Pages

Friday, November 11, 2011

ကားအနီလေး သူငယ်ချင်းတစ်စု နှင့် ကျောက်တန်းရေလည်ဘုရား



ထိုကားသည် အနီရောင်ဖြစ်သည်။သေချာပြောရလျှင် အနီရောင်ဟိုင်းလပ်ကားလေးတစ်စီးဖြစ်သည်။
ထိုကားတွင် ပိုင်ရှင်ရှိသည်။ ပိုင်ရှင်မှာ မြို့နယ်၏ မျက်နှာဖုံး လူကြီးတစ်ဦးဖြစ်သည်။ လိုင်ပြေးဆွဲသည့် ကားမဟုတ်သော ထိုအိမ်စီးကား ဟိုင်းလပ်လေးကို ထိုလူသည် ကျောင်းသားများ ဖယ်ရီအဖြစ်အသုံးပြုခွင့်ပေးထားသည်။
ထိုကားကိုမောင်းသော ဒရိုင်ဘာ ရှိသည်။ သို့သော် မကြခဏဆိုသလိုပင် ပိုင်ရှင်၏ သားသည် ကျောင်းသားများကိုမောင်းပို့လေ့ ရှိသည်။ ထိုသူမောင်းသည့် နေ့တွင် ကျောင်းသားအားလုံးသည် ဟေးလား ဝါးလား နှင့် အလွန်ပျော်တက်ကြသည်။

ထိုကားအနီရောင်လေးကို ကျွန်မတို့ တစ်အုပ်စုလုံး ပထမနှစ်မှ စ၍ စီးလာသည်မှာ နောက်ဆုံးနှစ်ရောက်သည် အထိပင်ဖြစ်သည်။ ကျောင်းကားများ စုံရပ်မှာ မြို့နယ်ဈေး အနားတွင်ဖြစ်သည်။ ကားအားလုံးမထွက်ခင် ကျောင်းသားများ ရောက်နှင့်၍ အဆင်ပြေသောကားတွင် လိုက်ပါကြသည်။ ဘယ်လိုက ဘယ်လို ထိုကားကို ကျွန်မရွေးချယ်ဖြစ်ခဲ့ခြင်း ဖြစ်သည် မသိပါ။ သိုပေမယ့် ငယ်သူငယ်ချင်း တစ်ချို့နှင့်အတူထိုကားကို စီးဖြစ်သည်။ တခြားသူများလဲ လာစီးကြသည်။ သိုပေမယ့် နောက်ဆုံးတွင် အမြဲစီးဖြစ်သော အုပ်စုသည် အဖွဲ့ဖြစ်သွားကာ အရင်းအနှီးဆုံးသူငယ်ချင်းများလဲ ဖြစ်သွားကြသည်။

တခြားသူများ ထိုကားကို မစီးချင်ကြပါ။ ဘာ့ကြောင့်ပါလဲ???
ကားဒရိုင်ဘာမောင်းသည့်အချိန်တွင် ပုံမှန်အခြေအနေမှာ ရှိသော်လည်း ပိုင်ရှင်၏သားမောင်းသည့် အချိန်တွင်တော့ ထိုကားသည် ပြိုင်ကားဖြစ်သွားစမြဲပင်။ ထို့ကြောင့်လဲ ကျောင်းသားတော်တော်များများ ကြောက်လန့်၍ မစီးရဲကြ။ အပေအတေ ဖြစ်သော ကျွန်မတို့ အုပ်စုကတော့ ဒရိုင်ဘာ လာမောင်းမည်ကိုတောင် စိုးရိမ်နေသေးကာ ထိုပိုင်ရှင်၏သား မောင်းသည့်အခါမှ ကျေနပ်တက်ကြသည်။ အကြောင်းသိသော မိဘများသည် ထိုကားအနီရောင်ကို မစီးရန်မှာတက်ကြသည်။ သို့ပေမယ့် မိဘစကားနားမထောင်သော သူငယ်ချင်းအချို့က စီးမြဲ။ ဘာမှ မသိသော ကျွန်မ၏ မိဘများကတော့ ဘာမှ မပြော။ ဒါကျွန်မအတွက် အကောင်းဆုံးပင် မဟုတ်လျှင် ကားထွက်သော အချိန်တွင် အိမ်ရှေ့မှ ဖြစ်သွားခြင်းဖြစ်ရာ ခိုးစီးလို့ မရ အိမ်က သိသွားနိုင်သည်။ ခုတော့ အဆင်ပြေသည်။ ပြောမည့်သူမရှိ။

ကားထွက်တော့မည်။ ရောက်ရှိလာသူမှာ ပိုင်ရှင်၏သား "ဟေး" တညီတညွတ်ထဲ ဝိုင်းအော်သော ကျွန်မတို့ အုပ်စုကို တခြားသူများ မျက်စောင်းထိုး၍ ကြည့်ကြသည်။ မပူပါ .. ကျွန်မတို့ ဘာကိုမှ ဂရုစိုက်ပူပင်လေ့မရှိကြ ဒါကြောင့် ပေါင်းမိကြခြင်းဖြစ်သည်။ "ကိုညီမောင်းပါ ကိုညီမောင်းပါ" ဟု ဝိုင်းအော်ကြသည်။ သူ့အမည်ကို ဝိုင်းအော်နေကြသော အုပ်စုကြားတွင် ထိုသူသည် သူရဲကောင်းကဲ့သို့ မိန့်မိန့်ကြီး ပြုံးနေသည်။

ကားထွက်ပြီ။ အားလုံးကားပေါ်ကိုတက်ကာ အသင့်နေရာယူပြီး ဖြစ်ပြီ။ ကားစက်နှိုးသံ ကြားသည်နှင့် အားလုံးတစ်ယောက်နှင့်တစ်ယောက်အနည်းငယ် ပူးကပ်သွားသည်။ ပြီးလျှင် အနားမှာ ရှိသူ သို့မဟုတ် အပေါ်မှ လက်တန်းကို သေချာကိုင်ထားရသည်။မဟုတ်လျှင်မလွယ် ကားထွက်ပြီဆိုလျှင် အရှိန်ကို ဝုန်း ကနဲ တင်ကာ ထွက်တက်သောကြောင့် နောက်ခန်းမှ ကျောင်းသားများအားလုံး အရှေ့ဘက်သို့ စုပြုံကပ်သွားကြသည်။ တစ်ခါက အကြောင်းမသိဘဲ လာစီးသော ကျောင်းသူလေး တစ်ယောက်အဖြစ်က သနားစရာပင်ကောင်းသည်။ ထိုနေ့က ကျောင်းအပြန်ချိန် လမ်းအကွေ့မှာ တစ်ဖက်မှ ကားက အတင်းဝင်လာချိန် ကားမောင်းသူ ကိုညီက ဘရိတ်ကို စောင့်နင်းလိုက်ရာ အားလုံးအရှေ့ကို အရှိန်နှင့်ကပ်ကုန်ကြသည်။ သူမောင်းလာသည့်အရှိန်က များလွန်း၍ လူတွေလဲ ကိုယ်ကိုယ်ကို မထိန်းနိုင်ကြတော့ပေ။ ကံဆိုးသူ ထိုကျောင်းသူလေးမှာ အရှေ့ ( ကားခေါင်းနားကပ်ရပ်) တွင် ထိုင်လာလေရာ ကားဆောင့်သောအရှိန်သူ့ကို အားလုံးဝိုင်းဖိသလိုဖြစ်ကာ တက် သွားတော့သည်။ ကျွန်မမှာ သူ၏ နဘေးမှ ဖြစ်ရာ ဘာဖြစ်တာလဲ ဘာဖြစ်တာလဲ အကြိမ်ကြိမ်မေးသော်လဲ အဖြေမထွက်လာ၍ ဟဲ့ လုပ်ကြပါဦးဟ အော်ရသည်။ ကားရပ်၍အားလုံးဝိုင်းဝန်းပြုစုလိုက်ရသည်။ လက်များတစ်ချောင်းနှင့် တစ်ချောင်းကပ်နေ၍ မနဲခွာရသည်။ ပရုတ်စီလိမ်း ရှုဆေးပေး ဖြစ်ကုန်သည်။ အားလုံးလဲ ငိုရမလို ရယ်ရမလိုနှင့်။ နောက်နေ့တွင် သူမသည် ကားအနီဆိုလျှင် ဝေါင်ဝေါင်ရှေးကာ ဝေးဝေးက ရှောင်တော့သည်။ ကားမောင်းသူ ကိုညီ၏ နောက်ထပ်စတိုင်တစ်မျိုးမှာ ကားမောင်းနေစဉ် မကြာမကြာ ခြေထောက်ကို ကားပြတင်းပေါက်ဘောင်ကို ထုတ်တက်သည်။ သူမောင်းသော ကားသည် ထွက်စတွင် အရှိန်အပြည့်နှင့် ဖြစ်သော်လည်း လမ်းတစ်ဝက်ရောက်လျှင် ပုံမှန်ဆိုသလို ရပ်တက်သည်။ ကျွန်မတို့ အုပ်စုကတော့ဖြင့် မပူပါ။ ကားရပ်လျှင်ကားပေါ်ကဆင်း ဝေး ဝါး နှင့် အော်။ လမ်းပေါ်က တွေ့သမျှအပင် လိုက်ချိုး ကာ အိမ်ကို သယ် နှင့် ဝုန်း ဒိုင်း ကျဲ နေတော့သည်။ သူကားပြင်ပြီးလျှင် ပြန်တက် ပြန်မောင်း နောက်ဆုံးတော့လဲ အိမ်ရောက်တာပင်။ ထိုကားအနီလေးကို နှစ်စ မှ နှစ်ဆုံး စီးခဲ့သော်လည်း ကျွန်မတို့ တစ်ဖွဲ့ တစ်စုံတစ်ရာ ပြဿနာ မဖြစ် အန္တရာယ်မဖြစ်ခဲ့ခြင်းက ကံကြောင့်လား ကိုညီပင် ကားမောင်း ကျွမ်းကျင်လို့လား ဆိုတာကို တော့ ကျွန်မလဲ မပြေတက်ပေ။ တက္ကသိုလ်တက်စဉ် ကာလ တစ်လျှောက်လုံး မှာတော့ဖြင့် ထိုကားအနီလေး မှာ ကျွန်မတို့၏ အချစ်တော် . ပျော်စရာ အမှတ်တရများစွာကို ပေးစွမ်း ခဲ့သော ဒူပေ ဒါပေ ခံသည့် ကားလေးပင်ဖြစ်သည်။

သို့ပေမယ့် ကျွန်မတို့ ဒုတိယနှစ်အရောက်တွင် ထိုကားလေးမှ ဝမ်းနည်းစရာ သတင်းတစ်ခုသယ်လာပေးခဲ့သည်။ ကျွန်မတို့ အုပ်စုနှင့်တိုက်ရိုက်မပတ်သတ်သော်ငြားလဲ ကျွန်မတို့ နှင့် ရင်းနှီးသူများဖြစ်လေရာ ကျွန်မတို့မှာ ထပ်တူထပ်မျှ ဝမ်းနည်းခဲ့ရသည်။ထိုကားလေး သည် သူကိုယ်တိုင် ပါဝင်မပတ်သတ်သော်ငြား သူသယ်ဆောင်ရာ လူများတွင် ဖြစ်ပွားခဲ့လေရာ ထိုကားလေးနှင့် ထိုသတင်းမှာ တွဲ၍ ဝမ်းနည်းဖွယ်ရာ အဖြစ် ထင်ကျန်ခဲ့လေသည်။

အဖြစ်အပျက် အစ။
နောက်ဆုံးနှစ် ကျောင်းသားများအတွက် ထိုနေ့သည် နောက်ဆုံးစာမေးပွဲ ဖြေသည့်ရက်ဖြစ်ကာသူငယ်ချင်းတစ်စု ခရီးတိုထွက်ဖို့ စီစဉ်ထားကြသည်။ကားကိုတော့ အားလုံးစုငှားကြမည်။ ထိုအခါ အားလုံးက ရင်းနှီးနေသော ကားဒရိုင်ဘာ နှင့် ကားမှာ အနီရောင်ကားလေး ဖြစ်သည်။ ထို့ကြောင့်ထိုကားကို ငှားဖို့ ဆုံးဖြစ်ကာ ပြောဆိုကြတော့လဲ အဆင်ပြေသွားကြသည်။ ထို့ကြောင့် စားမေးပွဲ ပြီးလျှင် အားလုံးသံလျင်ကျောက်တန်း ရေလည်ဘုရားသွားကြမည်။ ထိုအုပ်စုမှာ ကျွန်မတို့၏ ရှေ့တစ်နှစ်မှ နောက်ဆုံးနှစ်ကျောင်းသား စီနီယာများဖြစ်ကြသည်။ ခရီးတိုဖြစ်၍ စားစရာ နှင့် အခင်းများသယ်ကြသည်။ ဒါပြီးရင် ဘယ်ကို သွားမည် ဟု အစီအစဉ်ချကြသည်။ နောက်ဆုံးနှစ်ဖြစ်လေရာ သူငယ်ချင်းများ နောက်ဆိုလျှင်ဆုံဖို့ သိပ်မလွယ်ကူချေ။ ထိုကြောင့်လဲ အလွမ်းသယ်ကာ အပြတ်ကဲကြ စကြ နောက်ကြ နှင့် ပျော်စရာပင်။ သို့နှင့် ကျောက်တန်းရေလည်ဘုရားသို့ရောက်သည်။ လှေငှားကာ ဘုရားကိုပတ်သည်။ ထိုဘုရားတွင် ပါးစပ်ရာဇဝင်လား အမှန်လား မသိသော လက်ဝဲမှ လက်ယာ (လား ) လက်ယာမှ လက်ဝဲ သို့လား မပတ်ရ ဟုပြောကြသည်။ တကယ်တော့ ကျွန်မတစ်ခါမှ မရောက်ဖူးသော နေရာဖြစ်နေ၍ ဘယ်နေရာတွင် ဘာရှိ ၍ ဘာလုပ်ရ မလုပ်ရကို ကျွန်မအသေအချာတော့ မသိတာ အမှန်ပင်။ ထိုအုပ်စုသည် ဘက်မှား၍ ပတ်ခဲ့သည်ဟု ပြောကြသည်။ အမှန်ဟုတ်မဟုတ်ကိုကား မသေချာပါ။ ထိုသို့လှေစီးရင်း စရင်းနောက်ရင်း အရှိန်လွန်ကာ ကျောင်းသားတစ်ဦးရေထဲ သို့ပြုတ်ကျသွားသည်။အားလုံးလဲ ပြာယာ ခတ်ကုန်ကာ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ။ မျက်စိတွေလဲ ပြာကုန်ကြသည်။ ကယ်ကြပါဦး လုပ်ကြပါဦး နှင့် ခြေမကိုင်မိ လက်မကိုင် မိဖြစ်ကုန်သည်။ ထိုအချိန်တွင် ထိုအဖွဲ့မှ တစ်ဦးက ရေထဲသို့ ခုန်ဆင်းသွားကာ သူ၏သူငယ်ချင်းကို ကယ်ရန် ကြိုးစားသည်။ အမှန်တော့ ထိုသူသည်လဲ ရေကောင်းကောင်းကူးတက်သူ မဟုတ်ပါ။ သူဘာမှ စဉ်းစားမိဟန်မတူ သူငယ်ချင်းကို ကယ်ဖို့ အရေးကြီးကာ ရေထဲ ဆင်း၍ ကယ်သည်။ ကံကောင်းထောက်မစွာ ထိုသူကို ကယ်နိုင်ခဲ့သည်။ သို့သော် ကံဆိုးသူ ကယ်တင်ရှင် သူငယ်ချင်းမှာ တော့ ရေထဲမှ ထပ်၍ ပေါ်မလာတော့ပေ။ ကယ်ဆယ်ရေးများရောက်လာ ကာ ဝိုင်းဝန်းကြိုးစားချိန်တွင် ထိုသူ့ကို ပြန်ရှာတွေ့သည်။ သို့သော် အချိန်နှောင်းသွားခဲ့ပေပြီ။ အသက်မပါလာသော သူ၏ခန္ဓာကိုယ်ကိုသာ ရှာတွေ့ခဲ့ကြသည်။ ပျော်ဖို့ရွှင်ဖို့သွားခဲ့သော သူငယ်ချင်းတစ်စုမှာ ခုတော့ မျက်ရည်မဆည်နိုင် ယောက်ျားရော မိန်းကလေးများပါ တဟီးဟီး ငိုကုန်ကြသည်။ ငိုသော်လည်းဘာမှမတက်နိုင် သွားလေသူမှာ သွားလေပြီလေ။ သူ၏အိမ်သို့ အကြောင်းကြား ကြသည်။ ကားအနီလေး နှင့် တစ်ချို့ပြန်လိုက်လာကာ သူ၏အိမ်သို့ သွားကြသည်။ တစ်ဦးထဲသော မောင်လေး၏ အကြောင်းကို ကြားကာ နှလုံးရောဂါဝေဒနာရှင်အမ( ကျွန်မတို့၏ အထက်တန်းပြ မြန်မာဆရာမ) မှာ ငိုရင်းတက်ခါ နောက်နေ့တွင် လမ်းပင်မလျှောက်နိုင်တော့ပေ။ ဆက်၍ သူ၏ အသုဘပို့သည့်နေ့မှာလဲ ထိုကားအနီလေး ဖြင့်ပင် အားလုံးစုသွားကြသည်။ အပြန်တွင်တော့ သူငယ်ချင်းအစွဲ အိမ်အစွဲ နှင့် ထိုကား ကို အစွဲဖြစ်ကာ သူပြန်ပါလာခဲ့သည်ထင်။ ကားတစ်စီးလုံး ဆိုးဝါးသော အနံ့များ အပြန်လမ်းတစ်လျှောက် လုံးပါလာခဲ့သည်။ အားလုံးမှာ ကြောက်တာက တစ်ဖက် ဝမ်းနည်းတာ က တစ်ဖက် မျက်ရည်များမဆည်နိုင်ဖြစ်ခဲ့ရပြန်သည်။

ထိုအဖြစ်အပျက်ကား ကျွန်မတို့ ဒုတိယနှစ်တွင်ဖြစ်ပွားခဲ့သော ထိုကားအနီလေး နှင့် ပတ်သတ်သည့် အကြောင်းအရာတစ်ခုပင်ဖြစ်သည်။ ကျွန်မတို့ နောက်ဆုံးနှစ်တွင်လဲ ခရီးတိုထွက်ဖြစ်ကြသည်။ သို့သော် ထိုကားလေးကိုကား မငှားဖြစ်ပဲ သူငယ်ချင်းအိမ်မှ ကားနှင့်သွားဖြစ်ကြသည်။

အိမ်မက်စေရာ
၁၄.၁၁.၁၁
၁၇း၄၅

6 comments:

မောင်ဘုန်း said...

အင်း ...အမှတ်တရတွေ ခံစားသွားပါတယ်

မဒမ်ကိုး said...

အလှကလေးရေ ပိုစ့်ကမတက်လို့ ခုမှလာရပါတယ် ..
စိတ်မကောင်းစရာ ပဲနော်
အဲလိုတွေကြောင့်မို့ ဘယ်မှကိုမသွားဖြစ်ခဲ့တာ ကြောက်တတ်လို့း(

စံပယ်ချို said...

အဲတာအမှတ်တရလေးတွေလားဟင်
ံခံစား ခဲ့တယ်နော်
ခင်ခင်မင်မင် jasmine

Thameesan said...

စိတ်မကောင်းစရာပဲအိပ်မက်ရယ်
ဟုတ်တယ်..
ကျောက်တန်းရေလည်က.တစ်ပတ်ပြည့်အောင်
ပတ်လို့မရဘူး.ဘယ်ဘက်ကပတ်ပတ်
ဝဲရှိတယ်ကွဲ့.ခုတော့တံတားထိုးတော့မယ်ကြားတယ်
သူငယ်ချင်းအတွက်.စိတ်မကောင်းပါဘူးရှင်
ချစ်ခင်စွာဖြင့်

tareares said...

check out the post right here replica bags published here replica designer backpacks view publisher site luxury replica bags

stitheet said...

weblink blog link here are the findings read review check this link right here now Click This Link