Pages

Tuesday, June 26, 2012

ချစ်သော ငါးကလေးသို့...


တကယ်ဆို သူသည် ကျွန်မ၏ ငါးကလေး တစ်ကောင်သာ ဖြစ်သည်။
သူ့ကို ဟိုး ရေနက်နက် တစ်နေရာက ရရှိခဲ့ခြင်း ဖြစ်သည်။
သူပိုင်ဆိုင်တဲ့ သူ့အတွက် အရာသည် ကျွန်မဖန်တီးပေးထားသော ငါးကန်သေးသေးလေး တစ်ခု ဖြစ်ပြီး ထိုငါးကန်လေးကို ကျွန်မနားမှာ အမြဲထားကာ မျက်စိအောက်က အပျောက်မခံ နိုင်အောင်ပင် ကျွန်မ တန်ဖိုးထားလေသည်။

************************************************************************

သူ့ကို ကျွန်မ ချစ်လှသည်။
ထိုငါးကလေးကို ကျွန်မ သိပ်ချစ်သည်။
မျက်ဝန်းရှေ့က ပျောက်ကွယ်သွားမှာ ကို စိုးရိမ်စွာ အရိပ် တကြည့်ကြည့် နှင့် ချစ်သည်။
လူစကား မပြောတက်သော်ငြား သူ့ဆီမှ ထွက်ကျလှသော ဗလုံးဗထွေး အသံတွေက ပင် ကျွန်မကို သာယာ စေသည်။
သူ့ရဲ့ လှုပ်ရှားမှုကို တစ်စိမ့်စိမ့် ကြည့်နေရခြင်းကို ပင် ကျွန်မ အရသာတွေ့လှသည်။
သူမပြုံးတက်သော်လည်း သူ့ နှုတ်ခမ်းလေး တစ်ချက်ချက် လှုပ်ရှားတာကိုပင် လူတစ်ယောက်ရဲ့ အပြုံးထက် ပိုပြီး ကျွန်မအတွက် တန်ဖိုးရှိလှသည်။



************************************************************************


သူ့ကို ကျွန်မ အနားမှာ ရှိစေချင်သည်။
သူ့ကို ချစ်တဲ့ အကြောင်းကို သူနားမလည်သော်ငြား ကျွန်မ အမြဲပင် ပြောပြချင်နေသည်။
တစ်ခါတစ်ခါ သူ့အသားကို လက်ဖျားလေးနှင့် အထိတထိ တို့ ရတာကို ပင် ရင်ခုန်ဖွယ်ကောင်း နေသည်။
သူ့ကို ကျွန်မ အချိန်အကြာကြီး စောင့်ရှောက်ခဲ့သည်။
သူနှစ်သက်သည့် အစားအစာတွေ ကျွေးသည်။
သူကြိုက်မည်ထင်သည့် အရာမှန်သမျှ ကျွန်မကြိုးစားပြီး သူ့အတွက် ဖန်တီးပေးခဲ့သည်။
အကြောင်းအရာသည် တစ်ခုထဲပင်။
ထိုငါးကလေးကို သိပ်ချစ်လွန်းလို့သာပင်။


************************************************************************
ငါးသည် လူစကား နားလည်နိုင်စွမ်း မရှိပါ။

လူ့ အကြင်အနာတွေကို ခံစား နိုင်စွမ်း မရှိပါ။
လူ့ အချစ်ကိုလဲ မခံစားတက်ပါ။
လူ့ နှလုံးသားကိုလဲ မစာနာတက်ပါ။
လူတစ်ယောက်သူ့အပေါ် ဘယ်လောက်တန်ဖိုးထားသည် ဆိုတာကလဲ သူ့အတွက် အရေးပါစရာ မဟုတ်ခဲ့ပါ။



************************************************************************
နောက်ဆုံး တော့လဲ ထိုငါးကလေးသည် ပုံပြင်ထဲကအတိုင်း ကျွန်မ လက်ကလေးကို နာနာကျင်ကျင်ပင် သွေးစက်စက်ကျအောင် ကိုက်ပစ်ခဲ့သည်။

ကျွန်မလက်ကလေးထက် ကျွန်မ အသဲနှလုံးသည် ပို၍ သွေးထွက်ခဲ့သည်ဟု ထင်သည်။
ကျွန်မငိုသည် ။
နာကျင်လွန်းစွာ ရှိုက်သည်။
ပြီးသည့်အခါ ကျွန်မသူ့ကို စွန့်လွတ်လိုက်ဖို့ ဆုံးဖြတ်ခဲ့သည်။



************************************************************************

သူပျော်ရွှင်ရာ
သူနှစ်သက်ရာ
သူပျော်မွေ့ရာ.................
ထိုတစ်နေရာသို့ ကျွန်မ သူ့ကို ယူသွားပြီး အပြီးတိုင် ထားပစ်ခဲ့သည်။
" နင်ပျော်တဲ့ နေရာမှာ ပဲ နေပါ.. သိပ်ချစ်လွန်းလို့ ငါနင့်ကို စွန့်လွတ်ခဲ့တာပါ.. နင်မပျော်မွေ့တဲ့ ငါ့ရင်ခွင်မှာ နင်ကို မနစ်မွန်းစေချင် လို့ပါ.. တကယ်တော့ ငါနင့်ကို တအားချစ်တာပါ.. "
တစ်ချက်ကလေးမျှပင် လှည့်မကြည့်ပဲ သူပျော်ရွှင်စွာ ကူးခတ်သွားခြင်းကို ကြည့်ပြီး ကျွန်မ စကားဆိုမိသည်။



************************************************************************


ကျွန်မ နောင်တရသလိုတော့ ခံစားရသည်။
ထိုငါးကလေး ကို ဘယ်လိုမှ အဆုံးရှုံးမခံနိုင်သလို ခံစားရသည်။
ဘာကြောင့် ငါးကလေးကို အဲ့လောက် ချစ်မိခဲ့သည်ကို လဲ ကျွန်မ ကို ကျွန်မ မသိပါ။
နောင်တ ရလွန်းစွာ သူထွက်သွားရာကို မျက်စိ တစ်ဆုံး ကြည့်မိရင်း ထိုနေရာမှ ကျွန်မ မရွေ့နိုင်ခဲ့ပါ။
သူကျွန်မကို နာကျင်အောင် ပြုလုပ်တာထက်ပို၍ သူ့ကို ဆုံးရှုံးရသည်ကို ကျွန်မ ပိုနာကျင်မိသည်။
သို့ပေမယ့် ကျွန်မ သူ့ကို ဆုံးရှုံး ခဲ့ပြီး ဖြစ်သည်။
ဘယ်အရာမှ ပြန်၍ မရနိုင်တော့ပါ။



************************************************************************

နောင်နှစ်ပေါင်းများစွာ ကြာသည့်တိုင် သူပြန်လာမလား လို့ ကျွန်မ မျှော်လင့်နေဆဲ ဖြစ်သည်။
မတော်တဆများ မြင်ရမလား ဆိုသော အတွေးလေးဖြင့်လဲ သူရှိမည့် နေရာသို့ မကြာမကြာ ကျွန်မရောက်မိသည်။
သူ့အရိပ်ကလေးကို ရှာဖွေ မိသည်။
ထိုအခါ ကျွန်မ ငိုပြန်သည်။
သူနှင့် သက်ဆိုင်သည့် အရာများစွာ ကို မတော်တဆ မြင်မိ တွေ့မိ ယုံဖြင့်လဲ ကျွန်မ ငိုတက်သည်။



************************************************************************


လူသားတစ်ဦးသည် ကျွန်မလက်ကို တင်းတင်း ဆုပ်ကိုင်ရင်း စကားတွေ ပြောနေသည်။
ကြားတစ်ချက် မကြားတစ်ချက်နှင့် ကျွန်မ နားထောင်နေသည်။
ကျွန်မ နှစ်သက်တက်သည့် ပန်းပွင့်တွေ အများကြီး ကျွန်မအတွက် ဖန်ဆင်းပေးသည်။
ကျွန်မ ကြိုက်သည့် နူးညံ့သည့် သံစဉ်တွေကို ဖန်တီးပေးသည်။
နေ့စဉ်တိုင်း ကျွန်မကို ပြုံးပြသည်။


************************************************************************


လူသားဆန်သည့် လူသားတစ်ဦး နှင့် ကျွန်မဆုံခဲ့သည်။
ထိုလူသားသည် ပြုံးတက်သည်။
ရယ်တက်သည်။
ကြင်နာတက်သည်။
ချစ်တက်သည့် နှလုံးသား ရှိသည်။
ကျွန်မ ကံကောင်းလှပါသည်။


************************************************************************


အရာရာကို မေ့သွားပြီဟု ကျွန်မ ထင်သည်။


************************************************************************
 သို့ပေမယ့် မမှန်ပါ။

လူသားတစ်ဦး ၏ လက်ကို တင်းတင်း ဆုပ်ကိုင်ရင်းပင် ငါးကလေးကို တမ်းတမိသည်။
လူသားတစ်ဦးရဲ့ သံစဉ်တွေကို နားထောင်ရင်းပင် ငါးကလေး၏ ရေကူးသံကို ကြားယောင်မိသည်။
လူသားရဲ့ အပြုံးကို မြင်နေရင်းက ငါးကလေးရဲ့ လှုပ်တုပ်တုပ် နှုတ်ခမ်းလေးကို သတိရပြန်သည်။


************************************************************************


ကျွန်မသည် လူသားမကလေး တစ်ဦးသာ ဖြစ်သည်။
ဟန်ဆောင်တက်သည်။
သာယာတက်သည်။
ပျော်ရွှင်ဖွယ် အိမ်ကလေး တစ်လုံးကို ကျွန်မ တည်ဆောက်ခဲ့သည်။
ကျွန်မနေ့တိုင်း နီးပါး ပြုံးရယ်တက်ပါသည်။



************************************************************************


တစ်ဦးထဲ နေသည့် အချိန်မှသာလျှင် ကျွန်မငိုတက်သည်။
ရေစက်ကလေးတွေ ကြည့်ပြီး ငိုသည်။
ငါးကလေး ထွက်သွားရာသို့ မျက်နှာမူပြီး ငိုသည်။
အသံတစ်ချို့ ကြားရလျှင်ငိုသည်။
အမှတ်တရ တစ်ချို့ မြင်မိ သတိရမိလျှင် ငိုသည်။
ကျွန်မသည် နေ့တိုင်းနီးပါး ငိုတက်သည်။



************************************************************************
ကျွန်မသည် လူသားဆန်သော လူသားမကလေး တစ်ဦးသာ ဖြစ်သည်။
ထို့ကြောင့် လူ့လောကမှ အသက်ရှင်ရဦးမည် ဖြစ်သည်။
ထိုကဲသို့ပင် ငိုခြင်းနှင့် ရယ်ခြင်း ကြားမှ အသက်ရှင် ရမည်။



************************************************************************
မရိုးနိုင်သော ကျွန်မ၏ နေ့ရက် များစွာကို ခိုးခိုးခစ်ခစ် ရယ်သံဖြင့် ဖြတ်သန်းသည်။

မမေ့နိုင်သော ထိုနေ့ရက်များကိုပင် တဟင့် ဟင့် ရှိုက်သံဖြင့် အသက်သွင်းပြန်သည်။

ကျွန်မ အသက်ရှူသံတွေ မရပ်သွားခင် အချိန် အထိတော့ ကျွန်မ ဒီလိုပင် အသက်ရှင် သွားရမည်ထင်သည်။

ထိုကြားထဲမှာမှ မပြောင်းလဲသော အကြောင်းအရာတစ်ခု ကတော့ ကျွန်မ အသက်ရှူသံတွေ ရပ်တန့်သွားမည့် နောက်ဆုံးနေ့ အထိ ငါးကလေး တစ်ကောင်ကို ချစ်နေဦးမှာ ပင် ဖြစ်သည်။


************************************************************************

တစ် နှစ် သုံး လေး ငါး 

ငါးကလေး တစ်ကောင် ဖမ်းမိတယ် 
ဘာဖြစ်လို့ လွတ်လိုက်တယ်...
ကျွန်မလက်ကို သူကိုက်တယ်....
အသဲတွေတောင် ကြွေသွားခဲ့ရတယ်.....
ကျွန်မ မျက်ရည်တွေ တထွေထွေ ကျတယ်....
ကျွန်မ သူ့ကို သိပ်ချစ်တယ်.....။


အိမ်မက်စေရာ
၂၆.၀၆.၁၂

**pictures from google

Sunday, June 17, 2012

ချစ်ဖေဖေ



ဖေဖေဆိုတာ........
ဘဝမှာ အဆိုးအကောင်းခွဲခြားတက်အောင် လမ်းမှန်ကို ညွှန်ပြတက်သူပါ..
အမှားတွေ ရှိခဲ့လဲ ခွင့်လွတ် နောင်တစ်ကြိမ်ထပ်မမှားရလေအောင် အကြင်နာနဲ့ သွန်သင် အမှန်တရားတွေနဲ့ အရောင်ဆင်ပေးတက်သူ..
စကားတွေ မဆိုလဲ မျက်ဝန်းမှ တစ်ဆင့် သားသမီးများရဲ့ ခံစားချက်ကို သိမြင်နားလည်တက်သူ..
ခပ်မာမာ တစ်ခါတစ်လေ ကြိမ်းမောင်းတက်လဲ သားသမီးကွယ်ရာ တခြားနေရာမှာ တိတ်တိတ်ကြိတ် မျက်ရည်ဝဲတက်သူ..  
ကျေးဇူးတရားတွေ ဆပ်လို့မကုန်လဲ နားမလည်တက်စွာ စိတ်ဆိုးမိတိုင်းလဲ နွေးထွေးစွာ ခွင့်လွတ် အပြုံးမပျက်တက်သူ..

***********************************************
                    
အရွယ်ရောက်အောင်ပြုစုပျိုးထောင်လို့ ကျေးဇူးသိတက်ချိန်ကျ ပြန်လည်ဆပ်မကုန်နိုင်တဲ့ မေတ္တာတွေအတွက် 
ကျေးဇူးပါ လို့ အကြိမ်ပေါင်းများစွာ ဆိုမိလဲ မလုံလောက်နိုင်တဲ့ အရာလေ..
တံတိုင်းတက်မက ခိုင်မာတဲ့ အရိပ်ဟာ သားသမီးများစွာအတွက်တော့ လုံခြုံနွေးထွေးရာ ကမ္ဘာမြေပေါ်က တစ်ခုထဲသော နေရာပေါ့ .......

*********************************************** 
                               
 အချိန်တွေ အလီလီပြောင်း ဇရာထောင်းလို အိုမင်းခဲ့လဲ မပြောင်းလဲ တဲ့ မေတ္တာတွေနဲ့ သားသမီးတွေအပေါ် လိုအင်တိုင်းကို ဟိုအရင်လိုပဲ ဖြည့်ဆည်းတက်ဆဲ........

*********************************************** 

ဖေဖေ.......
မေတ္တာကြီးမားလွန်းစွာ တုနှိုင်းမမှီတဲ့ ဒီအကြင်နာတွေ ဆပ်လို့မကုန်နိုင်စွာ ကျေးဇူးပါ အကြိမ်ကြိမ်ဆိုပါရစေ
ချစ်ရပါသောဖေဖေ အနေဝေးလဲ အကြင်နာတွေ ရင်ထဲ စီးဆင်းနေလို့
ဘဝနေ့ရက်တွေကို ဖေဖေပေးတဲ့ အင်အားနဲ့ ကြံ့ခိုင်စွာ ဖြတ်သန်းနေပါတယ်
ဝမ်းနည်းစွာ မျက်ရည်ကျမိတဲ့ အချိန်တွေရှိခဲ့လဲ ဖေဖေ့ အားပေးစကားတွေ ကြားယောင်ရင်း မျက်ရည်တွေ သုတ်ပစ်တက်ခဲ့တယ်
ကိုယ်ပိုင်အတောင်တစ်စုံနဲ့ လွတ်လပ်စွာ ပျံသန်းနေပေမယ့် သမီးအတွက်တော့ ဖေဖေ့ရဲ့ အရိပ်ဟာ အလုံခြုံဆုံး အနွေးထွေးဆုံးနဲ့ သာယာချမ်းမြေ့ဆုံးပါ. ဖေဖေ


ပျော်ရွှင်ပါစေ ဖေဖေ....


အိမ်မက်စေရာ
၁၇.၀၆.၁၂

Thursday, June 14, 2012

စကားပြောသော အာဖရိက

အာဖရိက မှာ ရိုက်ခဲ့တဲ့ ဓါတ်ပုံတွေပါ..
ကိုယ်တိုင်ရိုက်မဟုတ်ပါဘူး...း)
ဘူတာရုံကြီးမှာ ပြပွဲလိုမျိုးပြထားလို့ စိတ်ဝင်စားစရာမို့ ရိုက်ပြီး ယူလာခဲ့တာ..
ကြည့်ကြည့် လိုက်ပါဦး....










အိမ်မက်စေရာ
၁၄.၀၆.၁၂

Friday, June 1, 2012

ရှေ့တန်းသွား သူငယ်ချင်းအတွက် ပေးစာ(သို့) Stop War


 

 

 

လူနှစ်ယောက်ရဲ့ ဘဝကို ခြားနား သွားစေမယ့် စကားတွေ အများ ကြီးထဲကမှ ဒီစကားလုံးလေးက ငါနဲ့ နင့်ကို မတူတဲ့ နေရာနှစ်ခုကို ပို့ပေးနေတယ် သူငယ်ချင်းရေ...

ရုတ်တရက် ကြားလိုက်ရတဲ့ သတင်းစကားကြောင့်ပဲ ငါက...

 

အိမ်မက်က လန့်နိုးသလို ဖြစ်သွားခဲ့ရတာ....အဲ့ဒီ စကားလုံးဟာ နင့်လို ဆရာဝန်တစ်ယောက်နဲ့ ဘာမှ မဆိုင်နိုင်ပါဘူးလို့ ပဲ ငါတွေးထားမိတာ..

တကယ်တော့ .... မဟုတ်ပါလား..

ကဲ အခုငါနင့်ကို စိတ်ပူရမှာလား... 

 

အရင်ကထဲက နင်နဲ့ ငါက ထောင့်တစ်နေရာစီကို အပိုင်ယူထားကြပြီး အပြိုင်အဆိုင်လဲ ဖြစ်ခဲ့တယ်လေ..

ငါရဲ့ ခံယူချက်က ငါ့အတွက်အမှန် ဖြစ်သလို နင့်ရဲ့ ခံယူချက်ကလဲ နင့်အတွက် အမှန်ပေါ့..

 

လမ်းသွားတိုင်းတွေ့ရတဲ့ အဲ့ဒီဆိုင်းဘုတ်..ခမ်းနားတဲ့ ဝန်းတစ်ခု..

 

ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်တွေ ရှိတဲ့ နေရာပေါ့..

 

ငါကတော့ အမြင်ကတ်လှစွာ အမြဲ မျက်ဆောင်းထိုးကြည့်မိတဲ့ နေရာ...

 

ဘာတဲ့........

 

တပ်မတော်ဆေးတပ်က္ကသိုလ် တဲ့...

 

နင်က စာတော်တယ်.. ဥာဏ်ကောင်းတယ်...

ဘာကိုမှ အရှုံးပေးချင်စိတ်မရှိသလို .. ဘာကိုမှလဲ အနိုင်ယူချင်စိတ် မရှိတဲ့သူ ပေါ့..

 

ပေါင်းသင်းရခက်တဲ့ ငါ့ရဲ့ အချစ်ဆုံး အမကို တောင် နင်က နင့်ဘက်ပါလာအောင် သိမ်းသွင်းနိုင်ခဲ့သေးတယ်..

 

မနာလို စရာကောင်းလိုက်ပုံ များ...........

 

ငါမေးရပါဦးမယ်..နင်က ဘာလို့ စိတ်မဆိုးတက်တာလဲ.......

 

နှစ်တွေ အကြာကြီး ရင်းနှီးခဲ့ပေမယ့် နင်စိတ်ဆိုးတယ်ဆိုတာကို တစ်ခါမှ မတွေ့ဖူးဘူး..အံ့သြစရာ ကောင်းလောက်အောင်လဲ စိတ်ရှည်တက်သေးတယ်...

 

ဘာပဲ ပြောပြော နင်က နင့်ပန်းတိုင်ကို ရောက်ခဲ့ပြီပဲ...

 

ငါကရော...နင်နဲ့ ငြင်းခုံ တဲ့ အချိန်တိုင်း ငါပြောပြောနေကျ စကားလေး တစ်ခွန်းကို နင်မှတ်မိမှာပေါ့..

 

ငါ မြန်မာ နိုင်ငံမှာ နေဖို့ အစီအစဉ်မရှိဘူး ဆိုတာလေ...

 

ကြုံတဲ့ အခါ ငါဝန်ခံပါဦးမယ်ဟာ.. တကယ်တော့ ငါ့နိုင်ငံကို ငါသိပ်ချစ်တယ်ဆိုတာ...

 

နင်ကိုယ်တိုင်က သွားချင်လို့ သွားခဲ့တာပါလို့ ပြောတဲ့ နင့်စကားကို ငါသတိရမိတယ်..

 

ငါဘာကြောင့် နိုင်ငံခြားဆိုတာကို သွားချင်ခဲ့တာပါလိမ့်ကွယ်..........

 

အခု နင်ဘာလုပ်နေမလဲ.......

 

ငါက ကွန်ပြူတာရှေ့ထိုင် နေတဲ့ အချိန် .. နင်က အဲ့ဒီနေရာမှာ ဘာလုပ်နေမလဲ...

 

ငါသေချာ မသိပေမယ့် ........

 

ငါသိတာ တစ်ခုကတော့........

 

လူလည်တွေ ကြားထဲငါ အသက်ရှင်နေချိန်မှာ..............

 

နင်ကတော့ လူနာတွေ ကြားထဲ အလုပ်ရှုပ်နေမယ် ဆိုတာပါ.............

 

နင်သွားတဲ့ အဲ့ဒီနေရာက ဘယ်လို နေရာမျိုးလဲ ငါမသိဘူး.. ဘာတွေ ရှိနေမလဲ ငါမစဉ်းစားတက်ဘူး..

 

ဒါပေမယ့် ငါကတော့ အဲ့ဒီစကားလုံးကို မနှစ်မြို့ဘူး...

 

သေချာတယ် အဲ့ဒီစကားလုံးကို ဖြစ်နိုင်မယ်ဆိုရင် ကမ္ဘာမြေပြင်ပေါ်မှာကို မရှိစေချင်ဘူး..........။

 

 ငါ လူတွေ တိုက်ခိုက်နေကြတာကို မမြင်ချင်ဘူး.......မမြင်ရက်ဘူး..

 

ဒီစကားလုံးကို ငါနဲ့ အဝေးဆုံးမှာ ရှိစေချင်သလို နင်နဲ့လဲ မပတ်သတ်စေချင်ဘူး..

 

ဒီလိုပဲ လူတွေအားလုံးနဲ့ မထိတွေ့ စေချင်ဘူး..............

ဖြစ်နိုင်မယ်ဆိုရင် ငါချစ်တဲ့ ငါ့နိုင်ငံနဲ့........ငါတန်ဖိုးထားတဲ့ ငါတို့ ကမ္ဘာမြေကြီးကို အမြဲထာဝရ ဆိုသလို ငြိမ်းချမ်းစေချင်တယ်..။

ငါမလွန်ပါဘူးနော်...။

 

အိမ်မက်စေရာ

၀၁.၀၆.၁၂