Pages

Wednesday, April 4, 2012

ပန်ဒါလေး

အိုး ဖြူစင်လိုက်တာ နင့်အပြုံးကို မြင်ရတဲ့ခဏ

ရင်ထဲက အတ္တတွေ ထာဝရ ငြိမ်းချမ်းသွားသလိုပဲ...

နင်ဟာ ချစ်စရာဟန်လေးနဲ့

ဝါးရွက်ပဲ စားတဲ့ ပန်ဒါဝက်ဝံလေး

သိပ်ကို မြတ်နိုးစရာကောင်းတာပေါ့

အဖိုးဖြတ်လို့မရတဲ့ နင့်ရဲ့ ကောင်းတဲ့စိတ်ထား

ငါ ဘာဆို ဘာနဲ့မှ မလဲနိုင်တာ အမှန်ပါ..

အေးချမ်းတဲ့စကားလုံး တွေပဲ နင့်မှာ ရှိတယ်

ဒေါသဆိုတာ တစ်ခါလေးမှ မတွေ့မိခဲ့ဘူး..

တမင် ဟန်ဆောင်နေခြင်း မဟုတ်ဘူးဆိုတာ နင့်မျက်လုံးပေါ် ပေါ်လွင်နေတာပေါ့

မျက်စံနက်နက် နဲ့ နင်ကလေးရေ..

အမှန်တရားဟာ နင့်ရဲ့ဘက်မှာ အမြဲ ရှိနေလိမ့်မယ်...

မုန်းတီးတယ် ဆိုတဲ့ စကား နင့် နှုတ်ဖျားက ငါ တစ်ခါမှ မကြားဘူးခဲ့လို့

နင်ဟာ ငါ့အတွက်တော့ အေးချမ်းတဲ့ စမ်းရေလေးပေါ့..

အရာရာကို အကောင်းမြင်တက်သူ

သူတစ်ပါးကို ဦးစားပေးတက်သူ

နာကျင်စရာတွေ သိမ်းမထားတက်သူ

လိမ်လည် လှည့်ဖျားမှုတွေ ရှိမနေသူ

နဂိုရှိရင်း ရိုးသားတဲ့ နှလုံးသားလေးနဲ့

ကမ္ဘာမြေကို ရောက်တဲ့ ခဏ

မှန်ကန်တဲ့ နေရာလေးကပဲ အသက်ရှင်နေတဲ့

ချိုသာတဲ့ အပြုံးပိုင်ရှင်လေး

နင့်ရဲ့ ကောင်းခြင်းတွေ

ရေတွက်လို့ မကုန်နိုင်ပါလား

အငှားဆန္ဒနဲ့ ခဏလောက်ရမယ်ဆိုရင်

နင့်ဘးနားထိုင်ငေး

တစ်ဆိတ်လောက်...........

အပြုံးလေး ခေတ္တရပ်ထားပေးပါလား....

ကြည့်မဝလွန်းလို့..


အိမ်မက်စေရာ

၀၄.၀၄.၁၂

Monday, April 2, 2012

ဧပရယ်လ် suicide





ဘာလိုလိုနဲ့ မတ် လထဲကိုရောက်နေပြီ..နောက်လဆို ဧပြီလ..သြော် နှစ်တွေ လတွေပြောင်းလဲခဲ့တာများ အိမ်မက်မက်သလိုရယ်..ဧပြီလ ရောက်တော့မယ်ဆိုတိုင်း စိတ်ထဲမှာ ရှိနေတဲ့ အကြောင်းအရာက ခေါင်းထဲအလိုလိုရောက်လာတယ်..ကြာခဲ့ပြီ သုံးနှစ် လေးနှစ်လောက်တောင် ကြာခဲ့ပြီ ဒါပေမယ့် သတိရဆဲ အမှတ်ရဆဲ ..မောင်လေး နေကောင်းပါစေ..
( ၂၀၁၁ မတ်လထဲက ရေးခဲ့တဲ့ ပို့စ်လေးကို ခုမှ အဆုံးသတ် ဖြစ်သွားလို့ အကြောင်းအရာရဲ့ အစက မတ်လ ဖြစ်နေတာပါ..)
........................

ဧပြီရဲ့ လဆန်းတစ်ရက်မှာ အဲ့ဒီအဆောင်ကို ကျွန်မတို့ရောက်ခဲ့တယ်..ကျွန်မရယ် ကျွန်မရဲ့သူငယ်ချင်း မေရယ် သူ့မောင်လေး ဝမ်းကွဲ ကောင်းကောင်းရယ်..အကြောင်းအမျိုးမျိုးကြောင့် ဒီအဆောင်ကို အတူတူပြောင်းဖြစ်ခဲ့တယ်..

မြန်မာသူငယ်ချင်းတွေလဲ တော်တော်များပါတယ်..ရောက်ခါစနေ့မို့တော်တော်လေးပင်ပန်းတယ် ပစ္စည်းတွေ နေရာချ လိုအပ်တာတွေဝယ် ချက်လိုက် ပြုတ်လိုက်ပေါ့..ကျွန်မက မေနဲ့ တစ်ခန်း ကောင်းကောင်းက တစ်ခြားသူငယ်ချင်းကောင်လေးနဲ့ တစ်ခန်း..ကျွန်မတို့ရဲ့ အပေါ်ထပ်မှာ..

ဒီအဆောင် ကတောအုပ်စပ်နားလေးမှာ လူနေအိမ်တွေရှိပေမယ့် သူဝန်းနဲ့ သူ့ခြံ ခပ်ကြဲကြဲ ရယ်..အတော်လေးတော့ အေးချမ်းတဲ့ နေရာလေးလို့ ကျွန်မသတ်မှတ်မိတယ်...အဆောင်က ငါးထပ် ဒါပေမယ့် တော်တော်လေးမြင့်တယ်..ရောက်ခါစမှာ အားလုံးလာနှုတ်ဆက်ကျရင်း တော်တော်လေးကို ရင်းနှီးသွားခဲ့ကြတယ်..ပျော်စရာကောင်းတဲ့ နေ့လေး တစ်ရက်ပေါ့..

လောလောဆယ် ကျွန်မတို့လုပ်စရာမရှိ ကျောင်းတက်ဖို့ လဲ ရက်ကလဲလိုသေး အဲ့ဒီတော့ စားလိုက် အိပ်လိုက် ဈေးဝယ်သွားလိုက်ပေါ့..

"မေရေ ဒီနေ့ ဘာချက်လဲ".. ဟင်းချက်ကောင်းတဲ့မေက ကျွန်မကို တစ်ရက်တစ်မျိုး မရိုးအောင်လဲ ချက်ကျွေးတက်သေးပါတယ် ချစ်ဖို့ကောင်းတဲ့ သူငယ်ချင်းပါ...နေ့လည်ထမင်းစားချိန်ဆို ကောင်းကောင်းလဲ ကျွန်မတို့နဲ့ အတူလာစားပါတယ်...
"မကြီးတို့ရေ ဘာချက် ကောင်းကောင်း ဗိုက်ဆာပြီ.."
"လာဟေ့ စားမယ် အဆင်သင့်ပဲမောင်လေးရေ..."
ဒါက ကျွန်မတို့ သုံးဦးစီက နေ့စဉ်ကြားရနေကျ အသံလေးတွေ..

ညနေဆိုလဲ အတူတူပဲ စားဖြစ်ကြတယ်..အဲ စားပြီးရင် တော့ ကျွန်မရယ် မေရယ် တောအုပ်လေးထဲ လမ်းလျှောက်ထွက်ကြတယ်..နဲနဲ တော့ ကျောထဲစိမ့်မိတယ် တကယ့်ကို တောစစ်စစ်မို့ ဒါပေမယ့် အန္တရာယ်ရှိတဲ့ နေရာဆိုရင် အစိုးရက တားမြစ်နယ်မြေအဖြစ်သတ်မှတ်ပေးထားတယ်..အဲ့ဒီထဲတော့ သွားလို့မရဘူးပေါ့နော်...တောကောင်တွေရှိလိမ့်မယ်လို့ တော့ကျွန်မထင်တာပဲ...ညဘက်ဆိုရင်တော့ တကယ့်ကိုကြောက်စရာ...ကျွန်မရဲ့ ဒုက္ခက ဘာလဲဆိုရင် ညဘက် အပေါ့အပါးသွားတက်တဲ့ အကျင့်ရယ်..


တစ်ည ကျွန်မအပေါ့သွားဖို့ထွက်လာတယ်.. အိပ်ခန်းနဲ့ အိမ်သာကလဲ နဲနဲဝေးတယ်..အပေါ့သွားပြီးအပြန် ဖွင့်ထားတဲ့ ပြတင်းပေါက်က လေတစ်ဖျပ်ဖျပ်ဝင်နေတဲ့ အသံကို နားထောင်ပြီး ကျွန်မခြေလှမ်းမြန်မြန်လျှောက်မိတယ်..ဘာကြောင့်မှန်းမသိ ကျောထဲမှာချမ်းသလို အခန်းနားမရောက်ခင် “ အား” ဆိုတဲ့ အသံတစ်ခုကြားလိုက်ရတယ် ဘာမှန်းမသိ ကျွန်မတော့ ကြောက်ကြောက်နဲ့ ဘယ်လိုအခန်းပြန်ရောက်လာမှန်းမသိလိုက်ဘူး...နောက်နေ့မနက်တော့ ပြောကြတာက အပေါ်ထပ်က လူတစ်ယောက်အိမ်မက်မက်ပြီးရောင်အော်တာတဲ့...ဒါပေမယ့် စိတ်ထဲမှာ မသိုးမသန့်ရယ်..

နောက်ရက်လဲ ဒီလိုမျိုးထပ်ဖြစ်တယ်ပြောတာပဲ ကျွန်မတော့မကြားလိုက်မိဘူး အဲ ဟိုတစ်ရက်ကဖြစ်တဲ့သူတော့မဟုတ်ဘူးနောက်တစ်ယောက်တဲ့...

ဒီလိုမျိုးတွေဖြစ်ပြီး ရက်ပိုင်းအတွင်း ပြဿနာနောက်တစ်ခုက ..ကျွန်မတို့ အဆောင်ရဲ့ အပေါ်ထပ်အခန်းက TV ကြည့်ဖို့ဆိုပြီး အခန်းတစ်ခုထားထားပေးထားတယ်..အဲ့ဒီမှာ လူတစ်ယောက်ဆုံးသွားတယ်ဆိုတဲ့ သတင်းကြားလိုက်ရတယ် မြန်မာထဲက တော့မဟုတ်ဘူး..ကျွန်မတော့ ယောင်လို့တောင်အပေါ်ထပ်ကို မသွားတော့ဘူး..ခုချိန်ထိတော့ ဒီပြဿနာတွေက ကျွန်မတို့နဲ့ ဘာမှ မဆိုင်သေးပါဘူး..ဆိုင်လာနိုင်လိမ့် မယ်လို့လဲ ကျွန်မတို့ ဘယ်လိုမှ တွေးမထားမိကြပါဘူး..

“ဟေး ညီမတို့ သင်္ကြန်အတွက် ဘာအစီအစဉ်ရှိကြလဲဟေ့”..သူငယ်ချင်းဖြစ်တဲ့ ကိုကျော်ကျော်က မေးလာတယ်

“ ဟင့်အင်း ဘာမှမရှိဘူး ဘာအစီအစဉ်ရှိလို့လဲ အစ်ကို”

“ frankfurt သွားလည်မလားလို့ အဲ့မှာ သင်္ကြန်လုပ်မှာလေ”

“ဟုတ်လား ဒါဆို လဲ အားလုံးစုပြီးသွားကြတာပေါ့”

“အေး ကောင်းတယ် ..ဟုတ်တယ် ကောင်းတယ်” ..အားလုံးသဘောတူခဲ့ကြတယ်

“ ညီမရေထမင်းစားရအောင် ကောင်းကောင်းလဲ ဆင်းမလာသေးဘူးနော်” မေက မေးလာတယ်

“အင်း ဟုတ်တယ် စားနှင့်မလား”
“အင်း စားနှင့်တာပေါ့ သူဗိုင်ဆာရင်ဆင်းလာလိမ့်မယ်”

“ခဏနေ လမ်းလျှောက်ကြရအောင်နော်..”

လမ်းလျှောက်ပြီးပြန်လာတော့..“ ညီမရေ ကောင်းတစ်ယောက်ထမင်းလဲ လာမစားဘူးနေမကောင်းဘူးလား မသိဘူး သွားကြည့်ရအော် နော်”

“ ဟုတ်လား မေ သွားကြည့်မယ်လေ”..အဲ့ဒါနဲ့ အပေါ်ထပ်ကို တက်ဖြစ်ခဲ့တယ် အခန်းတံခါးက စေ့ရုံစေ့ထားတော့ ကျွန်မတို့တွန်းဝင်သွားလိုက်တယ်.. အိပ်ယာပေါ်လှဲနေတဲ့ ကောင်းကောင်းကိုတွေ့ရတယ်..

“ ကောင်းကောင်း နေမကောင်းဘူးလား”
“အင်း”

“ထမင်းလားစားလေ”
“မစားသေးဘူး”..
ကျွန်မနဲ့မေ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး အောက်ကို ပြန်ဆင်းလားခဲ့တယ် ကောင်းကောင်းက ဘယ်သူနဲ့မှ စကားပြောချင်ပုံမရဘူး..

နောက်တစ်ရက်...ကောင်းကောင်းရဲ့ အခန်းဖော်ရောက်လာတယ်.

“ကောင်းကောင်းက ညဘက်တွေ မအိပ်ဘူးအမ ကျွန်တော် အမတို့သိအောင်ပြောပြတာ သုံး လေးရက်ဆက်တိုက်ရှိပြီ”

“ဘာဖြစ်လို့လဲ”

“မသိဘူး အမ ကျွန်တော်မေးတော့ နေမကောင်းဘူးပြောတယ် ဒါနဲ့ကျွန်တော်လဲ ဆေးပေးလိုက်တယ်”

နေ့လည်ဘက် ချက်ပြုတ်နေတော့ မီးဖိုချောင်မှာ လူစုံနေကြတယ်...အားလုံးနောက်လိုက်ပြောင်လိုက်နဲ့..အဲ့ဒီအချိန်ကောင်းကောင်းရောက်လာတယ်..နှုတ်ခမ်းမှာလဲ ဖွေးလို့ ဆေးတွေ ဝါးစားထားတယ်ထင်တယ်..ကျွန်မတို့လဲ မျက်လုံးပြူးပြီး“ ကောင်းကောင်း ဘာဖြစ်လို့လဲ နေမကောင်းဘူးလား” လို့ ဝိုင်းမေးတော့..

“ ကျွန်တော်တောင်းပန်ပါတယ်..ကျွန်တော် အားလုံးကို တောင်းပန်ပါတယ် ကျွန်တော်မှားပါတယ်”

“ဘာလဲ ဘာဖြစ်လို့လဲ”

“ကျွန်တော်တောင်းပန်ပါတယ်”..ဒါပဲ ထပ်ခါထပ်ခါ ပြောပြီး အပေါ်ပြန်တက်သွားတယ်...

“ဟဲ့ နင်တို့တွေ ဘယ်လိုထင်လဲ ဒါပုံမှန်မဟုတ်ဘူးနော်..မေ ဘယ်လိုလုပ်ကြမလဲ”

“ငါတို့ သူ့အစ်ကို စီဖုန်းဆက်ပြောပြထားရင်ကောင်းမယ်ထင်တယ်နော်.”

“အေး ငါလဲ အဲ့လိုပဲထင်တယ်” .ကဲ ကျွန်မတို့ ဖုန်းဆက်ပြောရပြီပေါ့ သူ့အစ်ကို က သိပ်တော့မယုံချင်ပါ ဒါပေမယ့် လာခဲ့မယ်လို့ပြောပါတယ်..တစ်ခြားမြို့က မို့လို့ပါ..

ကောင်းကောင်း အကြောင်းကြားတော့ အားလုံးသတင်းမေးဖို့ သူ့အခန်းသွားကြတယ်..ကျွန်မတို့လဲစားစရာသွားပို့ရင်းသွားဖြစ်တယ်..
ကောင်းကောင်းက မစားပါ..ဘယ်လိုကျွေးကျွေး မစား ဘယ်သူနှင့်မှလဲ စကားမပြော ကျွန်မတို့ ဘယ်လိုလုပ်ရမှန်းကို မသိပါ..အဲ့ဒီ အချိန်မှာ အောက်ထပ်က အမ တစ်ယောက်ကဝင်လာပြီး..
ကောင်းကောင်း နေမကောင်းဘူးဆို လို့မေးပါတယ်...
ဘာကို နေမကောင်းကမှာ လဲ..သွား ခင်ဗျား ထွက်သွားစမ်းပါ..
ဟဲ့ ဟဲ့ ဘယ်လိုဖြစ်တာလဲ..ကောင်းကောင်း ကောင်းကောင်း.... ဆိုပြီး ကျွန်မတို့မှာ ထဆွဲရပါလေရော..
အဲ့ဒီ အမက သူနဲ့ သိပ်အဆင်မပြေတဲ့ တစ်ယောက်ရယ်..
"ဟူး..ဒုက္ခ ဒီပုံ အတိုင်းဆို မလွယ်ဘူးနော် မေ သူ့အစ်ကို မြန်မြန်ရောက်မှ"
"ကဲ ကောင်းကောင်း ရေ အမတို့ ပြန်ပြီနော်..ထမင်းထားခဲ့တယ် ဗိုက်ဆာရင် ထစား ဟုတ်ပြီလား.."

နောက်တစ်ရက်....

ညီမရေ.. ကောင်းကောင်း အစ်ကို ဒီနေ့ ညရထားနဲ့ ရောက်မယ်တဲ့
ဟုတ်လား တော်သေးတာပေါ့ .. မြန်မြန်ရောက်မှနော်.
ဒေါက် ဒေါက် .. ဟင် ဘယ်သူလဲ မသိဘူး တံခါးခေါက်တာ
ဟယ် ကောင်းကောင်း လာထိုင်.. ဘာစိတ်ကူးပေါက်သည်မသိ ကောင်းကောင်းတစ်ယောက်ကျွန်မတို့အခန်းထဲ ရောက်လာတယ်..
"ကောင်းကောင်း သက်သာလား အမတို့နဲ့ ဈေးဝယ်လိုက်ခဲ့ပါလား.."
"မလိုက်တော့ဘူး.."
" အေး အေး ဒါဆိုလဲ အေးဆေးနေနော်..အပြန်မုန့်ဝယ်ပေးခဲ့မယ်..."
ကလေးလို ချော့ပြောပြီး ထားခဲ့ရသည်...

"အမ တို့ဈေးသွားမလို့လား.."
"အင်း ဟုတ်တယ်..ဘယ်လိုလဲ ကောင်းကောင်းတစ်ယောက် ညက အိပ်ရဲ့လား."..သူ့ရဲ့အခန်းဖော်ကို ကျွန်မတို့မေးတော့..
ဘယ်ကအိပ်ရမှာလဲ အမ ရယ်...တစ်ညလုံးအဲ့ဒီ ပုံစံအတိုင်း ကျွန်တော်လဲ ဓါးတစ်ချောင်း ပျောက်လို့ သူအပေါ့သွားတုန်း သူ့အိပ်ယာ မှာ သွားရှာ ကြည့်တာ ထင်တဲ့ အတိုင်းပဲ..ခေါင်းအုံး အောက်မှာ တွေ့တယ် ကျွန်တော်မှာ မြန်မြန်ပြန်ယူပြီး ဖွက်ထား လိုက်ရတယ်..
ဘုရား ဘုရား... ကျွန်မတို့ မှာ ဘုရား တပြီး ဈေးကို အပြေးတစ်ပိုင်းသွား ပြီး ပြန်လာခဲ့ရတယ်..

ဈေးက ပြန်ရောက်လို့ ထိုင်ရုံရှိသေး.. ဆူဆူ ညံညံ အသံတွေ ကြားလိုက်တယ်..ထွက်ကြည့်တော့.

"လုပ်ကြပါဦး ..ကောင်းကောင်း တိုက်ပေါ်က ခုန်ချသွားပြီ.." တစ်ယောက်က လာအော်ပြောတယ်..
ဘုရား ဘုရား ..ကျွန်မ ရင်ထဲ အလုံးကြီးဆောင့်တက်သွားသလို.. မေ့လက်ကို ဆွဲပြီး အောက်ထပ်ကို အပြေးတစ်ပိုင်း ဆင်းလာခဲ့တယ်..မေ့ မျက်နှာ မှာ က သွေးမရှိတော့ဘူး...

အောက်ရောက်တော့ ကောင်းကောင်းကို ပက်လက်ကလေး မြက်ခင်းပြင်ပေါ်မှာတွေ့ လိုက်တယ်..
လူတွေ ဝိုင်းနေတယ်..

"ကောင်းကောင်း ကောင်းကောင်း "
" အစ်မ"
သတိတော့ မလစ်ပါ.. ကျွန်မတို့ ခေါ်တော့ ပြန်ထူးတယ်..
"နင်ဘာဖြစ်လို့ အဲ့လို လုပ်တာလဲ..ကောင်းကောင်း ဟင် နင်ဘာဖြစ်လို့ လုပ်တာလဲ"
ငိုကြီး ချက်မ နဲ့ မေ့ရဲ့ အမေးကို ကောင်းကောင်း ပြန်ဖြေတာက " မသိဘူး " တဲ့..

မေ ငိုတယ် .. မျက်နှာပြင်တစ်ခုလုံး ရဲပြီး စကားကို မပြောနိုင်လောက်အောင် ဖြစ်နေတာ ကျွန်မ မှာ ကောင်းကောင်းကို စိတ်ပူရင်း မေ့ကို ရောပူနေရတယ်..

မြန်မာသူငယ်ချင်းတွေ က ကောင်းကောင်းကိုပွေ့ ပြီး အထဲ သွင်းမလို့ လုပ်တော့ ..အဲ့ဒီက တာဝန်ရှိသူတွေက တားတယ်.. မပွေ့နဲ့.. တဲ့ အရိုးတွေ ကျိုးသွားနိုင်တယ် ဒီအတိုင်းပဲ ထား ..ခဏနေ ဆေးရုံကားလာလိမ့်မယ် ပြောတယ်.. ပြီးတော့ ငွေရောင် စက္ကူတစ်မျိုးနဲ့ အချမ်းသက်သာအောင် ခြုံပေးထားတယ်..

ကျွန်မတို့ နေတာက လေးထပ် ..ကောင်းကောင်းက ငါးထပ် ..ခုသူခုန်ချတာ သူနေတဲ့ အထပ်ကနေပေါ့... အရင် ကထဲ က ဆောက်ထားတဲ့ တိုက်မို့ ငါးထပ်ပေမယ့် တော်တော်လေး မြင့်တယ်...

ခဏနေတော့ ရဲကားတွေ.. ဆေးရုံကားတွေ ရောက်လာတယ်..

မေက ကောင်းကောင်း အစ်ကို တွေဆီကို ဖုန်းဆက်ရင်း တက်မလို လို ဖြစ်ဖြစ်သွားလို့.. ကျွန်မက ဘေးက နေ သတိပေးနေရတယ်.. ကျွန်မ ကိုယ်တိုင်လဲ မျက်ရည်တွေ စီး စီးကျနေတယ်..ငိုချင်တာလား ဘာလားမသိဘူး..လူက ရုတ်တရက် ဆောင့်တက်လာတဲ့ ခံစားချက်ကို မထိန်းနိုင်သလိုမျိုး.စိတ်လဲ ပူတယ် ..ကြောက်လဲ ကြောက်သလို..ဝမ်းလဲ နည်းသလို..

ဟုတ်တယ်လေ...မိဘ ဆွေမျိုး တွေ မရှိတဲ့ နေရာမှာ ဒါမျိုး ဖြစ်တာ..ဘယ်လောက် အသဲငယ်စရာ ကောင်းလိုက်လဲ...

ဆရာဝန်တွေ ကောင်းကောင်းဘေးမှာ ဝိုင်းနေတယ်..လက်ကို အကြောဆေးလိုမျိုး ဆေးသွင်းတယ်..ခက်တာက ကောင်းကောင်းက သွေးတစ်စက်မှ မထွက်ဘူး အတွင်းကြေဖြစ်မှာ စိုးရတယ်.. ရဲတွေလဲ ရောက်လာတယ်...ဟော်လီကောင်ပတာ တစ်စီး ရောက်လာတယ်..
တော်သေးတယ် ကျွန်မတို့ အဆောင်ရှေ့မှာ မြေ အလွတ် ရှိလို့ ရပ်လို့ ရတာ..ပစ္စည်းတွေ အစုံသယ်လာတယ်..စက်တွေကို စုံလို့ပဲ.. အရေးပေါ် ကုသမှုလုပ်ကြတယ်..လူနာကို လူနာစင်ပေါ်တင်ပြီး သေချာထိန်းထားတယ် ..အထူးသဖြင့် လည်ပင်းနဲ့ ခေါင်းကို မလှုပ်နိုင်အောင်.. နောက်တော့ ခေါ်သွားကြတယ်...ကျွန်မတို့ လိုက်ချင်တာ လိုက်ခွင့်မရှိဘူးတဲ့..ဆေးရုံ လိပ်စာ ပြောခဲ့တယ်.. နောက်ရက်လိုက်လာ ခဲ့ပါတဲ့..


ဟုတ်တော့ ဟုတ်ပါတယ်.. ကျွန်မတို့လဲ သူတို့ ဘာပြောပြော တစ်လုံးမှ နားမလည်ပဲ..သူ့အစ်ကို တွေ ရောက်လာမှ အဆင်ပြေမှာလေ..

ညနေ ကောင်းကောင်း အစ်ကို တွေ ရောက်လာတယ်..နောက်နေ့ဆေးရုံ လိုက်သွားတော့ အရေးပေါ်ခန်းမို့ ဘယ်သူမှ ပေးမဝင်သေးဘူးတဲ့..နောက်တစ်ရက် မှာ ဝင်ရတယ်.. ဒုတိယ အရေးပေါ်ခန်း ဆိုပါတော့..လူနာ ကြည့်မယ့် သူတွေကို နာမည်စာရင်း ပေးထားရတယ်.. နာမည်ပါတဲ့ သူမဟုတ်ရင် ကြည့်ခွင့်မရှိဘူး..

ကောင်းကောင်းက လုံးဝ သတိမရတော့ဘူး.. ဘယ်လိုခေါ်လဲ ကိုးမား ဝင်တယ်လို့ ပြောရမယ်ထင်တယ်..ပြီးတော့ လည်ပင်းမှာ ဖောက်ပြီး ပိုက်ကြီးထိုးထားတယ်..မြင်ရတာ မသက်သာလိုက်တာလေ..အရမ်းသနားဖို့ ကောင်းတယ် တစ်ကိုယ်လုံးပိုက်တွေ ကြီးပဲ..ဆရာဝန်က ကျွန်မတို့ကို ကောင်းကောင်းနဲ့ စကားများများ ပြောခိုင်းတယ်.. သူကြားနိုင်တယ် တဲ့.. ဒါမှ သူမြန်မြန် ပြန်သတိရလာမှာတဲ............................

ကျွန်မတို့ အရမ်းကို စိတ်မကောင်းဖြစ်မိကြတာ...လေ

.................................................

ဆေးရုံပေါ်မှာ ၂ ပတ်လောက်နေပြီး.. ကောင်းကောင်း ပြန်သတိရလာတယ်..ဒါပေမယ့်.........
........

ကျွန်မတို့ရဲ့ မောင်လေး..ခန္ဓာကိုယ်မလှုပ်ရှား နိုင်တော့ဘူးလေ..

သိပ်ကို ဝမ်းနည်းစရာ ကောင်းတဲ့ အဖြစ်တစ်ခုပါ..စကားတောင် ပီအောင်မပြောနိုင်ရှာဘူး.. လေ့ကျင့်ခန်းလုပ်ပေး ရင်တော့ ပြန်ကောာင်းလာ နိုင်ပါတယ်လို့ ဆရာဝန်က ပြောတယ်....

အဲ့ဒီ မျှော်လင့်ချက်လေးနဲ့ ကျွန်မတို့ အချိန်ရသလောက် သူ့ကို ပြုစု ခဲ့ကြတယ်..သူ့ရဲ့ အစ်ကို တွေက အလုပ်တစ်ဖက်နဲ့ မို့ ပြန်သွားကြတယ်..ကျွန်မတို့ တော့ အချိန်ရတိုင်း သူ့ဆီသွားဖြစ်တယ်.. ဆေးရုံဆိုတော့ သိတဲ့ အတိုင်း ဝင်ချင်တိုင်းဝင် ထွက်ချင်တိုင်းထွက်လို့ မရဘူးလေ.. အချိန်နဲ့သွား ပြီး အချိန်နဲ့ ပြန်ရတယ်..ပြန်လာတဲ့ အချိန် သူ့ကို တစ်ယောက်ထဲ ထားပစ်ခဲ့ရတာ စိတ်မကောင်းဘူး...

သုံး လေး လလောက် ကြာတော့ ကောင်းကောင်း အခြေအနေ တိုးတက်လာတယ်..စကား ကို ကောင်းကောင်း ပြောနိုင်လာပြီး လက်နှစ်ဖက်လဲလှုပ်ရှားနိုင်လာတယ်..ဝမ်းသာစရာပါ..ဒါပေမယ့် ခြေထောက်တွေတော့ မလှုပ်ရှားနိုင်တော့ဘူး.. ဝှီးချဲ နဲ့ပဲသွားရတယ်..ဘာပဲ ပြောပြော သေတွင်းက လွတ်လာတာတော့ ဝမ်းသာစရာပါ...

ဒါပေမယ့် အဲ့ဒီအချိန် .. အဲ့ဒီ အဖြစ်အပျက်တွေက ဘာမှ မေးကြည့်လို့ မရဘူး..သူမသိဘူးပဲ ပြောတယ်.. သူထိုင်နေတာ တဲ့...ဘာဖြစ်သွား မှန်းမသိဘူးပဲ ပြောတယ်..

စိတ်လဲ သိပ် ပုံမှန်မဟုတ်တော့ဘူး..

စိတ်မကောင်း ဘူး.. ဝမ်းနည်းတယ်..

ဒီလိုနဲ့ ကျွန်မ ဒီ မြို့ကို ပြောင်းလာပြီး နောက်ပိုင်း သူတို့ နဲ့ အဆက်အသွယ် သိပ်မရှိတော့ဘူး.. သူ့အကြောင်းတော့ မေးမိပါတယ်.. ခုချိန်ထိ ဝှီးချဲ နဲ့ပါပဲ တဲ့...........

.......................

သင်္ကြန်တွင်းမှာ ဖြစ်ပျက်ခဲ့တဲ့ ဒီအဖြစ်အပျက်လေးကို ကျွန်မ သင်္ကြန်ရောက်ခါနီးတိုင်း ပြန်တွေးမိတယ်..
အချိန်တွေကတော့ ကြာသွားပါပြီ..ခံစားချက်တွေကတော့ မနေ့တစ်နေ့ ကလိုပဲ..

စဉ်းစားမိလိုက်တိုင်းလဲ ..ကောင်းကောင်းတစ်ယောက် နေကောင်းပါစေ..
နောင်ဘဝတွေမှာ ဒီလို အဖြစ်မျိုး မကြုံပါစေနဲ့ လို့ ဆုတောင်းမိရင်း.........................

အိမ်မက်စေရာ
၀၂.၀၄.၁၂






Sunday, April 1, 2012

သားပြွန်သန္ဓေတည် ခြင်းအကြောင်း သိကောင်းစရာ


"ကိုဖြိုးရဲ့ မိန်းမ ငါတို့ ဆေးရုံကို မနေ့က ရောက်တလာတယ်".. ရီရီ ကပြောလာတော့ ကျွန်မက
"ဟင် ဟုတ်လား ဘာဖြစ်တာလဲ "
"အူမှာ သန္ဓေတည်လို့ ဆိုလားပဲ.."
"အမ် အူမှာ ဘယ်လို သန္ဓေ တည်တာလဲ ဟ"
"ဘယ်သိမှာ လဲ ..ဘယ်လို လုပ်မှန်းမှ မသိတာ..ကို ဟိ"
"ဟယ် ဒုက္ခနော်..အဲ့ဒါ ဘယ်လို လုပ်လိုက်လဲ.."
"ခွဲလိုက်ရတယ်ဟ.."
"ကိုဖြိုးတို့ကလဲ ပြော ပြောချင်ဘူး..."

ရီရီဆိုတာ မဟာမြိုင်ဆေးခန်း မှာ အော်ပရေတာ လုပ်တဲ့ အိမ်မက်ရဲ့ သူငယ်ချင်းလေးပါ..လွန်ခဲ့တဲ့ ခုနှစ်လောက် က သူငယ်ချင်း ကိုဖြိုးနဲ့ ပတ်သတ်ပြီး အိမ်မက်တို့ ပြောဖူးခဲ့တဲ့ အကြောင်းအရာလေး ပါ..ဘာမှ မသိနားမလည်တဲ့ အရွယ် မို့ အူမှာ သန္ဓေတည်တယ်ဆိုပြီး ထင်ချင်သလို ထင်ခဲ့ကြတာလေ...အဲ့ဒီ အထင်ကလေး က ခုတော့ တက်တက်စင်အောင်လွဲပြီး ဘာကြောင့်ဖြစ်တယ် ဆိုတာကို သေချာအောင် သိလိုက်ပါပြီ..ဒီလို သိသွားအောင် ကူညီပေးတဲ့ အကြောင်းကတော့ ၂၀၁၁ ခုနှစ် ဇန်နဝါရီလ မှာ ပထမဆုံးထွက်ခဲ့တဲ့ မလေးရှားနိုင်ငံမှ အပြင်စီး ဆိုတဲ့ မဂ္ဂဇင်းထဲမှာ ပါတဲ့ ဆေးပညာဆောင်းပါ တစ်ပုဒ်ကြောင့်ပါပဲ..ခေါင်းစဉ်က အသက်ကလေးရယ်တဲ့ရှည်စေလို(၁) ဖြစ်ပြီး ရေးသူက ဒေါက်တာ စီလေးခိုင်( သားဖွား၊မီးယပ်) ဖြစ်ပါတယ်..မသိသေးတဲ့ သူများလဲ သိသွားအောင် ဆိုတဲ့ စေတနာလေးနဲ့ ဒီဆောင်းပါလေးကို အိမ်မက် ပြန်လည် ဝေမျှပါတယ်..

အသက်ကလေးရှည်တဲ့ ရှည်စေလို ( သို့မဟုတ် ) သားပြွန်မှာ သန္ဓေတည်ခြင်းအကြောင်း



" မမရေ ကျွန်တော်ကိုမျိုးပါ။ Resus Room( အရေးပေါ် အသည်းအသန်ခန်း )က ဆက်တာ ဒီမှာ မြန်မာ အမျိုးသမီး တစ်ယောက် ရောက်နေတယ်။ ဗိုက်ကတင်းနေပြီး သွေးပေါင်တအား ကျနေတယ်။ ကျွန်တော်ထင်တာ သူ့ဗိုက်ထဲမှာ Internal Bledding(အတွင်းသွေးယိုခြင်း) ဖြစ်နေမယ်ထင်တယ်။ မမရဲ့ M.O (လက်ထောက်ဆရာဝန်) ကိုလည်း ကျွန်တော် ခေါ်ထားပြီးပြီ။ ဒီမှာ ရောက်နေပြီ..."
"အေး ကိုမျိုးရေ သွေးလှူဘဏ်က သွေး ၄ လုံး အဆင်သင့်တောင်းထားလိုက် ၊ လူနာကို လောလောဆယ် Drip ၂ ဘက်သွင်းထား ..အစ်မ အခုချက်ချင်းလာနေပြီ"

ကျွန်မ အရေးပေါ်တာဝန်ကျတဲ့ ညတည ဖြစ်ပါတယ်..
ကျွန်မတို့ ဆေးရုံမှာ အရေးပေါ်ဌာန၊ သားဖွားမီးယပ်ဌာန၊ ခွဲစိတ်ဌာန၊ အထွေထွေ ရောဂါ ဌာန စသဖြင့် သီးခြားစီ ရှိပေမယ့် ဒီလို လူနာ အသည်းအသန်ဖြစ်ပြီး အသက်လုရတဲ့ အချိန်ဆိုရင် သက်ဆိုင်ရာ တာဝန်ကျတဲံ အထူးကုဆရာဝန်တွေကို တိုက်ရိုက် ခေါ်ခွင့်ရှိပါတယ်။ အဲဒီနေ့က မအေး ကံကောင်းတော့ အရေးပေါ်တာဝန်က ဆရာဝန်ကလည်း မြန်မာ၊ တာဝန်က OG( သားဖွား၊မီးယပ်) ကလည်း မြန်မာ ဖြစ်နေလို့ပါ။ မြန်မာလူနာ အများစုမှာ ဘာသာစကား အခက်အခဲ ကြောင့် ရောဂါရာဇဝင်ကို အသေးစိတ် အတိအကျမပြောနိုင်တဲ့အခါ မလေး နိုင်ငံသား ဆရာဝန်တွေနဲ့ "ခုတ်ရာ တခြား ရှရာတလွဲ" တွေ ဖြစ်လေ့ရှိပါတယ်။ တခါတလေ မြန်မာလူနာတွေ ရောက်လာရင် ဆေးရုံမှာ ရှိတဲ့ တခြားဌာနက မြန်မာ ဆရာဝန်တွေကို ခေါ်ပြီး ကူညီ ဘာသာပြန်ခိုင်းလေ့ ရှိကြပါတယ်။


ဒီလို ဝမ်းဗိုက်ထဲမှာ သွေးယိုတဲ့ လက္ခဏာရှိတဲ့ လူနာ ရောက်လာပြီဆိုရင် ကျွန်မတို့ တခြား တာဝန်ကျနေတဲ့ နေရာကနေ "အရေးပေါ်ခန်း" အရောက် အပြေးအလွှား သွားကြရပါတယ်။ဒီလို လူနာမျိုးမှာ အချိန်က စက္ကန့် အမျှ အရေးကြီး နေပြီလေ။
"မမ ဒီလူနာရဲ့ ခင်ပွန်း ကိုလင်းထိန်၊ မအေးက အရင်က ကိုယ်ဝန်နျစ်ခါ ပျက်ဖူးတယ်။ ဒီတခါလည်း ရာသီမလာလို့ ဆေးခန်း သွားပြတာ ဆီးစစ်လိုက်တော့ ကိုယ်ဝန်ရှိတယ်ပြောာလို့ ဝမ်းသာနေကြတာ။ ညနေက ဗိုက်နာလာတော့ အနားက ဆေးခန်းသွားပြသေးတယ် လေဆေးပဲ ပေးလိုက်တယ်။ မိုးချုပ်လာတော့ မခံနိုင်တော့တာနဲ့ ဆေးရုံပြေးလာတာ..."
လူနာကိုစမ်းသပ်လိုကတော့ ဒေါက်တာကိုမျိုး ပြောတဲ့အတိုင်း နှလုံးသွေးခုန်နှုန်း အရမ်းမြန်ပြီး သွေးပေါင်က တအားကျနေပြီ။ လူနာက သွေးဆုတ်ပြီး ဖြူဖတ်ဖြူရောက် ဗိုက်က တင်းပြီး အထိမခံနိုင်တော့ ၊ ဗိုက်ထဲမှာ အတွင်းသွေးယို တဲ့ လက္ခဏာ ရှိနေပြီ။



မအေးဗိုက်ထဲမှာ သွေးရည်တွေနဲ့ ပြည့်တင်းနေတာကို အရေးပေါ်အခန်းမှာ အဆင်သင့်ရှိနေတဲ့ အာထရာဆောင်းစက်(Ultrasound machine) နဲ့ စမ်းသပ်ပြီး အတည်ပြုလိုက်ပါတယ်။ မအေးရဲ့ သားအိမ်ထဲမှာ သန္ဓေသားကို မတွေ့ရပါဘူး။
" ကိုလင်းထိန်ရေ.. အဖြစ်နိုင်ဆုံးက သန္ဓေသားက သားအိမ်အပြင်ဘက်(သားပြွန်)မှာ သန္ဓေတည်ပြီး သန္ဓေသားကြီးထွားလာတော့ ပြွန်က မခံနိုင်ဘဲ ပေါက်ကွဲပြီး ဝမ်းဗိုက်ထဲမှာ သွေးယိုတာ၊ ကျွန်မတို့ ဆေးပညာအရ "Ectopic Pregnancy"(သားအိမ်ပြင်ပမှာ သန္ဓေတည်ခြင်း) လို့ခေါ်တယ်..."။
"မအေးရဲ့ အသက်က အရေးကြီးနေပြီ..အခုချက်ချင်း အရေးပေါ် ဗိုက်ခွဲရမယ်"
လူနာရှင်ကို ကမန်းကတန်းရှင်းပြပြီး ကျွန်မရဲ့ လက်ထောက်ဆရာဝန်ကို မေ့ဆေးဆရာဝန်၊ ခွဲစိတ်ခန်းတွေ အခုချက်ခြင်း အရေးပေါ်ခွဲဖို့အတွက် စီစဉ်ရပါတယ်။
ကျွန်မတို့တတွေ မအေး ကို အရေးပေါ်ခန်းကနေ ပင်မအဆောက်အဦးကြီးက ခွဲစိတ်ခန်းထဲကို ဆယ်မိနစ်အတွင်း တွန်းပို့ နိုင်ခဲ့ပြီး ကျွန်မကိုယ်တိုင်ပဲ ခွဲစိတ်ပေးခဲ့ပါတယ်။ အဓိက က သွေးယိုနေတဲ့ သွေးကြောမကြီးကို အမြန်ဆုံး တွေ့အောင်ရှာပြီး သွေးတိတ်အောင် ချည်နိုင်ဖို့ ပါပဲ။ ဗိုက်ဖွင့်လိုက်တော့ လီတာပုလင်းသုံးလုံး စာလောက်ရှိတဲ့ သွေးတွေ၊ သွေးခဲတွေ မအေးရဲ့ ဗိုက်ထဲက သွန်ထွက်လာတယ်။ သွေးယိုပေါက်နေတဲ့ ဘယ်ဘက်သားပြွန်ကို ရှာတွေ့ပြီး သွေးတွေ မထွက်တော့အောင် သွေးကြောမကို ကိရီယာနဲ့ ဖမ်းညှပ်ပြီး ချည်လိုက်တော့မှသွေးထွက် ယိုတာ တိတ်သွားပါတော့တယ်။ ပြီးတော့ ပေါက်ပြဲနေတဲ့ ဘယ်ဘက်သားပြွန်ကို လက်မလောက်အရွယ်ရှိနေတဲ့ သန္ဓေသား အိတ်နဲ့ အတူ ဖယ်ထုတ်လိုက်ပါတယ်။


ကံကောင်းတော့ ကအေးကမှာ ပုံမှန်ဖြစ်နေတဲ့ ညာဘက်သားပြွန် ရှိနေတာ တွေ့ရလို့ " အော် မအေး ကလေး ရနိုင်ပါသေးတယ်" လို့ အရေးထဲ တွေးမိသေးတယ်။
မေ့ဆေးဆရာဝန်ကလဲ ရသမျှသွေးလေးလုံးကို စက်နဲ့ တွန်းပြီး ထည့်ပေးနေတာကြောင့် မအေးရဲ့ သွေးပေါင်လဲတဖြည်းဖြည်း ပြန်တက်လာပါတော့တယ်။ အဲ့ဒီတော့မှ ကျွန်မလဲ ဟင်း ကနဲ သက်ပြင်းချနိုင်ပါတယ်။
မအေးရဲ့ ဗိုက်ထဲမှာ ရှိတဲ့ ယိုထွက်ထားတဲ့ သွေးနဲ့ သွေးခဲတွေကို သန့်စင်အောင် ရှင်းထုတ်ပြီး ဗိုက်ကို ပြန်ပိတ်ပြီး လူနာကို ခွဲခန်းအပြင်ဘက်ထွက်လာတော့မှ မအေးရဲ့ ခင်ပွန်း ကိုလင်းထိန်ကို လက်ဆွဲနှုတ်ဆက်လိုက်ရတယ်။
"မအေး အခြေအနေ စိတ်ချရပါပြီ" လို့ ပြောလိုက်ရတဲ့ ပီတိ ကို အခုထိ ကျွန်မ ခံစားမိနေတယ်။ အဲဒီကတည်းက ကျွန်မတို့ အချင်းချင်း သိခဲ့ကြတာ အခုဆို သူတို့မှာ ချစ်စရာကောင်းတဲ့ သမီးလေးနှစ်ယောက် ရပြီး ကလေးတွေတောင် တီတီတာတာ စကားပြောတက်နေကြပြီ။
အသက်ကို လက်မတင်လေး ကယ်ခဲ့ရတဲ့ မအေး လို့ အဖြစ်တွေဟာ ကျွန်မတို့ တက္ကသိုလ် ဆေးရုံမှာ တစ်နှစ်မှာ အယောက်တစ်ရာလောက် ခံစားလေ့ရှိပါတယ်။
သူ့လို အသည်းအသန်ဖြစ်ပြီး အသက်လုလိုက်ရတာရှိသလို အခြေအနေ တည်ငြိမ်နေပေမယ့် သံသယ ရှိနေလို့ ဆေးရုံတင်ထားပြီး ပြွန်မှာ သန္ဓေတည်နေတာကို အတည်ပြု သိရတဲ့အခါ ပြွန်ပေါက်ပြီး သွေးယိုတဲ့ အဆင့်ထိ မစောင့်ဘဲ သန္ဓေတည်နေတဲ့ ပြွန်တဘက်ကို ခွဲထုတ်ပေးလိုက်တာလည်း ရှိပါတယ်။ အဲဒီအခါမှာ ပြွန်ပေါက်သွားလို့ အရေးပေါ်ခွဲရသလို လူနာလည်း အသက်ဘေးနီးနီး မခံစားရဘဲ သွေးသွင်းစရာမလိုအပ်ဘဲ ချောချောမောမော ခွဲစိတ်ပေးနိုင်ပါတယ်။
ဒါကတော့ ဆေးရုံကို ရောက်လာတဲ့ သားပြွန်မှာ သန္ဓေတည်တဲ့ အဖြစ်အပျက်ကလေး တွေပါ။ ဒီလို လက္ခဏာခံစားရပြီး စမ်းတဝါးဝါးနဲ့ အိမ်မှာတင် အသက်ဆုံးရှုံးခဲ့ရတဲ့ အမျိုးသမီးတွေ လဲ ရှိနေခဲ့ပါတယ်။ သူငယ်ချင်း မေ့ဆေးဆရာဝန်တစ်ယောက်ပြောပြတဲ့ သူ့သူငယ်ချင်းတစ်ယောက်ရဲ့ အဖြစ်က အလွန် ရင်နာစရာကောင်းလှပါတယ်။


အလုပ်သွားနေတဲ့ ခင်ပွန်းကို နေ့လည်လောက်မှာ အိမ်မှာ ကျန်နေတဲ့ ဇနီးက ဖုန်းဆက်တယ်။ "ဗိုက်ထဲက အောင့်လို့" တဲ့။
ခင်ပွန်းကလဲ ချက်ချင်းပြန်မလာ နိုင်တာကြောင့် ဇနီးသည်က ၂ နှစ်သားကလေးကို လက်ဆွဲပြီး နီးရာဆေးခန်း သွားပြတယ်။ ဆရာဝန်က စမ်းသပ်ပြီး အစာအိမ် Gastric ဖြစ်တာဆိုပြီး Gastric အစာအိမ်ဆေး ပေးလိုက်တယ်။ ဆေးခန်းပြ ပြီးပြီ ဆိုတဲ့ အကြောင်းသိရတော့ ခင်ပွန်းလဲ စိတ်ချသွားတယ်။
ညနေ အလုပ်က ပြန်လာပြီး အိမ်တံခါး သော့ဖွင့်ဝင်လာတဲ့ အချိန်မှာ တစ်ယောက်ထဲ ကစားနေတဲ့ သားကလေးကို မေးတော့..
" မေမေရော"
"မေမေ အိပ်နေတယ် "တဲ့။
အိပ်ခန်းထဲ ဝင်အကြည့်မှာ အိပ်ယာပေါ်မှာ အသက်ကင်းမဲ့နေတဲ့ သူ့ရဲ့ ဇနီးကို တွေ့လိုက်ရတယ်။ ယူကြုံးမရနဲ့ ဇနီးသည်ရဲ့ အလောင်းကို ဆေးရုံယူသွားပြီး အဖြစ်မှန်ကို သိချင်လို့ ရင်ခွဲ စစ်ကြည့်တဲ့ အခါမှာတော့ ကိုယ်ဝန်လနုနုဟာ သန္ဓေတည်ပြီး သွေးကြောပေါက် အတွင်းသွေးယိုပြီး သေဆုံးသွားရတာ။
ခင်ပွန်းသည်က သူ့ဇနီးပြခဲ့တဲ့ ဆရာဝန်နဲ့တွေ့တော့..
လူနာက ဓမ္မတာရာသီမလာတာ ၂ လ ရှိတဲ့ အကြောင်းမပြောလိုက်သလို ဆရာဝန်ကလဲ ဓမ္မတာရာသီအကြောင်း မမေးဖြစ်၊ ကိုယ်ဝန် ရှိ၊မရှိ ဆီးမစစ်ဖြစ်ကြည့်တာကြောင့် အခုလို ကိုယ်ဝန်ဦးမှာ ဖြစ်တက်တဲ့ အသက် အန္တရာယ်ထိခိုက်နိုင်တဲ့ "သားပြွန်မှာ သန္ဓေတည်ခြင်း" ဖြစ်ရပ်ကို မသိလိုက်ကြရတော့တာပါပဲ။
ဒါကလည်း ဆေးရုံကို ယူလာပြီး ရင်ခွဲစစ်ဆေးကြည့်လို့သာ သေဆုံးခြင်းနဲ့ ရောဂါဇစ်မြစ်ကို "သားပွန်သန္ဓေတည် ပေါက်ပြီး အတွင်းသွေးယိုခြင်း" ( Ruptured Ectopic Pregnancy and Internal Bleeding) လို့ သိရတာ။
ဘာဖြစ်မှန်းမသိဘဲ ထင်ရာမြင်ရာ ပြုစားတာတွေလို့ တွေးပြီး အချိန်မှီ ဆေးရုံမရောက်ဘဲ အသက်ပျောက်သွားခဲ့ရတဲ့ ကျွန်မတို့ အမျိုးသမီးတွေ ဘယ်လောက်များ ရှိနေပြီလဲ ဆိုတာ မတွေးတော မမှန်းဆနိုင်တော့ပါဘူး။


ဒါကြောင့် ကျွန်မတို့ မြန်မာအမျိုးသမီးများရဲ့ အသက်ကလေးတွေ ရှည်စေလိုလို့၊ သားပြွန်မှာ သန္ဓေတည်ခြင်း အကြောင်းလေးကို ဆေးပညာ ရှုထောင့်က ကျွန်မ အနည်းငယ်ပြောပါရစေ။
သားပြွန်မှာ သန္ဓေတည်ခြင်း က ကိုယ်ဝန်ရှိစ အချိန်မှာ မိခင်လောင်းတွေ သေဆုံးခြင်းရဲ့ အဓိက အကြောင်းတစ်ခု ဖြစ်တယ်လို့ ကမ္ဘာ အနှံ့ က လက်ခံထားကြပါတယ်။ ကျွန်မတို့ လောလောဆယ် နေထိုင်နေတဲ့ မလေးရှားနိုင်ငံမှာ မိခင်လောင်း သေဆုံးသူ တစ်ရာမှာ သုံးယောက်ဟာ သားပြွန်မှာ သန္ဓေတည်ခြင်းကြောင့်ပါပဲ။
တကယ်တော့ မိခင်ရဲ့ မမျိုးဥနဲ့ ဖခင် ရဲ့ သုတ်ပိုးတို့ဟာ သားပြွန်ထဲမှာ ပေါင်းစပ်ပြီး ပုံမှန်အားဖြင့်မိခင်ရဲ့သားအိမ်မှာ ကပ်တွယ်ပြီး သန္ဓေသားအဖြစ် နေစေ့လစေ့အထိ တဖြည်းဖြည်းကြီးထွားလာပါတယ်။မိခင်ရဲ့ သားအိမ်ဟာ သားမျှင်တွေ ထူထဲ စွာနဲ့ သဘာဝက ဖန်တီးထားတာမို့ လစေ့တဲ့ အထိ သန္ဓေသား ကြီးထွားမှုကို ခံနိုင်ရည်ရှိပါတယ်။သားပြွန်က ကျွန်မတို့ ရဲ့ လက်သန်းလုံး တဝက်လောက်သာသာ ရှိတာမို့ သန္ဓေသား တဖြည်းဖြည်းကြီးထွားလာတာကို ခံနိုင်ရည်မရှိပါဘူး။ ဒါကြောင့် များသော အားဖြင့် သန္ဓေသား ၆ ပတ်ကနေ ၁၂ ပတ်အထိကြားမှာ သားပြွန်နံရံ ပေါက်ကွဲပြီး သားပြွန်ကို ထောက်ပံ့နေတဲ့ သွေးကြောမက ပေါက်ပြီး သွေးယိုတော့တာပါပဲ။ ယိုတဲ့သွေးတွေက ခန္ဓာကိုယ်ရဲ့ အပြင်ကို ထွက်တာမဟုတ်ဘဲ အမျိုးသမီးရဲ့ ဝမ်းဗိုက်ထဲက ပန်းထွက်နေတာကြောင့် အတွင်သွေးယိုပြီး လူနာဟာ သွေးပေါင်ကျ၊ အခြေအနေဆိုးရွား ၊ SCHOCK အဆင့်ကို ခဏချင်း ရောက်ရှိတက်ပါတယ်။
သားအိမ်ထဲမှာ မဟုတ်ဘဲ သားအိမ်ပြင်ပမှာ တည်တဲ့ သန္ဓေဟာ များသောအားဖြင့် ၉၈ ရာခိုင်နှုန်းဟား သားပြွန်မှာဖြစ်ပြီး ဝမ်းဗိုက်၊ သားဥအိမ်၊ သားအိမ်ခေါင်း စတဲ့ အခြားနေရာတွေမှာလဲ ဖြစ်တောင့် ဖြစ်ခဲ ဖြည်တည်လေ့ ရှိပါတယ်။


ဒီလို သားပြွန်မှာ သန္ဓေတည်ဖို့ အဖြစ်များနိုင်တဲ့ အမျိုးသမီးများကတော့
( ၁ ) အရင် က သားအိမ်မှာသန္ဓေတည်ဖူးပြီး ခွဲစိတ်ရဖူးသူ
( ၂ )အရင် က သားအိမ် ၊ သားပြွန်ရောင်ဖူးသူ
( ၃ ) အရင်က သားပြွန်နဲ့ ပတ်သတ်ပြီး ခွဲစိတ်ခံရဖူးသူ
( ၄ ) ICUD လို့ ခေါ်တဲ့ ကိုယ်ဝန်တားပစ္စည်း သားအိမ်တွင်းမှာ ထည့်ထားသူ
( ၅ ) ကိုယ်ဝန်ရအောင် ခေတ်မှီနည်းသစ်များ ( ဥပမာ သားအိမ်ထဲသို့ သုတ်ရည်ထည့်ခြင်း၊ ဖန်ပြွန်သန္ဓေထည့်ခြင်း ) စသည်များဖြင့် ကြိုးစားထားသူ
( ၆ ) သားသမီး မလိုချင်တော့ ဟု ဆုံးဖြတ်ပြီး သားပြွန်( သားကြော ) ဖြတ်ထား သူများ ဖြစ်တက်ပါတယ်။

အထက်က ဖော်ပြတဲ့ ရာဇဝင် မရှိသူ အမျိုးသမီးများ မှာလဲ သားပြွန်သန္ဓေတည်ခြင်း အလိုအလျောက် ဖြစ်တက်ပါတယ်။

သားပြွန်သန္ဓေတည်ခြင်းရဲ့ အဓိက လက္ခဏာ သုံးရပ်ကတော့ ရာသီထိန်ခြင်း၊ ပုံမှန်မဟုတ်သွေးဆင်းခြင်းနှင့် ဗိုက်( ဆီးစပ်) အထက် ဘယ် ညာ ဝမ်းဗိုက်အောက်ဘက် အလွန်နာကျင်ခြင်းတို့ပဲ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်မတို့ အမျိုးသမီးများ အနေနဲ့ ရာသီရက် ကျော်လျှင် ကိုယ်ဝန် ရှိ မရှိ ဆီးစစ်ကြည့်ဖို့ အလွန်အရေးကြီးပါတယ်။
ကိုယ်ဝန်ရှိတာ သေချာပြီး ဗိုက်နာလျှင် (သို့မဟုတ်) အညိုရောင် ၊ ချောကလက်ရောင်သွေးဆင်းလျှင် နီးစပ်ရာဆေးရုံမှာ ပြသဖို့ အရေးကြီးပါတယ်။ ကိုယ်ဝန်သန္ဓေသားဟာ အမျိုးသမီးရဲ့ သားအိမ်ထဲမှာ ရှိတာသေချာဖို့ အတွက် အဓိက စမ်းသပ်ဖို့ပါပဲ။


မအေး လို သားပြွန်ပေါက်သွားရင်တော့ ...
ဗိုက်တပြင်လုံးတင်းပြီး အထိမခံနိုင်အောင် နာလာမယ်။တခါတလေ ပုခုံးရင်းအထိ နာလာမယ်။ အမျိုးသမီးမှာ သွေးဆုတ်ပြီး သတိလစ်တဲ့အထိ ဖြစ်တက်ပါတယ်။ အဲ့ဒါဆိုရင် အသက်အန္တရာယ် အလွန်စိုးရိမ်နေရပါပြီ။
ကျွန်မတို့ ဆရာဝန်များ အဖို့က ဒီလိုလူနာကို အရေးပေါ် အမြန်ဆုံးကြည့်၊ ရောဂါ ဇစ်မြစ်မေး၊ စမ်းသပ်ပြီး ဖြစ်နိုင်တဲ့ သားပြွန်ပေါက်ခြင်းကို Ultrasound နဲ့ အတည်ပြုပြီး Colloid ဓါတ်ဆားရည် သွေးအမြန်ဆုံးသွင်း အရေးပေါ်ခွဲစိတ်ရတာ ပါပဲ။
လူနာအခြေအနေ တည်ငြိမ်နေရင်တော့ မေ့ဆေးပေးပြီး ဝမ်းဗိုက်မှာ Laparoscope လို့ ခေါ်တဲ့ အပေါက်လေး သုံးပေါက်ဖောက်ပြီး ထိခိုက်ပေါက်ပြဲနေတဲ့ သားပြွန်ကို ခွဲစိတ်ဖယ်ရှားခြင်းပဲ။
အိမ်ထောင်ရှိအမျိုးသမီးများကို အဓိက မှာ ချင်တာကတော့ ရာသီထိန်( ဓမ္မတာ ) နောက်ကျတာနဲ့ ကိုယ်ဝန်ရှိမရှိ ဆီးစစ်စေချင်ပါတယ်။Pharmacy လို့ခေါ်တဲ့ ဆေးဆိုင်တွေမှာ ဆီးစစ်တဲ့ စမ်းသပ်ပြားလေးတွေက ဈေးပေါပေါနဲ့ ဝယ်လို့ ရနိုင်သလို အလွယ်တကူလဲ စစ်ဆေးနိုင်ပါတယ်။
တကယ်လို့ Positive ကိုယ်ဝန်ရှိကြောင်းသေချာ ပြီဆိုရင် တော့ ဒီကိုယ်ဝန်ဟာ မိမိရဲ့ သားအိမ်တွင်းမှာ ရှိ ၊ မရှိ ဆိုတာကိုတော့ အဓိက သိဖို့ လိုအပ်ပါပြီ။ ရက်လွန်တာ ၁ ပတ်( ကိုယ်ဝန် ငါးပတ် ခြောက်ပတ်) ဆိုရင် သန္ဓေသားကို အမျိုးသမီးရဲ့ သားအိမ်ထဲမှာ မြင်တွေ့နိုင်ပြီမို့ အမျိုးသမီးဟာ ပြွန်မှာ သန္ဓေတည်လို့ အသက်အန္တရာယ် နီးတဲ့အဖြစ်က စိတ်တမျိုးအေးနိုင်ပါပြီ။ ဒါကြောင့် မတော်တဆ ကိုယ်ဝန်ရှိခဲ့ရင်တောင် အဲ့ဒီသန္ဓေ ဘယ်မှာ ရှိတယ်ဆိုတာကို အာရုံထား စဉ်းစားပြီး ကျွမ်းကျင်သူ ဆရာဝန်များနဲ့ စမ်းသပ်စစ်ဆေးခြင်းဖြင့် အမျိုးသမီး တို့ရဲ့ အလွန်အဖိုးတန်တဲ့ အသက်အန္တရာယ်ဘေးမှ ကင်းဝေးနိုင်တဲ့ အကြောင်းထပ်လောင်းပြီး ကျွန်မပြောပြချင်ပါတယ်။
ကျွန်မတို့ရဲ့ မြန်မာ အမျိုးသမီးများ...
ပျော်ရွှင် ကျန်းမာ အသက်ရှည်နိုင်ပါစေ...

ဒေါက်တာစီလေးခိုင် ( သားဖွား၊ မီးယပ်)

************************************************* *********************************
(ပုံများ google မှ ယူသည်)

အိမ်မက်စေရာ
၀၁.၀၄.၁၂