Pages

Saturday, January 19, 2013

စိတ္တဇ အတွေးမှ ရင်သွေးငယ်

..................

ဒီကိစ္စကို တိုင်ပင်တော့ မိခင်ဖြစ်သူက မျက်လုံးပြူးပြီး ကြည့်တယ်..နင်ဟာ ဘယ်တော့မဆို ဆိုဆုံးမမှုကို နားမဝင်တဲ့ သမီးပဲ  တဲ့..
အမျိုးမျိုး ပြောဆိုတက်တဲ့ ပတ်ဝန်းကျင် အပေါ် သူမ နဲနဲ လေးမှကို ကြောက်စိတ်မဝင် မိတာ အပြစ်လို့ ကိုယ့်ကိုယ် ကို မမြင်မိဘူး..တကယ်ဆို ပတ်ဝန်းကျင်ဆိုတာက မကောင်းတာတွေ ချည်းသာရွေးပြောတက်တဲ့ အရာမို့လား..ကိုယ်တကယ် အဆင်မပြေတဲ့ အချိန်တွေများ သူတို့က ကူညီမယ်ထင်သလား..လက်ခုပ်တောင် တီးသွားဦးမယ်..ဟော ကိုယ်အဆင်ပြောတဲ့ အချိန်ရော သူတို့ ဝမ်းသာမယ်ထင်နေလား..သူတို့ထက် သာလွန်သွားမှာကိုသာ စိုးရိမ်တက်နေကြတာလေ..ဒါကြောင့် သူမ ဘယ်တော့ မဆို ပတ်ဝန်းကျင်ပြောဆိုတဲ့စကားကို အလေးထားလေ့မရှိတာ..ဒါကို သူမရဲ့ မိခင်က ကြည့်မရ အကြောက်အလန့်ကင်းသူ ဆိုဆုံးမ မရသူရယ်လို့ သူမကို အမြဲမြင်နေတာ..ဝမ်းနည်းမိပေမယ့်လဲ အထူးတလည် စဉ်းစား မနေတော့ပါဘူး..

လောကဓံဆိုတာကြီးကို သူမ ဘယ်လောက်အထိ ခံခဲ့ရသလဲ ဆိုတာ သူမသာလျှင် အသိဆုံးရယ်..
ဒုက္ခရောက်ချိန်များဆို ကူညီမယ့်သူမရှိ တစ်ယောက်ထဲ ဖြစ်သမျှကို ရင်စည်းခံရတာ..ဒါ့အပြင် ပတ်ဝန်းကျင် က မဲ့ကာ ရွဲ့ကာ .တိုးတိုးတစ်မျိုး ကျယ်ကျယ်တစ်မျိုး နှိမ့်ချ ဆက်ဆံချင်ကြသေးတာ..ဒီလို ပတ်ဝန်းကျင်ကို သူမ ဘယ်လို များ အကောင်းမြင်ရပါ့..သူတို့ကို များကြောက်လန့်နေရင်တော့ဖြင့် သူမ ကိုယ့်ကိုယ်သာ အဆုံးစီရင်ဖို့ ပဲ ရှိတော့တာ .. နောက်ဆုံးလက်ကျန် အင်အားနဲ့ သူမ ပြန်လည် ရပ်တည်ခဲ့ ရတာ .ဒါကို မိခင် ဖြစ်သူ မသိမဟုတ်..ဒါပေမယ့် မိခင်ဖြစ်သူက ပတ်ဝန်းကျင်ကို အင်မတန်မှ အလေးထားသူ နဲနဲလေး မှ အပြောမဆို မခံနိုင်သူ.တစ်ခုခုဆို မှန်၏ မမှန်၏ မမေး..အပြစ်သာ တန်းတင်တော့တာ..ဒါကို သူမ စိတ်အညစ်ဆုံး..

ခုဆို သူမအသက် ၂၈ ..အရာအရာကို ရယူနိုင်တာမျိုး မဟုတ်ပေမယ့်  ချွေးနဲစာနဲ့ မိသားစုကို စောင့်ရှောက်နိုင်နေတာ သူမကျေနပ်ပါတယ်..အချစ်ဆိုတာကို အကြိမ်ပေါင်းမြောက်များစွာ လဲ တွေ့ရှိခဲ့ပြီးပါပြီ... နှလုံးသားတွေလဲ အကြိမ်ကြိမ်ပျက်သုဉ်း ခဲ့ပြီးပါပြီ..သူမမှာ ထပ်ပြီး ပျက်ဆီးစရာ နှလုံးသားလဲ မရှိတော့ပါ.. ထပ်ပြီးကျစရာ စိတ်ဓါတ်လဲ မရှိတော့ပါ...ဘာကိုမှ မစဉ်းစားပဲ ပုံမှန်အတိုင်း အသက်ရှင်ရင်းက သတင်းပေါင်းများစွာ သယ်လာတဲ့ မိခင်ကြောင့် သူမမေ့ထားချင်တာကို တောင်မှ အေးအေး ဆေးဆေး မေ့လို့ မရနိုင်ခြင်းရယ်လို့ ယူကြုံးမရ ဖြစ်မိတာ..

သူမက သာမာန်လူသားတစ်ဦးရယ်.. မိသားစုဘဝကို သူမ သိပ်ကို လိုချင်တပ်မက်မိတာ.. သူမ ကြိုးလဲ ကြိုးစားခဲ့တယ်..မိသားစုဘဝ တစ်ခု ဖြစ်လာဖို့ကို.. သစ္စာမဲ့သောသူ သူမကို နာကျင်စေခဲ့သော သူ တစ်ယောက်ကြောင့် မဟုတ်လျှင်တော့ သူမ ဒီအချိန်ဆို မိခင်တစ်ယောက်ဖြစ်နေလောက်ပါပြီ..မိန်းမသား တန်မဲ့ ရုန်းကန် နေရတာ သူမ တခါတလေတော့ ပင်ပန်းတယ်လို့ ခံစားမိပြန်ရော..အားကိုးစရာ ကူညီမယ့်သူရယ်လို့ မရှိတဲ့အခါ ဘယ်လို အရာပဲ ကြုံလာ လာ ကိုယ်တိုင်လုပ်နိုင်မှ ဖြစ်မယ် လို့ ပဲ သူမကို သူမ အားပေးနေရတာ..နောက်ဆုံး သယ်စရာ မ စရာ အလေးအပင်ရှိရင် တောင် ယောင်္ကျားလေးလို သူမ ကိုယ်တိုင်ပဲ သယ်ရင်း မ ရင်း.ခုဆို ခါးတောင် နာတက်လာခဲ့ပြီ..

အထီးကျန်တယ်လို့ မကြာခဏခံစား မိလာတော့ သူမ ကလေးလေး တစ်ယောက်လောက်လိုချင်လာ ပြန်ရော..ဟုတ်တယ်လေ. ချစ်စရာကောင်းတဲ့ ကလေး သေးသေး လေး သာ ရှိနေလျှင် သူလေး အတွက် သူမ ပိုပြီး ကြိုးစားမိမှာ..သူလေး မျက်နှာ မြင်တိုင်းလဲ အေးချမ်းမှုကို ခံစားနေရမှာ မလွဲ ..သူငယ်ချင်းတွေရဲ့ ကလေးလေးတွေ မြင်တိုင်းလဲ သူမ အချစ်ပိုလွန်းစွားနဲ့ သူမကိုတော့ ကလေးချစ်တက်သူ ကလေးတွေနဲ့ ရင်းနှီးလွယ်သူ..ကလေးနားဝင်အောင် ပြောတက်လွန်းသူ ရယ်လို့ အားလုံးက သိထားကြကာ ကလေး ယူတော့လေလို့ မကြာ မကြာ ပြောတက်ကြတယ်..ဒါကြောင့် လဲ သူမ မိခင်နဲ့ တိုင်ပင်ကြည့်တာ..သူမ ကလေးလေး တစ်ယောက် အရူးအမူး လိုချင်နေတာ အမှန် ..သူလေး နဲ့ ဘဝကို ရှေ့ဆက်သွားချင်တယ်..သူလေးအတွက် အနာဂတ် လှလှတွေ ဖန်တီးပေးချင်တယ်..

နဲနဲတော့ ရယ်စရာကောင်းမှာပါ..ဖခင်မရှိပဲ ကလေးတစ်ယောက် လောကကြီးထဲ ဘယ်လို သယ်လာရပါ့ မလဲ.. ဒါကြောင့် လဲ  မိခင်ဖြစ်သူက သူမကို အသဲယားလွန်းစွာ ဖခင်မပေါ်တဲ့ကလေး တစ်ယောက်လွယ်ထားရပြီ ထင်နေတာ.တကယ်တော့ သူမက အခုမှ စိတ်ကူးတုန်းသာ...ပုံမှန်အားဖြင့်တော့ ဘယ်သူကမှ ဖခင်မရှိတဲ့ ကလေးတစ်ယောက်ကို မမွေးချင်ကြဘူးလေ..ဒီအထဲမှာ သူမ မပါဝင်ပါ..ကလေးလေး တစ်ယောက် လူ့လောကထဲ ရောက်လာခြင်းဟာ ဘယ်လောက်များ ပျော်ရွှင်စရာ ကောင်းတဲ့ အဖြစ်အပျက်ပါလဲ..ဒါကို တစ်ချို့ ဘာလို့ များလက်မခံကြပါလိမ့်လို့ သူမတွေးမိတယ်..

သူမက ယောက်ျားတစ်ယောက်ကိုသာ အလိုမရှိတာပါ..သူမ ဘဝမှာ တွေ့ဖူးသမျှ သစ္စာမဲ့သူ ရက်စက်သူ လှည့်ဖြားတက်သူ များသာ..ဒါကြောင့် သူမ ထပ်ပြီး ရှာကြည့်ဖို့လဲ မဝံ့ရဲ..အချစ်စစ်ဆိုတာကို နေရာက ထိုင်စောင့်ဖို့လဲ ဆန္ဒမရှိတော့.လက်တွေ့ဘဝမှာ..ဖြစ်နိုင်တာတွေကြိုးစားပြီး မိသားစုသေးသေးလေး တစ်ခုကို ဖန်တီးချင်တာ..

သူမ ကလေးလေး တစ်ယောက်ယောက်ကို ဖြစ်တဲ့နည်းနဲ့ ဖန်တီးချင်တာ...သူမ အသုံးအနှုန်းများ ရိုင်းသွားလား ဒါကြောင့်လဲ မိခင် က အမြဲပြောတာ ဆိုဆုံးမလို့ မရ သူတဲ့..သူမဟာ ခေါင်းမာ သူပါ..သူမ ကလေး တစ်ယောက်လိုချင်တယ်ဆိုတာက ဖခင်မဲ့တော့မဟုတ်ပါ..သူမတစ်စုံတစ်ဦးကို မလိုချင်ပေမယ့် သူ့ရဲ့ သွေးကိုတော့ လိုချင်ပါတယ်..တစ်စုံတစ်ဦးမပါဝင်ပဲ ဒီကလေးလေးကို သူမတစ်ယောက်ထဲ ပိုင်ဆိုင်ချင်တယ် ဒီအတွက် သူမ အနည်းငယ်တော့ လိမ်လည် လှည့်ဖြားရမှာပေါ့လေ..ဒီကလေးဟာ သူ့ရဲ့သွေးပါဆိုတာကို သူမရိုးသားစွာ ဖွင့်ဟ စရာ တော့မလိုဟု ထင်သည်..ကဲ ဒီလိုနည်းနဲ့ ကလေးလေး တစ်ယောက်သူမ ရရှိ နိုင်မလား..

မရိုးသားတဲ့ နည်းတစ်ချို့နဲ့ သူ့ကို သူမ တစ်ကြိမ်လောက်လှည့်ဖျား ကြည့်ချင်သေးတာ...
ဘယ်သူ့ ဘယ်သူရဲ့ အကူအညီ မပါပဲ ကလေးတစ်ယောက်ကို ကြီးပြင်းစေနိုင်သူ မိခင် ဖြစ်ချင်တာ..
ဖခင်ရော မိခင်တာဝန်ပါ သူမ တစ်ဦးထဲ ယူချင်တာ..ကလေးလေးရဲ့ အချစ်နဲ့ အားကိုးရာ ဟာ သူမ သာလျှင် ဖြစ်ချင်တာ..သူမ လွန်နေမလား..

လောကကြီးမှာ ဖခင်မဲ့စွာ မွေးဖွား ကြီးပြင်းလာတဲ့ ကလေးတွေ မြောက်များစွာ ရှိကြပြီးသား..ကလေးတိုင်းဟာ နာကျင်နေတာတော့ မဟုတ်ပါ..ကျောင်းနေတဲ့ အရွယ် စကားပြောတက်စ အရွယ်တွေမှ စတင်ပြီး ဖခင် ဆိုတာကို ကလေးတိုင်း လိုအပ်ကြမှာ မလွဲပါ..ဒါပေမယ့် ဖခင်မပီသတဲ့ ဖခင်တစ်ယောက်ထက် စာရင်တော့ ဖခင်မဲ့ နေတာ က ပိုကောင်းပါလိမ့်မည်..တစ်ချို့ မြောက်များစွာသော ဖခင်များဟာ သားသမီးကို တာဝန်မယူချင်ကြယုံမျှမက အကြင်နာ မပေးနိုင် လမ်းမှန် လျှောက်မပြနိုင်ဘဲ နှင့် သားသမီးကို ပြန်လည် အဆိပ်သင့်သူတွေ လေ..

ဒါဆို ကျွန်မ မလွန်ပါ..
အနာဂတ်မှာ ကျွန်မရဲ့ ရင်သွေးကို အဆိပ်သင့်စေမယ့် ဖခင်တစ်ယောက်ကို ကျွန်မ အလိုမရှိပါ..
ဘယ်သူဟာ ရိုးသားသူလဲ ဆိုတာကိုလဲ ကျွန်မ ခွဲဝေဆုံးဖြတ်နိုင်တဲ့ အတက်ပညာ မရှိပါ..
အဲ့ဒီတော့ လောက ကြီးမှာ စိတ်ချစရာ ဆိုလို့ ကိုယ်တိုင်က လွဲရင် တစ်ခြားသူ မရှိတဲ့ ဘဝ မှာ ကျွန်မ တစ်ယောက်ထဲ မိခင် ဖြစ်ရုံနဲ့ လုံလောက်ပြီထင်မိတာပါ..

နောက်ထပ်တစ်ခုသော အကြောင်းအရာ ကတော့ ကျွန်မရင်သွေးဟာ ကျွန်မ ချစ်သောသူရဲ့ ရင်သွေးဖြစ်စေချင်တာပါ...
ကျွန်မကိုယ်တိုင် ဖန်တီးတဲ့ လုံလောက်တဲ့ အကြောင်းအရာနဲ့ ဆင်ခြေတွေ ကြားမှာ ကျွန်မဟာ မိခင်ဖြစ်ဖို့ အသင့် ဖြစ်နေပြီး သူ့ကို တော့ ဖခင်ဖြစ်စေမှာပါ..
တစ်ခုပါပဲ ..
အနာဂတ်မှာ ကျွန်မရဲ့ ကလေးလေး..အဆိပ်ကင်းစွာ ကြီးပြင်းရှင်သန်ဖို့ အတွက် အနည်းငယ် လိမ်ညာဖို့တော့ ကျွန်မ မဖြစ်မနေ ကြိုးစား ရမှာပါ..

ကျွန်မဟာ အနာဂတ်မှာ လိမ်ညာသူ ဖြစ်ချင်ဖြစ်မယ်...
မိဘစကား နားမထောင်သူ ဖြစ်ချင်ဖြစ်မယ်..
ပတ်ဝန်းကျင် လက်ညှိုးထိုးစရာ လူ ဖြစ်ချင်ဖြစ်မယ်..
သူ့အတွက် အော်ဂလီဆန်စရာ ဖောက်ပြန်တက်တဲ့ မိန်းမလို့ ထင်ချင်စရာ ဖြစ်ချင်ဖြစ်မယ်...
ဒါပေမယ့်..
ကျွန်မ ကလေးလေးကတော့ အဆိပ်ကင်းစွာ ကြီးပြင်းလာမှာပါ..

ဒီပတ်ဝန်းကျင်ကြီးကို ကျွန်မ ကျောခိုင်းပြီးပြီ ဆိုရင်ပေါ့...

အိမ်မက်စေရာ
၂၀.၁၂.၁၃

( အိမ်မက်ရဲ့ ဘလော့ဂ်လေး ဘာလိုလို နဲ့ ၂ နှစ်ပြည့်သွားပါပြီ.. ပို့စ်ကောင်းကောင်းလေး တစ်ခု ရေးချင်ပေမယ့် ဘာမှ အဆင်သင့်မရှိလို့ ရေးလက်စ စိတ္တဇ ပို့စ်ကိုပဲ လက်စသတ်လိုက်တယ်..စာဖတ်သူတွေ ရင်ထဲ တစ်ခုခု ကြီး ခံစားရခက်သွားမယ်ဆိုရင်ဖြင့်....)

4 comments:

လွင်ပြင်လှိုင်းငယ် said...

2နှစ်သမီးလေးဖြစ်သွားပြီပေါ့...အိပ်မက်တစ်ယောက်
စာပေတွေ ရင်ထဲရှိသလောက်ရေးသားနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ် ။ပို့စ်လေးကလဲ ခံစားလို့ကောင်းပါတယ် ။ အမြဲအားပေးလျက်ပါ ။

မိုးနတ်ကြယ်စင် said...

၂ နှစ်ပြည့်မှသည်.......နောင်နှစ်ပေါင်းများစွာ
တိုင်အောင်လို့..................................
ဆုတောင်းပေးပါတယ်နော်.....
မထင်နဲ့ ...
ပို့စ်လေးက ဆွဲဆောင်မှုရှိတယ်....မိုးနတ်မှာဆို
ကိုယ်ထင်မထားတာလေး ဖတ်လိုက်ရလို့
အံ့သြလို့တောင်နေမိသေးတယ်....:)
စိတ်ဝင်စားဖို့ကောင်းတယ်....
ခင်တဲ့.....မိုးနတ်

ချော (အစိမ်းရောင်လွင်ပြင်) said...

2နှစ်သမီးလေးမှသည် အိနြေ္ဒရင့်ကျက်သော သမီးပျိုလေး ဖြစ်လာပြီး စာတွေ အများကြီးအများကြီးရေးနိုင်ပါစေနော်။
ပိုစ့်ထဲက ကလေးလေးလည်း အဆိပ်ကင်းစွာ ကြီးပြင်းလာနိုင်ပါစေလို့..

Anonymous said...

သြော် ဘာများဖြစ်တာလဲလို့