Pages

Thursday, March 24, 2011

ကံဆိုးတဲ့ဘ၀နဲ့ အိမ်ရှင်မ...

မနက်စောစီးစွာထ ခဲ့ရခြင်းအတွက် စိတ်က နဲနဲလေးမှ ကြည်လင်မနေပါ..
ဒီအလုပ်ချိန်ကို မနှစ်သက်ပေမယ့် လည်း..လကုန်ရင်ဝင်လာတဲ့ လစာကြောင့် သည်းခံနေရခြင်းပါ..
စောစောထရခြင်းကို မနှစ်မြို့တာ ကျောင်းသူဘဝထဲက..ဒီလို မနှစ်သက်တဲ့ မနက်ခင်း နေ့တိုင်းကြုံနေရလဲ ကျွန်မ အကျင့်မရသေးပါ..စူပုပ်ပုပ်မျက်နှာနဲ့ ရထားပေါ်တက် ထိုင်ခုံမှာထိုင်တော့..
ထုံးစံအတိုင်း အလုပ်ချိန်တူတဲ့ ရင်းနှီးတဲ့ မျက်နှာတော်တော်များများတွေ့ရလေရဲ့...ကျွန်မထိုင်တဲ့ ရှေ့တည့်တည့်မှာတော့ အလုပ်ချိန်တူရုံမက နေရာပါတူတဲ့ မိတ်ဆွေအမျိုးသမီး ထိုင်တယ်..
ယဉ်ကျေးမှုအရကျွန်မစတင်ပြီးနှုတ်ဆက်ဖြစ်တယ်... “ Morgen! ” (morning) လို့ အဓိပ္ပါယ်ရပါတယ်..
သူလဲပြန်နှုတ်ဆက်ပါတယ်..“ Morgen”..အမ် အက်ကွဲကွဲဖြစ်နေတဲ့ သူ့အသံဟာ မူမမှန်ပါ..မျက်လုံးတောင်နဲနဲကျယ်သွားသလို..ကျွန်မသူ့မျက်နှာကို သေချာကြည့်မိတော့..
နီရဲရုံမက အစ်ထွက်နေတဲ့ မျက်လုံးတစ်စုံ
နှာစေးနေသလိုပုံစံနဲ့ နှာခေါင်း
ခပ်အမ်းအမ်းဖြစ်နေတဲ့ ပုံစံနဲ့ နှုတ်ခမ်း...
“ နေမကောင်းဘူးလား”
“ကောင်းတယ်”
“သြော်” ..
“သူ ဟိုမိန်းမနဲ့ ဆက်သွယ်ပြန်ပြီ”..ကျွန်မ ဒက်လိုက်ပါပြီ ပြဿနာက သူ့အမျိုးသားပါ
ကျွန်မမှာ ပြန်ပြောစရာစကားနည်းပါးလွန်းနေတယ် ဘယ်လို နှစ်သိမ့်ရမလဲ စကားလုံးရှာမတွေ့ပါ
ကလေးနှစ်ယောက်အမေဖြစ်တဲ့ သူ့ဘဝက ချောချောမွေ့မွေ့တော့ မဟုတ်ပါ ..ရုန်းကန်ရင်း ကလေးနှစ်ယောက်ကို စောင့်ရှောက်နေရသူပါ.
“ငါ စနေနေ့က ပြန်လာတော့ သူဖုန်းပြောနေတယ် အဲ့ဒီမိန်းမနဲ့ ငါပြောတယ် အဆက်အသွယ် မလုပ်ဖို့ သူကပြောတယ် ဖုန်းပဲပြောတာ တဲ့”..ဒုက္ခ ဖုန်းပဲပြောတာဆိုပဲ
ကျွန်မသူ့လက်ကလေးဆုပ်ကိုင်ထားမိတယ် ဘာပြောရမှန်းမသိလို့လဲ ပါပါတယ်..သူလက်မှာ ဆွဲထားတဲ့ကြိုးလေးသတိထားမိတယ်..စတွေ့ခါစက ကျွန်မက အလှပတ်ထားတယ်ထင်တာ သူပြောတာက“ဒါ အဆောင်လေ အကာအကွယ်ပေါ့ သူများဒုက္ခပေးလို့မရအောင် ယောက်ျားမရိုက်အောင်” သူက ရိုးသားတဲ့ အမျိုးသမီးပီပီ ရိုးသားစွာပဲ ကျွန်မကို ပြောပြဖူးတယ်..သိလိုက်ရတာ သူ့မှာ ယောက်ျားလဲ အရိုက်ခံရသေးတာကိုး ..ဝူး သက်ပြင်းမောချမိတယ်..
“ သူ့အဲ့ဒီအမျိုးသမီးစီသွားတာ ဘယ်နှစ်ခေါက်မှန်းမသိတော့ဘူးသိလား”
“ သူက အပျိုလား”
“မဟုတ်ဖူး နှစ်ခုလပ် ကလေးနှစ်ယောက်အမေ”
“အမ်” သူ့အပြောက ကျွန်မခေါင်းနဲနဲမူးသွားတယ်..
“ကလေးနှစ်ယောက်က အဖေမတူဘူးလေ”
“သြော် အဲ့လိုလား”
“အင်း ဟုတ်တယ်”
“ငါသူနဲ့ကွာရှင်းချင်ပေမယ့် ကလေးတွေမျက်နှာကြောင့်” အင်း ဟုတ်တာပေါ့ ဒီနိုင်ငံမှာ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်ဖို့က မခက်ဖူးလေ...
“သူအရင်က အဲ့လိုမဟုတ်ဖူး ကလေးရလာပြီးနောက်ပိုင်း......” လှိမ့်ကျလာတဲ့မျက်ရည်တွေ ကျွန်မမြင်နေရတယ် တစ်ရှုးထုတ်ပေးတော့ သူယူပြီး မျက်ရည်သုတ်တယ်..
“သူက ကလေးလဲ ကူမကြည့်ပေးဘူး ဈေးလဲ ကူမဝယ်ဘူး ငါ တစ်ယောက်ထဲ အားလုံးလုပ်ရတာ”..စိတ်ထဲမှာ သူ့ကို သနားလိုက်တာ
“ဒါတွေက ထားလိုက်ပါတော့ဟာ ဒါပေမယ့် သူ မဖောက်ပြန်သင့်ဘူး”
“ အင်း ဟုတ်တာပေါ့”..ကျွန်မလဲ အင်း ရယ် ဟုတ်တာပေါ့ရယ်က လွဲပြီးတခြားဘာပြောရမှန်းကို မသိတော့တာ
“ငါ စိတ်လဲနာတယ် ဝမ်းလဲနည်းတယ်”
“ငါပြောတယ် နင်သွားချင်ရင်လဲ အပြီးသွားနေ အဲ့မိန်းမစီမှာလို့ သူကအဲ့လိုလဲ မဟုတ်ပြန်ဘူး”..
ကျွန်မထင်တယ် ဒီလိုယောက်ျားမျိုးက ကုလားထိုင်နှစ်လုံးကို တစ်ယောက်ထဲ ထိုင်ချင်တာမျိုး...
စကားဆက်ပြောချင်ပေမယ့် ဆင်းရမယ့် မှတ်တိုင်က ရောက်ပြီလေ..
“ နင့်မျက်ရည်တွေသုတ်လိုက်ဦးနော် တော်ကြာ သူများတွေ တွေ့သွားဦးမယ် မကောင်းဘူးလေနော်..အလုပ်လုပ်ရင်းနဲ့လဲ ဘာမှတွေးမနေနဲ့နော်”..ပြောသာပြောရတယ် မတွေးဘဲ ဘယ်နေနိုင်ရှာမလဲ
အော် ကြီးလိုက်တဲ့ သူ့အပူရယ် ဘယ်သူမှလဲ မကူနိုင် ကျွန်မတောင် နားထောင်ရုံနဲ့ရင်မောတယ်....
“ကဲ သွား သွား အဝတ်စားသွားလဲတော့နော်”
ဖြည်းဖြည်းချင်းထွက်သွားတဲ့ ကံဆိုးတဲ့ သူငယ်ချင်းကို ကြည့်ပြီး ဒီယောက်ျားဘာလို့များ သစ္စာမဲ့ရတာလဲလို့ စဉ်းစားမိတယ်...ဒါပေမယ့် ကြာကြာမစဉ်းစားနိုင်ပါဘူး အလုပ်ဆင်းဖို့ အချိန်က နီးနေပြီလေ..
ရင်ထဲမှာ တော့ မကောင်းတာ အမှန်..ကျွန်မ ဒီလို အဖြစ်မျိုးမကြုံရပါစေနဲ့လို့ ဆုတောင်းမိရင်း..
ကမ္ဘာပေါ်မှာ ရှိတဲ့ အိမ်ရှင်မများ ဒီလို အဖြစ်မျိုး ကင်းဝေးနိုင်ပါစေလို့.....................
..................................................
အိမ်ထောင်ရှင် ယောက်ျားများ ကိုယ့် အိမ်ထောင်ဖက်ပေါ်မှာ အနေဝေးသည်ဖြစ်စေ အနေနီးသည်ဖြစ်စေ သစ္စာ ရှိကြပါလို့ အမျိုးသမီးတစ်ယောက်နေနဲ့ ဒီစာလေးကို ရေးရင်း ဆန္ဒပြုပါတယ်..

အိမ်မက်စေရာ
၂၄.၀၃.၁၁