစ္စတော့မရှိဘူး လမ်းထိပ်ကဆိုင်တွေက ညဘက် ၁၀ နာရီလောက်ထိ ဖွင့်ကြတယ်။ ဒါနဲ့ ကျွန်မနဲ့ ညီမလေးလဲ သော့အဝယ်ထွက်ခဲ့ကြတယ်။ ဓါတ်မီးတစ်လက်နဲ့ပေါ့။

အော် ပြောရပါဦးမယ်။  အဲ့ဒီ ညီမလေးက သတ္တိခဲလေး။ သရဲကားဆို ကြည့်ချင်တာလဲ သူ ကြည့်ပြီးပြီဆိုရင်တော့ ဘယ်မှာကို တစ်ယောက်ထဲ မသွားရဲတော့ဘူး။ သရဲအကြောင်းပြောမယ်ဟေ့ ဆိုလဲ သူ့လောက်နားထောင်ချင်တဲ့ သူမရှိ။ ပြီးရင်လဲ ရှိသမျှလူတွေကြားထဲ အတင်းတိုးပြီး အလည်တည့်တည့်မှာ ထိုင်တော့တာပဲ။  အဲ့ဒီ သတ္တိခဲလေးနဲ့ ကျွန်မ ၂ ယောက်အတူ လမ်းထိပ်သော့ အဝယ်ထွက်လာကြတယ်။ ည ၉ နာရီလောက်ပေါ့။

မကြောက်ဘူး ထင်လို့လား !!! ကြောက်တာပေါ့ ကျွန်မတို့ လမ်းက အဲ့ဒီအချိန် လမ်းမီးမရှိ။ ရှိရင်လဲ မလာ တာများတယ်။  ဘေးဘက်မှာကျောင်းနဲ့ ဝပ်ရှော့။ အဲ့ဒီနေရာတွေက ညဘက်ဆို လူမရှိတော့ဘူးလေ။ ကျောင်းဝန်းထဲ ယောင်လို့ မျက်စိဝေ့မကြည့်မိနဲ့ စိတ်ထဲ အရိပ်တွေ ဟိုပြေး ဒီပြေးနေသလိုပဲ။ ကျောင်းဆောင်တွေကလဲ ညဘက်ဆို မဲမဲ မဲမဲ နဲ့ မို့ ကြည့်မိတိုင်းလဲ ကြက်သီးထမိတယ်။ တကယ်တော့ လမ်းက တိုတိုလေးပါ။  ဒါပေမယ့် ကြောက်စိတ်ကြောင့် ရှည်နေသလိုပဲ။ ဒါတောင် နေ့တိုင်းသွားနေကျလမ်း။ တခါတလေလဲ ညဘက် မုန့်တွေ ဘာတွေ ထွက်ဝယ်စားနေကျ။ 

အဲ့လိုနဲ့ လမ်းလျှောက်လာတော့ လမ်းထိပ်က ညောင်ပင်ကြီးနား ရောက်လာပါရော။ အဲ့ဒီ အချိန် ညီမလေးက ဘာရယ်မဟုတ် ဓါတ်မီးနဲ့ အပင် အပေါ် အအောက် လျှောက်ထိုးကြည့်တယ်။ အမလေး တောက်တဲ့ တွေမှ အများကြီးရယ်။ ကျွန်မတို့ အပင် အောက်နားက ဖြတ်လျှောက်ရတာလေ။ အဲ့လို ကြည့်ပြီး ဆက်လျှောက်ရင်း ဆိုင်ရောက်တယ်။ သော့ဝယ်တယ်။ ပြီးတော့ နှစ်ယောက်သား ပြန်လာကြတယ်။ အပြန်လဲ အဲ့ဒီ ညောင်ပင် ပြန်ဖြတ်လျှောက်ရတာပဲ။

အဲ့မှာ ဇာတ်လမ်းကစတာ။  ညောင်ပင်အောက်ကို ရောက်ရောက်ချင်း ဒုတ် ဆို ခဲလုံးတစ်လုံး ပြုတ်ကျလာတယ် ။ အဲ့အချိန် ညီမလေးက ဘာပြောလဲ ဆိုရင် သူထင်တာက အဲ့ဒီအနား ကာရာအိုကေဆိုင်က ဦးလေးကြီး က လှမ်းစတယ်လို့ ထင်တာ။ ဒါနဲ့ပဲ “ ဦးထွန်းလွင် မစနဲ့နော်” လို့ လှမ်းအော်တယ် ဒါပေမယ့် ဘာသံမှ ထွက်မလာဘူး။  ဘယ်လိုမှ မဖြစ်နိုင်ဘူးလေ။ ကာရာအိုကေဆိုင် မရောင်ခင် ညောင်ပင်နဲ့ ကာရာအိုကေဆိုင်ကြားမှာ စက်ဘီးဆိုင်ရှိသေးတယ်။ ခုက ညဆိုတော့ပိတ်ပြီ။  ကာရာအိုကေဆိုင်ကလဲ ခုနကပဲ ကျွန်မတို့ ဆိုင်ရှေ့က ဖြတ်လျှောက်လာတာ ဘယ်သူဆို ဘယ်သူမှ မရှိ။ ကျွန်မက ဒါကို သတိထားမိတယ်။ ဒါပေမယ့်လဲ စိတ်က နဲနဲ တိုသွားတာက ခဲလုံးက ခေါင်းနားကို ကပ်ပြီးကျတာကို ဒါနဲ့ ကျွန်မစိတ်ထဲ ပေါက်ပေါက်ရှိတာနဲ့ ဒီမှာ ဦးထွန်းလွင်သော ဘာသောနားမလည်ဘူး စရင် လဲ ကြည့်စ ခဲ လုံး ခေါင်းပေါ်ကျလို့ကတော့ မလွယ်ဘူးနော် “  ဆိုပြီး လှမ်းအော်လိုက်တယ်။

အမလေး အဲ့ဒါမှ ပိုဆိုးတာ ဘာဖြစ်လဲ သိလား ? ကျလာလိုက်တဲ့ ခဲလုံးတွေများ၊ ခဲလုံးဆိုတာထက် ခဲ့ပြားလို့ ပြောရင်ပိုမှန်မယ် အလုံးတွေ အဟုတ်ဖူး အုတ်နံရံ အချပ်လို အပြား သေးသေး လေးတွေ ဘုရားစူး ရုတ်တရက်ကြီး ဆယ်ခုလောက်ပြိုင်ပြီး အပင်ပေါ်က ကျလာတာ။ ဘယ်ပြောကောင်မလဲ သတ္တိခဲလေးက အမလေး သရဲ ဆိုပြီးအော်ပြေးတော့တာ၊ ကျွန်မက ပြေးမယ်ထင်လား မပြေးဘူး အဲ့ဒီ အပင်နားမှာ ကြောင်ပြီးရပ်နေတာပါဆို။ အော် ဘယ်လိုဖြစ်မှန်းမသိဘူး။ စိတ်ထဲ မှာ ကြောက်တယ် ဒါပေမယ့် မပြေးဖြစ်ဘူး ဘာလို့လဲ ဆိုတာ မသိဘူး။  ဒါပေမယ့် အရှေ့တော်တော်လေးကို ရောက်နေတဲ့ ညီမလေးကို လှမ်းအော်ဖို့တော့ သတိရတယ် ဓါတ်မီးကသူ့စီ မှာကိုး။ ဒါပေမယ့် ကျွန်မ ဘယ်လို လှမ်းအော်ခေါ်လိုက်လဲ တော့မမှတ်မိတော့ဘူး ညီမလေးက ရပ်ပြီးစောင့်တယ်။ ဒါနဲ့ပဲ ကျွန်မတို့ နှစ်ယောက်သား ဓါတ်မီးကို အရှေ့ဘက်ထိုးကြည့်လိုက်၊ အနောက်ဘက်ထိုးကြည့်လိုက်နဲ့ သုတ်သုတ် သုတ်သုတ် လျှောက်လာကြတယ်။ စိတ်ထဲမှာတော့ အဲ့ဒီလှမ်း အရှည်ကြီး လျှောက်ခဲ့ရသလိုပဲ။ ဟူး မောလိုက်တာ မပြောပါနဲ့။

အိမ်ရောက်တော့ လူကြီးတွေကို ပြောပြတယ် ။ သရဲခြောက်ခံရတယ်လို့။ ဘယ်ယုံမှာလဲ ကလေးစကားကိုး ဒါပေမယ့် ကျွန်မတို့ ကြုံတွေ့ခဲရတာက ဖြစ်ရပ်မှန်လေ။ ဒါကို နှစ်ယောက်လုံး ခုချိန်ထိမမေ့ဘူး။ 

ခုတော့လဲ  အဲ့ဒီညောင်ပင် ကြီး မရှိတော့ပါဘူး။ နာဂစ်နောက်ကို ပါသွားလေရဲ့ ။ ကျွန်မတို့ကို ခဲနဲ့ ပစ်ခဲ့တဲ့ အပင်ပေါ်က ဆရာသမားလဲ ခုချိန်ဆို နေရာသစ်မှာ ပျော်နေလောက်ပြီထင်ပါတယ်။းD

အိမ်မက်စေရာ
၁၁.၀၃.၁၃

Thursday, February 28, 2013

Instrument Player အသေးလေးတွေနဲ့ မြန်မာလူငယ်အဖွဲ့JUSTUS



မြန်မာလူငယ် အဖွဲ့ တစ်ခုပါ ..Instrument player အသေးလေးတွေကို ကျွမ်းကျင် ပိုင်နိုင်စွာ တီးခတ်နိုင်ယုံသာမက Green Day cover သီချင်းလေးကို ပါ ကိုယ်ပိုင် စတိုင်လ်လေး နဲ့ သီဆိုသွားတာ သိပ်ကို ချီးကျူးစရာ ကောင်းပါတယ်..သီချင်းသီဆိုသူအမည်က  ထွန်းလွင်ဦး ပါ။
သီချင်းအမည် Macy's Day Parade ပါ။ 


video

ဒါက ပထမဆုံး တင်တဲ့ သီချင်းပါ..အဖွဲ့လိုက်ဆိုထားတာပါ။ သီချင်းနာမည်တော့ ပြောပြစရာ မလိုတော့ဘူး ထင်ပါတယ်.နော်.။ အဖွဲ့နာမည်ကိုတော့ ဒီမှာတွေ့နိုင်ပါတယ်..JUSTUS ပါတဲ့။

video

အိမ်မက်စေရာ

Sunday, February 17, 2013

မွေးနေ့ >> ....... >> သေနေ့


မပီပြင်တဲ့ ဝိုးတဝါး အရိပ်တွေရှိလဲ ဒီလမ်း ဆိုတာကိုတော့ လျှောက်နေရဆဲ..။
အခြေအနေတွေ ပြောင်းလဲ လာမှာပါဟု တွေးရင်း ပြောင်းလဲ ချင်စိတ်တွေလဲ ရှိနေခဲ့တာပါပဲ...။
လက်လှမ်းမှီသလောက် တော့ ကြိုးစားတယ်..။ တက်နိုင်သလောက် အားတင်းတယ်..။
ဖြစ်ချင်တာတွေ များနေတာတဲ့ အဲ့လို လဲ အပြောခံရဖူးတယ်..။
ရေတွက်ကြည့်လိုက်ရင် လက်ငါးချောင်းတောင် မပြည့်နိုင်တဲ့ မွတ်သိတ်တဲ့ အရာတွေကို ဆန္ဒလို့ ခေါ်မလား မသိဘူး..။
ကျော်လာလိုက်တဲ့ အချိန်တွေ ဘယ်လို ကုန်လို့ ကုန်သွားမှန်း မသိပေမယ့်.. ရည်ရွယ်ချက်တွေကတော့ မပီပြင်လာနိုင်သေး..။
နေ့ရယ် ညရယ် ရေမှတ်ရင်း...မနက်ဖြန်တွေ့မယ်လို့ နှုတ်ဆက်ကြရင်း..အလုပ်နားမယ့် ရက် မျှော်ရင်း..အမှန်က အသက်တွေ ကြီးလာနေတာလေ.။
အသက်မကြီးချင်ဘူးဆိုသူတွေရှိလဲ နေ့ရက်ကို ကျော်လွန်ဖို့ အားသန်နေတာက ဖြစ်ချင်တာနဲ့ လမ်းကြောင်းလွဲနေတယ်ဆိုတာ..ရိပ်မိချင်မှလဲ ရိပ်မိပါလိမ့်မယ်..။
ခြေရာတွေ ပြန်လှည့်ကြည့်ရင်ပဲ ဖြစ်ဖြစ်...
ဒိုင်ယာရီ ဟောင်းကို လှန်ကြည့်မိရင်ပဲ ဖြစ်ဖြစ် ..ကျေနပ်မှုတွေ တစ်ဝက်စာရှိနေမယ်ဆိုရင်တောင် ဒါဟာ အသက်ရှင်ဖို့ လုံလောက်နေပြီ ထင်တာပါပဲ ...။
ဒါပေမယ့် ဒါဟာ လောကလေ...အကောင်းနဲ့ အဆိုး တစ်ဝက်စီ မရှိနိုင်တဲ့လောက
အမှားနဲ့ အမှန် တစ်ခြမ်းစီ ရပ်တည်မနေတဲ့ လောက
အဲ့ဒါ မမျှတခြင်းလို့ ခေါ်တဲ့ လောက...။
ဒီ လောကမှာပဲ သေသာ သေလိုက်ချင်တယ်လို့ အော်ညည်းမိသူတွေလဲ မနက်ဖြန်ကို မလွတ်တမ်း ဆုပ်ကိုင်ထားတယ်..။
မနက်ဖြန်ပြီး သွားရင်တော့ နောက်တစ်ခါ ထပ်ရောက်လာမယ့် မနက်ဖြန်အတွက် ဆုပ်ကိုင်ဖူးတဲ့ မနက်ဖြန်ကို လွတ်ချရတယ်..။
အဲ့ဒါ သင်္ခါရလို့ ခေါ်ပြန်တယ် တဲ့..။
ဟုတ်ကဲ့ အဲ့ဒီနောက်ကို တကောက်ကောက်လိုက်ရင်း တစ်ရက် ပြီး တစ်ရက် ကြီးလာတဲ့ အသက်အတွက် အသင့်တော့ဖြစ်ချင်ပါသေးရဲ့...။
မွေးနေ့ဆိုတဲ့ အဓိပ္ပါယ်ကိုတော့ လက်ဆောင်ရဖူးတဲ့ စာအုပ်တစ်အုပ်ထဲက အတိုင်း ချရေးရမယ် ဆိုရင်....
................
.............
.........
သေမယ့်ရက် တစ်ရက် နီးလာ၍
စိတ်ချ လက်ချ မပျော်နိုင်ပါ..........ဟူသတဲ့...........။ ။

အိမ်မက်စေရာ
၁၇.၀၂.၂၀၁၃

 ( မွေးနေ့ ၂၃.၀၂.၁၃ အတွက် ကြိုရေးထားတဲ့ ပို့စ်လေးပါ..မွေးနေ့ရောက်ရင် မရေးဖြစ်တော့မှာ သေချာလို့..)

Saturday, January 26, 2013

တိုက်စား အနွယ်ဝင် သံယောဇဉ်


ငါ့ နှလုံးသား
သံယောဇဉ် တိုက်စားလို့
လုံးပါး ပါးလာတယ်..။


မေ့ချင်တယ်ဆိုလဲ
အမေ့ခက်သူ
တစ်မူထူးတယ်
နင့်ကိုမှ ချစ်မိပါတယ်။



အိပ်ရေးပျက်လို့
အိပ်ယာတွေ တွန့်ခေါက်
လှိမ့်နောက် လို့  ကြေမွ
အဲ့ဒီညပေါ့
ခဏ ခဏ ကြုံရတာ။



မကြင်နာသူလား
မစာနာစကားဆိုတယ်
နာကျင်ခံရခက်ပေါ့
ခံစားစေသူ။



လှည့်စားတယ်ဆိုမလား
မာယာများတယ်
မုသားတွေ အထပ်ထပ်
သုံးပြီးရင် ထပ်သုံးလဲ
မမုန်းနိုင်တဲ့ ငါပဲ
ရှုံးပြီးရင်း ရှုံးတယ်..။


အိမ်မက်စေရာ
၂၇.၀၁.၁၃

Saturday, January 19, 2013

စိတ္တဇ အတွေးမှ ရင်သွေးငယ်

..................

ဒီကိစ္စကို တိုင်ပင်တော့ မိခင်ဖြစ်သူက မျက်လုံးပြူးပြီး ကြည့်တယ်..နင်ဟာ ဘယ်တော့မဆို ဆိုဆုံးမမှုကို နားမဝင်တဲ့ သမီးပဲ  တဲ့..
အမျိုးမျိုး ပြောဆိုတက်တဲ့ ပတ်ဝန်းကျင် အပေါ် သူမ နဲနဲ လေးမှကို ကြောက်စိတ်မဝင် မိတာ အပြစ်လို့ ကိုယ့်ကိုယ် ကို မမြင်မိဘူး..တကယ်ဆို ပတ်ဝန်းကျင်ဆိုတာက မကောင်းတာတွေ ချည်းသာရွေးပြောတက်တဲ့ အရာမို့လား..ကိုယ်တကယ် အဆင်မပြေတဲ့ အချိန်တွေများ သူတို့က ကူညီမယ်ထင်သလား..လက်ခုပ်တောင် တီးသွားဦးမယ်..ဟော ကိုယ်အဆင်ပြောတဲ့ အချိန်ရော သူတို့ ဝမ်းသာမယ်ထင်နေလား..သူတို့ထက် သာလွန်သွားမှာကိုသာ စိုးရိမ်တက်နေကြတာလေ..ဒါကြောင့် သူမ ဘယ်တော့ မဆို ပတ်ဝန်းကျင်ပြောဆိုတဲ့စကားကို အလေးထားလေ့မရှိတာ..ဒါကို သူမရဲ့ မိခင်က ကြည့်မရ အကြောက်အလန့်ကင်းသူ ဆိုဆုံးမ မရသူရယ်လို့ သူမကို အမြဲမြင်နေတာ..ဝမ်းနည်းမိပေမယ့်လဲ အထူးတလည် စဉ်းစား မနေတော့ပါဘူး..

လောကဓံဆိုတာကြီးကို သူမ ဘယ်လောက်အထိ ခံခဲ့ရသလဲ ဆိုတာ သူမသာလျှင် အသိဆုံးရယ်..
ဒုက္ခရောက်ချိန်များဆို ကူညီမယ့်သူမရှိ တစ်ယောက်ထဲ ဖြစ်သမျှကို ရင်စည်းခံရတာ..ဒါ့အပြင် ပတ်ဝန်းကျင် က မဲ့ကာ ရွဲ့ကာ .တိုးတိုးတစ်မျိုး ကျယ်ကျယ်တစ်မျိုး နှိမ့်ချ ဆက်ဆံချင်ကြသေးတာ..ဒီလို ပတ်ဝန်းကျင်ကို သူမ ဘယ်လို များ အကောင်းမြင်ရပါ့..သူတို့ကို များကြောက်လန့်နေရင်တော့ဖြင့် သူမ ကိုယ့်ကိုယ်သာ အဆုံးစီရင်ဖို့ ပဲ ရှိတော့တာ .. နောက်ဆုံးလက်ကျန် အင်အားနဲ့ သူမ ပြန်လည် ရပ်တည်ခဲ့ ရတာ .ဒါကို မိခင် ဖြစ်သူ မသိမဟုတ်..ဒါပေမယ့် မိခင်ဖြစ်သူက ပတ်ဝန်းကျင်ကို အင်မတန်မှ အလေးထားသူ နဲနဲလေး မှ အပြောမဆို မခံနိုင်သူ.တစ်ခုခုဆို မှန်၏ မမှန်၏ မမေး..အပြစ်သာ တန်းတင်တော့တာ..ဒါကို သူမ စိတ်အညစ်ဆုံး..

ခုဆို သူမအသက် ၂၈ ..အရာအရာကို ရယူနိုင်တာမျိုး မဟုတ်ပေမယ့်  ချွေးနဲစာနဲ့ မိသားစုကို စောင့်ရှောက်နိုင်နေတာ သူမကျေနပ်ပါတယ်..အချစ်ဆိုတာကို အကြိမ်ပေါင်းမြောက်များစွာ လဲ တွေ့ရှိခဲ့ပြီးပါပြီ... နှလုံးသားတွေလဲ အကြိမ်ကြိမ်ပျက်သုဉ်း ခဲ့ပြီးပါပြီ..သူမမှာ ထပ်ပြီး ပျက်ဆီးစရာ နှလုံးသားလဲ မရှိတော့ပါ.. ထပ်ပြီးကျစရာ စိတ်ဓါတ်လဲ မရှိတော့ပါ...ဘာကိုမှ မစဉ်းစားပဲ ပုံမှန်အတိုင်း အသက်ရှင်ရင်းက သတင်းပေါင်းများစွာ သယ်လာတဲ့ မိခင်ကြောင့် သူမမေ့ထားချင်တာကို တောင်မှ အေးအေး ဆေးဆေး မေ့လို့ မရနိုင်ခြင်းရယ်လို့ ယူကြုံးမရ ဖြစ်မိတာ..

သူမက သာမာန်လူသားတစ်ဦးရယ်.. မိသားစုဘဝကို သူမ သိပ်ကို လိုချင်တပ်မက်မိတာ.. သူမ ကြိုးလဲ ကြိုးစားခဲ့တယ်..မိသားစုဘဝ တစ်ခု ဖြစ်လာဖို့ကို.. သစ္စာမဲ့သောသူ သူမကို နာကျင်စေခဲ့သော သူ တစ်ယောက်ကြောင့် မဟုတ်လျှင်တော့ သူမ ဒီအချိန်ဆို မိခင်တစ်ယောက်ဖြစ်နေလောက်ပါပြီ..မိန်းမသား တန်မဲ့ ရုန်းကန် နေရတာ သူမ တခါတလေတော့ ပင်ပန်းတယ်လို့ ခံစားမိပြန်ရော..အားကိုးစရာ ကူညီမယ့်သူရယ်လို့ မရှိတဲ့အခါ ဘယ်လို အရာပဲ ကြုံလာ လာ ကိုယ်တိုင်လုပ်နိုင်မှ ဖြစ်မယ် လို့ ပဲ သူမကို သူမ အားပေးနေရတာ..နောက်ဆုံး သယ်စရာ မ စရာ အလေးအပင်ရှိရင် တောင် ယောင်္ကျားလေးလို သူမ ကိုယ်တိုင်ပဲ သယ်ရင်း မ ရင်း.ခုဆို ခါးတောင် နာတက်လာခဲ့ပြီ..

အထီးကျန်တယ်လို့ မကြာခဏခံစား မိလာတော့ သူမ ကလေးလေး တစ်ယောက်လောက်လိုချင်လာ ပြန်ရော..ဟုတ်တယ်လေ. ချစ်စရာကောင်းတဲ့ ကလေး သေးသေး လေး သာ ရှိနေလျှင် သူလေး အတွက် သူမ ပိုပြီး ကြိုးစားမိမှာ..သူလေး မျက်နှာ မြင်တိုင်းလဲ အေးချမ်းမှုကို ခံစားနေရမှာ မလွဲ ..သူငယ်ချင်းတွေရဲ့ ကလေးလေးတွေ မြင်တိုင်းလဲ သူမ အချစ်ပိုလွန်းစွားနဲ့ သူမကိုတော့ ကလေးချစ်တက်သူ ကလေးတွေနဲ့ ရင်းနှီးလွယ်သူ..ကလေးနားဝင်အောင် ပြောတက်လွန်းသူ ရယ်လို့ အားလုံးက သိထားကြကာ ကလေး ယူတော့လေလို့ မကြာ မကြာ ပြောတက်ကြတယ်..ဒါကြောင့် လဲ သူမ မိခင်နဲ့ တိုင်ပင်ကြည့်တာ..သူမ ကလေးလေး တစ်ယောက် အရူးအမူး လိုချင်နေတာ အမှန် ..သူလေး နဲ့ ဘဝကို ရှေ့ဆက်သွားချင်တယ်..သူလေးအတွက် အနာဂတ် လှလှတွေ ဖန်တီးပေးချင်တယ်..

နဲနဲတော့ ရယ်စရာကောင်းမှာပါ..ဖခင်မရှိပဲ ကလေးတစ်ယောက် လောကကြီးထဲ ဘယ်လို သယ်လာရပါ့ မလဲ.. ဒါကြောင့် လဲ  မိခင်ဖြစ်သူက သူမကို အသဲယားလွန်းစွာ ဖခင်မပေါ်တဲ့ကလေး တစ်ယောက်လွယ်ထားရပြီ ထင်နေတာ.တကယ်တော့ သူမက အခုမှ စိတ်ကူးတုန်းသာ...ပုံမှန်အားဖြင့်တော့ ဘယ်သူကမှ ဖခင်မရှိတဲ့ ကလေးတစ်ယောက်ကို မမွေးချင်ကြဘူးလေ..ဒီအထဲမှာ သူမ မပါဝင်ပါ..ကလေးလေး တစ်ယောက် လူ့လောကထဲ ရောက်လာခြင်းဟာ ဘယ်လောက်များ ပျော်ရွှင်စရာ ကောင်းတဲ့ အဖြစ်အပျက်ပါလဲ..ဒါကို တစ်ချို့ ဘာလို့ များလက်မခံကြပါလိမ့်လို့ သူမတွေးမိတယ်..

သူမက ယောက်ျားတစ်ယောက်ကိုသာ အလိုမရှိတာပါ..သူမ ဘဝမှာ တွေ့ဖူးသမျှ သစ္စာမဲ့သူ ရက်စက်သူ လှည့်ဖြားတက်သူ များသာ..ဒါကြောင့် သူမ ထပ်ပြီး ရှာကြည့်ဖို့လဲ မဝံ့ရဲ..အချစ်စစ်ဆိုတာကို နေရာက ထိုင်စောင့်ဖို့လဲ ဆန္ဒမရှိတော့.လက်တွေ့ဘဝမှာ..ဖြစ်နိုင်တာတွေကြိုးစားပြီး မိသားစုသေးသေးလေး တစ်ခုကို ဖန်တီးချင်တာ..

သူမ ကလေးလေး တစ်ယောက်ယောက်ကို ဖြစ်တဲ့နည်းနဲ့ ဖန်တီးချင်တာ...သူမ အသုံးအနှုန်းများ ရိုင်းသွားလား ဒါကြောင့်လဲ မိခင် က အမြဲပြောတာ ဆိုဆုံးမလို့ မရ သူတဲ့..သူမဟာ ခေါင်းမာ သူပါ..သူမ ကလေး တစ်ယောက်လိုချင်တယ်ဆိုတာက ဖခင်မဲ့တော့မဟုတ်ပါ..သူမတစ်စုံတစ်ဦးကို မလိုချင်ပေမယ့် သူ့ရဲ့ သွေးကိုတော့ လိုချင်ပါတယ်..တစ်စုံတစ်ဦးမပါဝင်ပဲ ဒီကလေးလေးကို သူမတစ်ယောက်ထဲ ပိုင်ဆိုင်ချင်တယ် ဒီအတွက် သူမ အနည်းငယ်တော့ လိမ်လည် လှည့်ဖြားရမှာပေါ့လေ..ဒီကလေးဟာ သူ့ရဲ့သွေးပါဆိုတာကို သူမရိုးသားစွာ ဖွင့်ဟ စရာ တော့မလိုဟု ထင်သည်..ကဲ ဒီလိုနည်းနဲ့ ကလေးလေး တစ်ယောက်သူမ ရရှိ နိုင်မလား..

မရိုးသားတဲ့ နည်းတစ်ချို့နဲ့ သူ့ကို သူမ တစ်ကြိမ်လောက်လှည့်ဖျား ကြည့်ချင်သေးတာ...
ဘယ်သူ့ ဘယ်သူရဲ့ အကူအညီ မပါပဲ ကလေးတစ်ယောက်ကို ကြီးပြင်းစေနိုင်သူ မိခင် ဖြစ်ချင်တာ..
ဖခင်ရော မိခင်တာဝန်ပါ သူမ တစ်ဦးထဲ ယူချင်တာ..ကလေးလေးရဲ့ အချစ်နဲ့ အားကိုးရာ ဟာ သူမ သာလျှင် ဖြစ်ချင်တာ..သူမ လွန်နေမလား..

လောကကြီးမှာ ဖခင်မဲ့စွာ မွေးဖွား ကြီးပြင်းလာတဲ့ ကလေးတွေ မြောက်များစွာ ရှိကြပြီးသား..ကလေးတိုင်းဟာ နာကျင်နေတာတော့ မဟုတ်ပါ..ကျောင်းနေတဲ့ အရွယ် စကားပြောတက်စ အရွယ်တွေမှ စတင်ပြီး ဖခင် ဆိုတာကို ကလေးတိုင်း လိုအပ်ကြမှာ မလွဲပါ..ဒါပေမယ့် ဖခင်မပီသတဲ့ ဖခင်တစ်ယောက်ထက် စာရင်တော့ ဖခင်မဲ့ နေတာ က ပိုကောင်းပါလိမ့်မည်..တစ်ချို့ မြောက်များစွာသော ဖခင်များဟာ သားသမီးကို တာဝန်မယူချင်ကြယုံမျှမက အကြင်နာ မပေးနိုင် လမ်းမှန် လျှောက်မပြနိုင်ဘဲ နှင့် သားသမီးကို ပြန်လည် အဆိပ်သင့်သူတွေ လေ..

ဒါဆို ကျွန်မ မလွန်ပါ..
အနာဂတ်မှာ ကျွန်မရဲ့ ရင်သွေးကို အဆိပ်သင့်စေမယ့် ဖခင်တစ်ယောက်ကို ကျွန်မ အလိုမရှိပါ..
ဘယ်သူဟာ ရိုးသားသူလဲ ဆိုတာကိုလဲ ကျွန်မ ခွဲဝေဆုံးဖြတ်နိုင်တဲ့ အတက်ပညာ မရှိပါ..
အဲ့ဒီတော့ လောက ကြီးမှာ စိတ်ချစရာ ဆိုလို့ ကိုယ်တိုင်က လွဲရင် တစ်ခြားသူ မရှိတဲ့ ဘဝ မှာ ကျွန်မ တစ်ယောက်ထဲ မိခင် ဖြစ်ရုံနဲ့ လုံလောက်ပြီထင်မိတာပါ..

နောက်ထပ်တစ်ခုသော အကြောင်းအရာ ကတော့ ကျွန်မရင်သွေးဟာ ကျွန်မ ချစ်သောသူရဲ့ ရင်သွေးဖြစ်စေချင်တာပါ...
ကျွန်မကိုယ်တိုင် ဖန်တီးတဲ့ လုံလောက်တဲ့ အကြောင်းအရာနဲ့ ဆင်ခြေတွေ ကြားမှာ ကျွန်မဟာ မိခင်ဖြစ်ဖို့ အသင့် ဖြစ်နေပြီး သူ့ကို တော့ ဖခင်ဖြစ်စေမှာပါ..
တစ်ခုပါပဲ ..
အနာဂတ်မှာ ကျွန်မရဲ့ ကလေးလေး..အဆိပ်ကင်းစွာ ကြီးပြင်းရှင်သန်ဖို့ အတွက် အနည်းငယ် လိမ်ညာဖို့တော့ ကျွန်မ မဖြစ်မနေ ကြိုးစား ရမှာပါ..

ကျွန်မဟာ အနာဂတ်မှာ လိမ်ညာသူ ဖြစ်ချင်ဖြစ်မယ်...
မိဘစကား နားမထောင်သူ ဖြစ်ချင်ဖြစ်မယ်..
ပတ်ဝန်းကျင် လက်ညှိုးထိုးစရာ လူ ဖြစ်ချင်ဖြစ်မယ်..
သူ့အတွက် အော်ဂလီဆန်စရာ ဖောက်ပြန်တက်တဲ့ မိန်းမလို့ ထင်ချင်စရာ ဖြစ်ချင်ဖြစ်မယ်...
ဒါပေမယ့်..
ကျွန်မ ကလေးလေးကတော့ အဆိပ်ကင်းစွာ ကြီးပြင်းလာမှာပါ..

ဒီပတ်ဝန်းကျင်ကြီးကို ကျွန်မ ကျောခိုင်းပြီးပြီ ဆိုရင်ပေါ့...

အိမ်မက်စေရာ
၂၀.၁၂.၁၃

( အိမ်မက်ရဲ့ ဘလော့ဂ်လေး ဘာလိုလို နဲ့ ၂ နှစ်ပြည့်သွားပါပြီ.. ပို့စ်ကောင်းကောင်းလေး တစ်ခု ရေးချင်ပေမယ့် ဘာမှ အဆင်သင့်မရှိလို့ ရေးလက်စ စိတ္တဇ ပို့စ်ကိုပဲ လက်စသတ်လိုက်တယ်..စာဖတ်သူတွေ ရင်ထဲ တစ်ခုခု ကြီး ခံစားရခက်သွားမယ်ဆိုရင်ဖြင့်....)

Wednesday, January 2, 2013

အချစ်စစ်မည်သော အရာ


နူးညံ့သိမ်မွေ့မှုတွေနဲ့ လှပမနေတဲ့ ငါ့ရင်ထဲမှာ ကြမ်းတမ်း ရုတ်ရမ်းမှုတွေနဲ့လဲ ညစ်ပတ်မနေပါဘူး..
နေ့ရက်တိုင်းကို သမရိုးကျအပြုံးလေးနဲ့ နှုတ်ဆက်ပြီး ညတွေတိုင်းမှာ ကြယ်တွေကို ရေတွက်ချင်ရုံသက်သက်ပါ..
ဘယ်သူကိုမှ မနာကျင်စေချင်သလို ကိုယ်တိုင် နာကျင်ရမှာကိုလဲ ကြောက်ရွံသူရယ်ပါ.
မေ့ပစ်တယ်ဆိုတာ တကယ်မေ့ပျောက်သွားတာ မဟုတ်ရင်တောင် အဓိပ္ပါယ်တစ်မျိုးနဲ့ အသက်ရှင်ခြင်းလို့လဲ အမည်ရပါလိမ့်မယ်.
မျက်လုံးလေးမှိတ်ပြီး ခဏတာ အိပ်ခွင့်ပြုပါ..
မုသားတွေလဲ မကြားပါရစေနဲ့.
အမှားတွေလဲ မထားပါရစေနဲ့တော့..
အပြစ်တင်တာတွေလဲ ခဏလောက်ရပ်ပေးပါ..
တကယ့်ကို ငြိမ်ငြိမ်သက်သက်လေး လဲလျောင်းကြည့်ချင်လို့..
ခဏလေး ပါပဲ..
အဲ့ဒီ ခဏလေး ဆိုတာ ကို အနှောင့်အယှက် ကင်းစွာ ဖြတ်သန်းခွင့် ပြုမယ်ဆိုရင်
ငါ နင့်ကို တသက်လုံးကျေးဇူးတင်မိမှာပါ..
လက်ငြိုးတွေ တစ်ချက်လောက်ပဲ ရုတ်သိမ်းပေးပါ..
ပေးဆပ်မှုတစ်ခုစီက ကိုယ့်အတွက် ဖြစ်မလာတိုင်း ယူကြုံးမရတာဟာ ကိုယ့်ကိုယ် ကို နှိပ်စက်နည်းတစ်မျိုးပါ..
အဲ့ဒီတော့ ..
ခဏလေး ကို ငါ့အတွက် ခဏလောက် အပိုင်ပေးကြည့်ပါ..
အနူးအညွတ် တောင်းပန်ပါရစေ.
အချစ်တွေမပါ အမုန်းတွေကင်းတဲ့
မေတ္တာသက်သက်နဲ့ လမ်းကလေးတစ်ခုကို အသက်ရှင်ချိန် ခဏလေး လျှောက်ခွင့်ပေးပါ။။
နေ့ရက်တစ်ခု ကို ငါမမေ့ပါဘူး.. မှတ်တိုင်တစ်ခု စိုက်ထူခဲ့ဖူးလို့ နောင်တတော့ မရတော့ပါဘူး..
အရာအားလုံးဟာ ဝဋ်ကြွေးပါလာခဲ့လို့သာ ဖြစ်လာခဲ့တာပါ..
သူတပါးကို ပေးဆပ်တာဟာ ကိုယ်ပြန်လည်ရယူဖို့ မဟုတ်မှသာ အချစ်စစ် မည်ပါတယ်..

အိမ်မက်စေရာ
၀၂.၀၁.၁၃