Pages

Sunday, April 1, 2012

သားပြွန်သန္ဓေတည် ခြင်းအကြောင်း သိကောင်းစရာ


"ကိုဖြိုးရဲ့ မိန်းမ ငါတို့ ဆေးရုံကို မနေ့က ရောက်တလာတယ်".. ရီရီ ကပြောလာတော့ ကျွန်မက
"ဟင် ဟုတ်လား ဘာဖြစ်တာလဲ "
"အူမှာ သန္ဓေတည်လို့ ဆိုလားပဲ.."
"အမ် အူမှာ ဘယ်လို သန္ဓေ တည်တာလဲ ဟ"
"ဘယ်သိမှာ လဲ ..ဘယ်လို လုပ်မှန်းမှ မသိတာ..ကို ဟိ"
"ဟယ် ဒုက္ခနော်..အဲ့ဒါ ဘယ်လို လုပ်လိုက်လဲ.."
"ခွဲလိုက်ရတယ်ဟ.."
"ကိုဖြိုးတို့ကလဲ ပြော ပြောချင်ဘူး..."

ရီရီဆိုတာ မဟာမြိုင်ဆေးခန်း မှာ အော်ပရေတာ လုပ်တဲ့ အိမ်မက်ရဲ့ သူငယ်ချင်းလေးပါ..လွန်ခဲ့တဲ့ ခုနှစ်လောက် က သူငယ်ချင်း ကိုဖြိုးနဲ့ ပတ်သတ်ပြီး အိမ်မက်တို့ ပြောဖူးခဲ့တဲ့ အကြောင်းအရာလေး ပါ..ဘာမှ မသိနားမလည်တဲ့ အရွယ် မို့ အူမှာ သန္ဓေတည်တယ်ဆိုပြီး ထင်ချင်သလို ထင်ခဲ့ကြတာလေ...အဲ့ဒီ အထင်ကလေး က ခုတော့ တက်တက်စင်အောင်လွဲပြီး ဘာကြောင့်ဖြစ်တယ် ဆိုတာကို သေချာအောင် သိလိုက်ပါပြီ..ဒီလို သိသွားအောင် ကူညီပေးတဲ့ အကြောင်းကတော့ ၂၀၁၁ ခုနှစ် ဇန်နဝါရီလ မှာ ပထမဆုံးထွက်ခဲ့တဲ့ မလေးရှားနိုင်ငံမှ အပြင်စီး ဆိုတဲ့ မဂ္ဂဇင်းထဲမှာ ပါတဲ့ ဆေးပညာဆောင်းပါ တစ်ပုဒ်ကြောင့်ပါပဲ..ခေါင်းစဉ်က အသက်ကလေးရယ်တဲ့ရှည်စေလို(၁) ဖြစ်ပြီး ရေးသူက ဒေါက်တာ စီလေးခိုင်( သားဖွား၊မီးယပ်) ဖြစ်ပါတယ်..မသိသေးတဲ့ သူများလဲ သိသွားအောင် ဆိုတဲ့ စေတနာလေးနဲ့ ဒီဆောင်းပါလေးကို အိမ်မက် ပြန်လည် ဝေမျှပါတယ်..

အသက်ကလေးရှည်တဲ့ ရှည်စေလို ( သို့မဟုတ် ) သားပြွန်မှာ သန္ဓေတည်ခြင်းအကြောင်း



" မမရေ ကျွန်တော်ကိုမျိုးပါ။ Resus Room( အရေးပေါ် အသည်းအသန်ခန်း )က ဆက်တာ ဒီမှာ မြန်မာ အမျိုးသမီး တစ်ယောက် ရောက်နေတယ်။ ဗိုက်ကတင်းနေပြီး သွေးပေါင်တအား ကျနေတယ်။ ကျွန်တော်ထင်တာ သူ့ဗိုက်ထဲမှာ Internal Bledding(အတွင်းသွေးယိုခြင်း) ဖြစ်နေမယ်ထင်တယ်။ မမရဲ့ M.O (လက်ထောက်ဆရာဝန်) ကိုလည်း ကျွန်တော် ခေါ်ထားပြီးပြီ။ ဒီမှာ ရောက်နေပြီ..."
"အေး ကိုမျိုးရေ သွေးလှူဘဏ်က သွေး ၄ လုံး အဆင်သင့်တောင်းထားလိုက် ၊ လူနာကို လောလောဆယ် Drip ၂ ဘက်သွင်းထား ..အစ်မ အခုချက်ချင်းလာနေပြီ"

ကျွန်မ အရေးပေါ်တာဝန်ကျတဲ့ ညတည ဖြစ်ပါတယ်..
ကျွန်မတို့ ဆေးရုံမှာ အရေးပေါ်ဌာန၊ သားဖွားမီးယပ်ဌာန၊ ခွဲစိတ်ဌာန၊ အထွေထွေ ရောဂါ ဌာန စသဖြင့် သီးခြားစီ ရှိပေမယ့် ဒီလို လူနာ အသည်းအသန်ဖြစ်ပြီး အသက်လုရတဲ့ အချိန်ဆိုရင် သက်ဆိုင်ရာ တာဝန်ကျတဲံ အထူးကုဆရာဝန်တွေကို တိုက်ရိုက် ခေါ်ခွင့်ရှိပါတယ်။ အဲဒီနေ့က မအေး ကံကောင်းတော့ အရေးပေါ်တာဝန်က ဆရာဝန်ကလည်း မြန်မာ၊ တာဝန်က OG( သားဖွား၊မီးယပ်) ကလည်း မြန်မာ ဖြစ်နေလို့ပါ။ မြန်မာလူနာ အများစုမှာ ဘာသာစကား အခက်အခဲ ကြောင့် ရောဂါရာဇဝင်ကို အသေးစိတ် အတိအကျမပြောနိုင်တဲ့အခါ မလေး နိုင်ငံသား ဆရာဝန်တွေနဲ့ "ခုတ်ရာ တခြား ရှရာတလွဲ" တွေ ဖြစ်လေ့ရှိပါတယ်။ တခါတလေ မြန်မာလူနာတွေ ရောက်လာရင် ဆေးရုံမှာ ရှိတဲ့ တခြားဌာနက မြန်မာ ဆရာဝန်တွေကို ခေါ်ပြီး ကူညီ ဘာသာပြန်ခိုင်းလေ့ ရှိကြပါတယ်။


ဒီလို ဝမ်းဗိုက်ထဲမှာ သွေးယိုတဲ့ လက္ခဏာရှိတဲ့ လူနာ ရောက်လာပြီဆိုရင် ကျွန်မတို့ တခြား တာဝန်ကျနေတဲ့ နေရာကနေ "အရေးပေါ်ခန်း" အရောက် အပြေးအလွှား သွားကြရပါတယ်။ဒီလို လူနာမျိုးမှာ အချိန်က စက္ကန့် အမျှ အရေးကြီး နေပြီလေ။
"မမ ဒီလူနာရဲ့ ခင်ပွန်း ကိုလင်းထိန်၊ မအေးက အရင်က ကိုယ်ဝန်နျစ်ခါ ပျက်ဖူးတယ်။ ဒီတခါလည်း ရာသီမလာလို့ ဆေးခန်း သွားပြတာ ဆီးစစ်လိုက်တော့ ကိုယ်ဝန်ရှိတယ်ပြောာလို့ ဝမ်းသာနေကြတာ။ ညနေက ဗိုက်နာလာတော့ အနားက ဆေးခန်းသွားပြသေးတယ် လေဆေးပဲ ပေးလိုက်တယ်။ မိုးချုပ်လာတော့ မခံနိုင်တော့တာနဲ့ ဆေးရုံပြေးလာတာ..."
လူနာကိုစမ်းသပ်လိုကတော့ ဒေါက်တာကိုမျိုး ပြောတဲ့အတိုင်း နှလုံးသွေးခုန်နှုန်း အရမ်းမြန်ပြီး သွေးပေါင်က တအားကျနေပြီ။ လူနာက သွေးဆုတ်ပြီး ဖြူဖတ်ဖြူရောက် ဗိုက်က တင်းပြီး အထိမခံနိုင်တော့ ၊ ဗိုက်ထဲမှာ အတွင်းသွေးယို တဲ့ လက္ခဏာ ရှိနေပြီ။



မအေးဗိုက်ထဲမှာ သွေးရည်တွေနဲ့ ပြည့်တင်းနေတာကို အရေးပေါ်အခန်းမှာ အဆင်သင့်ရှိနေတဲ့ အာထရာဆောင်းစက်(Ultrasound machine) နဲ့ စမ်းသပ်ပြီး အတည်ပြုလိုက်ပါတယ်။ မအေးရဲ့ သားအိမ်ထဲမှာ သန္ဓေသားကို မတွေ့ရပါဘူး။
" ကိုလင်းထိန်ရေ.. အဖြစ်နိုင်ဆုံးက သန္ဓေသားက သားအိမ်အပြင်ဘက်(သားပြွန်)မှာ သန္ဓေတည်ပြီး သန္ဓေသားကြီးထွားလာတော့ ပြွန်က မခံနိုင်ဘဲ ပေါက်ကွဲပြီး ဝမ်းဗိုက်ထဲမှာ သွေးယိုတာ၊ ကျွန်မတို့ ဆေးပညာအရ "Ectopic Pregnancy"(သားအိမ်ပြင်ပမှာ သန္ဓေတည်ခြင်း) လို့ခေါ်တယ်..."။
"မအေးရဲ့ အသက်က အရေးကြီးနေပြီ..အခုချက်ချင်း အရေးပေါ် ဗိုက်ခွဲရမယ်"
လူနာရှင်ကို ကမန်းကတန်းရှင်းပြပြီး ကျွန်မရဲ့ လက်ထောက်ဆရာဝန်ကို မေ့ဆေးဆရာဝန်၊ ခွဲစိတ်ခန်းတွေ အခုချက်ခြင်း အရေးပေါ်ခွဲဖို့အတွက် စီစဉ်ရပါတယ်။
ကျွန်မတို့တတွေ မအေး ကို အရေးပေါ်ခန်းကနေ ပင်မအဆောက်အဦးကြီးက ခွဲစိတ်ခန်းထဲကို ဆယ်မိနစ်အတွင်း တွန်းပို့ နိုင်ခဲ့ပြီး ကျွန်မကိုယ်တိုင်ပဲ ခွဲစိတ်ပေးခဲ့ပါတယ်။ အဓိက က သွေးယိုနေတဲ့ သွေးကြောမကြီးကို အမြန်ဆုံး တွေ့အောင်ရှာပြီး သွေးတိတ်အောင် ချည်နိုင်ဖို့ ပါပဲ။ ဗိုက်ဖွင့်လိုက်တော့ လီတာပုလင်းသုံးလုံး စာလောက်ရှိတဲ့ သွေးတွေ၊ သွေးခဲတွေ မအေးရဲ့ ဗိုက်ထဲက သွန်ထွက်လာတယ်။ သွေးယိုပေါက်နေတဲ့ ဘယ်ဘက်သားပြွန်ကို ရှာတွေ့ပြီး သွေးတွေ မထွက်တော့အောင် သွေးကြောမကို ကိရီယာနဲ့ ဖမ်းညှပ်ပြီး ချည်လိုက်တော့မှသွေးထွက် ယိုတာ တိတ်သွားပါတော့တယ်။ ပြီးတော့ ပေါက်ပြဲနေတဲ့ ဘယ်ဘက်သားပြွန်ကို လက်မလောက်အရွယ်ရှိနေတဲ့ သန္ဓေသား အိတ်နဲ့ အတူ ဖယ်ထုတ်လိုက်ပါတယ်။


ကံကောင်းတော့ ကအေးကမှာ ပုံမှန်ဖြစ်နေတဲ့ ညာဘက်သားပြွန် ရှိနေတာ တွေ့ရလို့ " အော် မအေး ကလေး ရနိုင်ပါသေးတယ်" လို့ အရေးထဲ တွေးမိသေးတယ်။
မေ့ဆေးဆရာဝန်ကလဲ ရသမျှသွေးလေးလုံးကို စက်နဲ့ တွန်းပြီး ထည့်ပေးနေတာကြောင့် မအေးရဲ့ သွေးပေါင်လဲတဖြည်းဖြည်း ပြန်တက်လာပါတော့တယ်။ အဲ့ဒီတော့မှ ကျွန်မလဲ ဟင်း ကနဲ သက်ပြင်းချနိုင်ပါတယ်။
မအေးရဲ့ ဗိုက်ထဲမှာ ရှိတဲ့ ယိုထွက်ထားတဲ့ သွေးနဲ့ သွေးခဲတွေကို သန့်စင်အောင် ရှင်းထုတ်ပြီး ဗိုက်ကို ပြန်ပိတ်ပြီး လူနာကို ခွဲခန်းအပြင်ဘက်ထွက်လာတော့မှ မအေးရဲ့ ခင်ပွန်း ကိုလင်းထိန်ကို လက်ဆွဲနှုတ်ဆက်လိုက်ရတယ်။
"မအေး အခြေအနေ စိတ်ချရပါပြီ" လို့ ပြောလိုက်ရတဲ့ ပီတိ ကို အခုထိ ကျွန်မ ခံစားမိနေတယ်။ အဲဒီကတည်းက ကျွန်မတို့ အချင်းချင်း သိခဲ့ကြတာ အခုဆို သူတို့မှာ ချစ်စရာကောင်းတဲ့ သမီးလေးနှစ်ယောက် ရပြီး ကလေးတွေတောင် တီတီတာတာ စကားပြောတက်နေကြပြီ။
အသက်ကို လက်မတင်လေး ကယ်ခဲ့ရတဲ့ မအေး လို့ အဖြစ်တွေဟာ ကျွန်မတို့ တက္ကသိုလ် ဆေးရုံမှာ တစ်နှစ်မှာ အယောက်တစ်ရာလောက် ခံစားလေ့ရှိပါတယ်။
သူ့လို အသည်းအသန်ဖြစ်ပြီး အသက်လုလိုက်ရတာရှိသလို အခြေအနေ တည်ငြိမ်နေပေမယ့် သံသယ ရှိနေလို့ ဆေးရုံတင်ထားပြီး ပြွန်မှာ သန္ဓေတည်နေတာကို အတည်ပြု သိရတဲ့အခါ ပြွန်ပေါက်ပြီး သွေးယိုတဲ့ အဆင့်ထိ မစောင့်ဘဲ သန္ဓေတည်နေတဲ့ ပြွန်တဘက်ကို ခွဲထုတ်ပေးလိုက်တာလည်း ရှိပါတယ်။ အဲဒီအခါမှာ ပြွန်ပေါက်သွားလို့ အရေးပေါ်ခွဲရသလို လူနာလည်း အသက်ဘေးနီးနီး မခံစားရဘဲ သွေးသွင်းစရာမလိုအပ်ဘဲ ချောချောမောမော ခွဲစိတ်ပေးနိုင်ပါတယ်။
ဒါကတော့ ဆေးရုံကို ရောက်လာတဲ့ သားပြွန်မှာ သန္ဓေတည်တဲ့ အဖြစ်အပျက်ကလေး တွေပါ။ ဒီလို လက္ခဏာခံစားရပြီး စမ်းတဝါးဝါးနဲ့ အိမ်မှာတင် အသက်ဆုံးရှုံးခဲ့ရတဲ့ အမျိုးသမီးတွေ လဲ ရှိနေခဲ့ပါတယ်။ သူငယ်ချင်း မေ့ဆေးဆရာဝန်တစ်ယောက်ပြောပြတဲ့ သူ့သူငယ်ချင်းတစ်ယောက်ရဲ့ အဖြစ်က အလွန် ရင်နာစရာကောင်းလှပါတယ်။


အလုပ်သွားနေတဲ့ ခင်ပွန်းကို နေ့လည်လောက်မှာ အိမ်မှာ ကျန်နေတဲ့ ဇနီးက ဖုန်းဆက်တယ်။ "ဗိုက်ထဲက အောင့်လို့" တဲ့။
ခင်ပွန်းကလဲ ချက်ချင်းပြန်မလာ နိုင်တာကြောင့် ဇနီးသည်က ၂ နှစ်သားကလေးကို လက်ဆွဲပြီး နီးရာဆေးခန်း သွားပြတယ်။ ဆရာဝန်က စမ်းသပ်ပြီး အစာအိမ် Gastric ဖြစ်တာဆိုပြီး Gastric အစာအိမ်ဆေး ပေးလိုက်တယ်။ ဆေးခန်းပြ ပြီးပြီ ဆိုတဲ့ အကြောင်းသိရတော့ ခင်ပွန်းလဲ စိတ်ချသွားတယ်။
ညနေ အလုပ်က ပြန်လာပြီး အိမ်တံခါး သော့ဖွင့်ဝင်လာတဲ့ အချိန်မှာ တစ်ယောက်ထဲ ကစားနေတဲ့ သားကလေးကို မေးတော့..
" မေမေရော"
"မေမေ အိပ်နေတယ် "တဲ့။
အိပ်ခန်းထဲ ဝင်အကြည့်မှာ အိပ်ယာပေါ်မှာ အသက်ကင်းမဲ့နေတဲ့ သူ့ရဲ့ ဇနီးကို တွေ့လိုက်ရတယ်။ ယူကြုံးမရနဲ့ ဇနီးသည်ရဲ့ အလောင်းကို ဆေးရုံယူသွားပြီး အဖြစ်မှန်ကို သိချင်လို့ ရင်ခွဲ စစ်ကြည့်တဲ့ အခါမှာတော့ ကိုယ်ဝန်လနုနုဟာ သန္ဓေတည်ပြီး သွေးကြောပေါက် အတွင်းသွေးယိုပြီး သေဆုံးသွားရတာ။
ခင်ပွန်းသည်က သူ့ဇနီးပြခဲ့တဲ့ ဆရာဝန်နဲ့တွေ့တော့..
လူနာက ဓမ္မတာရာသီမလာတာ ၂ လ ရှိတဲ့ အကြောင်းမပြောလိုက်သလို ဆရာဝန်ကလဲ ဓမ္မတာရာသီအကြောင်း မမေးဖြစ်၊ ကိုယ်ဝန် ရှိ၊မရှိ ဆီးမစစ်ဖြစ်ကြည့်တာကြောင့် အခုလို ကိုယ်ဝန်ဦးမှာ ဖြစ်တက်တဲ့ အသက် အန္တရာယ်ထိခိုက်နိုင်တဲ့ "သားပြွန်မှာ သန္ဓေတည်ခြင်း" ဖြစ်ရပ်ကို မသိလိုက်ကြရတော့တာပါပဲ။
ဒါကလည်း ဆေးရုံကို ယူလာပြီး ရင်ခွဲစစ်ဆေးကြည့်လို့သာ သေဆုံးခြင်းနဲ့ ရောဂါဇစ်မြစ်ကို "သားပွန်သန္ဓေတည် ပေါက်ပြီး အတွင်းသွေးယိုခြင်း" ( Ruptured Ectopic Pregnancy and Internal Bleeding) လို့ သိရတာ။
ဘာဖြစ်မှန်းမသိဘဲ ထင်ရာမြင်ရာ ပြုစားတာတွေလို့ တွေးပြီး အချိန်မှီ ဆေးရုံမရောက်ဘဲ အသက်ပျောက်သွားခဲ့ရတဲ့ ကျွန်မတို့ အမျိုးသမီးတွေ ဘယ်လောက်များ ရှိနေပြီလဲ ဆိုတာ မတွေးတော မမှန်းဆနိုင်တော့ပါဘူး။


ဒါကြောင့် ကျွန်မတို့ မြန်မာအမျိုးသမီးများရဲ့ အသက်ကလေးတွေ ရှည်စေလိုလို့၊ သားပြွန်မှာ သန္ဓေတည်ခြင်း အကြောင်းလေးကို ဆေးပညာ ရှုထောင့်က ကျွန်မ အနည်းငယ်ပြောပါရစေ။
သားပြွန်မှာ သန္ဓေတည်ခြင်း က ကိုယ်ဝန်ရှိစ အချိန်မှာ မိခင်လောင်းတွေ သေဆုံးခြင်းရဲ့ အဓိက အကြောင်းတစ်ခု ဖြစ်တယ်လို့ ကမ္ဘာ အနှံ့ က လက်ခံထားကြပါတယ်။ ကျွန်မတို့ လောလောဆယ် နေထိုင်နေတဲ့ မလေးရှားနိုင်ငံမှာ မိခင်လောင်း သေဆုံးသူ တစ်ရာမှာ သုံးယောက်ဟာ သားပြွန်မှာ သန္ဓေတည်ခြင်းကြောင့်ပါပဲ။
တကယ်တော့ မိခင်ရဲ့ မမျိုးဥနဲ့ ဖခင် ရဲ့ သုတ်ပိုးတို့ဟာ သားပြွန်ထဲမှာ ပေါင်းစပ်ပြီး ပုံမှန်အားဖြင့်မိခင်ရဲ့သားအိမ်မှာ ကပ်တွယ်ပြီး သန္ဓေသားအဖြစ် နေစေ့လစေ့အထိ တဖြည်းဖြည်းကြီးထွားလာပါတယ်။မိခင်ရဲ့ သားအိမ်ဟာ သားမျှင်တွေ ထူထဲ စွာနဲ့ သဘာဝက ဖန်တီးထားတာမို့ လစေ့တဲ့ အထိ သန္ဓေသား ကြီးထွားမှုကို ခံနိုင်ရည်ရှိပါတယ်။သားပြွန်က ကျွန်မတို့ ရဲ့ လက်သန်းလုံး တဝက်လောက်သာသာ ရှိတာမို့ သန္ဓေသား တဖြည်းဖြည်းကြီးထွားလာတာကို ခံနိုင်ရည်မရှိပါဘူး။ ဒါကြောင့် များသော အားဖြင့် သန္ဓေသား ၆ ပတ်ကနေ ၁၂ ပတ်အထိကြားမှာ သားပြွန်နံရံ ပေါက်ကွဲပြီး သားပြွန်ကို ထောက်ပံ့နေတဲ့ သွေးကြောမက ပေါက်ပြီး သွေးယိုတော့တာပါပဲ။ ယိုတဲ့သွေးတွေက ခန္ဓာကိုယ်ရဲ့ အပြင်ကို ထွက်တာမဟုတ်ဘဲ အမျိုးသမီးရဲ့ ဝမ်းဗိုက်ထဲက ပန်းထွက်နေတာကြောင့် အတွင်သွေးယိုပြီး လူနာဟာ သွေးပေါင်ကျ၊ အခြေအနေဆိုးရွား ၊ SCHOCK အဆင့်ကို ခဏချင်း ရောက်ရှိတက်ပါတယ်။
သားအိမ်ထဲမှာ မဟုတ်ဘဲ သားအိမ်ပြင်ပမှာ တည်တဲ့ သန္ဓေဟာ များသောအားဖြင့် ၉၈ ရာခိုင်နှုန်းဟား သားပြွန်မှာဖြစ်ပြီး ဝမ်းဗိုက်၊ သားဥအိမ်၊ သားအိမ်ခေါင်း စတဲ့ အခြားနေရာတွေမှာလဲ ဖြစ်တောင့် ဖြစ်ခဲ ဖြည်တည်လေ့ ရှိပါတယ်။


ဒီလို သားပြွန်မှာ သန္ဓေတည်ဖို့ အဖြစ်များနိုင်တဲ့ အမျိုးသမီးများကတော့
( ၁ ) အရင် က သားအိမ်မှာသန္ဓေတည်ဖူးပြီး ခွဲစိတ်ရဖူးသူ
( ၂ )အရင် က သားအိမ် ၊ သားပြွန်ရောင်ဖူးသူ
( ၃ ) အရင်က သားပြွန်နဲ့ ပတ်သတ်ပြီး ခွဲစိတ်ခံရဖူးသူ
( ၄ ) ICUD လို့ ခေါ်တဲ့ ကိုယ်ဝန်တားပစ္စည်း သားအိမ်တွင်းမှာ ထည့်ထားသူ
( ၅ ) ကိုယ်ဝန်ရအောင် ခေတ်မှီနည်းသစ်များ ( ဥပမာ သားအိမ်ထဲသို့ သုတ်ရည်ထည့်ခြင်း၊ ဖန်ပြွန်သန္ဓေထည့်ခြင်း ) စသည်များဖြင့် ကြိုးစားထားသူ
( ၆ ) သားသမီး မလိုချင်တော့ ဟု ဆုံးဖြတ်ပြီး သားပြွန်( သားကြော ) ဖြတ်ထား သူများ ဖြစ်တက်ပါတယ်။

အထက်က ဖော်ပြတဲ့ ရာဇဝင် မရှိသူ အမျိုးသမီးများ မှာလဲ သားပြွန်သန္ဓေတည်ခြင်း အလိုအလျောက် ဖြစ်တက်ပါတယ်။

သားပြွန်သန္ဓေတည်ခြင်းရဲ့ အဓိက လက္ခဏာ သုံးရပ်ကတော့ ရာသီထိန်ခြင်း၊ ပုံမှန်မဟုတ်သွေးဆင်းခြင်းနှင့် ဗိုက်( ဆီးစပ်) အထက် ဘယ် ညာ ဝမ်းဗိုက်အောက်ဘက် အလွန်နာကျင်ခြင်းတို့ပဲ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်မတို့ အမျိုးသမီးများ အနေနဲ့ ရာသီရက် ကျော်လျှင် ကိုယ်ဝန် ရှိ မရှိ ဆီးစစ်ကြည့်ဖို့ အလွန်အရေးကြီးပါတယ်။
ကိုယ်ဝန်ရှိတာ သေချာပြီး ဗိုက်နာလျှင် (သို့မဟုတ်) အညိုရောင် ၊ ချောကလက်ရောင်သွေးဆင်းလျှင် နီးစပ်ရာဆေးရုံမှာ ပြသဖို့ အရေးကြီးပါတယ်။ ကိုယ်ဝန်သန္ဓေသားဟာ အမျိုးသမီးရဲ့ သားအိမ်ထဲမှာ ရှိတာသေချာဖို့ အတွက် အဓိက စမ်းသပ်ဖို့ပါပဲ။


မအေး လို သားပြွန်ပေါက်သွားရင်တော့ ...
ဗိုက်တပြင်လုံးတင်းပြီး အထိမခံနိုင်အောင် နာလာမယ်။တခါတလေ ပုခုံးရင်းအထိ နာလာမယ်။ အမျိုးသမီးမှာ သွေးဆုတ်ပြီး သတိလစ်တဲ့အထိ ဖြစ်တက်ပါတယ်။ အဲ့ဒါဆိုရင် အသက်အန္တရာယ် အလွန်စိုးရိမ်နေရပါပြီ။
ကျွန်မတို့ ဆရာဝန်များ အဖို့က ဒီလိုလူနာကို အရေးပေါ် အမြန်ဆုံးကြည့်၊ ရောဂါ ဇစ်မြစ်မေး၊ စမ်းသပ်ပြီး ဖြစ်နိုင်တဲ့ သားပြွန်ပေါက်ခြင်းကို Ultrasound နဲ့ အတည်ပြုပြီး Colloid ဓါတ်ဆားရည် သွေးအမြန်ဆုံးသွင်း အရေးပေါ်ခွဲစိတ်ရတာ ပါပဲ။
လူနာအခြေအနေ တည်ငြိမ်နေရင်တော့ မေ့ဆေးပေးပြီး ဝမ်းဗိုက်မှာ Laparoscope လို့ ခေါ်တဲ့ အပေါက်လေး သုံးပေါက်ဖောက်ပြီး ထိခိုက်ပေါက်ပြဲနေတဲ့ သားပြွန်ကို ခွဲစိတ်ဖယ်ရှားခြင်းပဲ။
အိမ်ထောင်ရှိအမျိုးသမီးများကို အဓိက မှာ ချင်တာကတော့ ရာသီထိန်( ဓမ္မတာ ) နောက်ကျတာနဲ့ ကိုယ်ဝန်ရှိမရှိ ဆီးစစ်စေချင်ပါတယ်။Pharmacy လို့ခေါ်တဲ့ ဆေးဆိုင်တွေမှာ ဆီးစစ်တဲ့ စမ်းသပ်ပြားလေးတွေက ဈေးပေါပေါနဲ့ ဝယ်လို့ ရနိုင်သလို အလွယ်တကူလဲ စစ်ဆေးနိုင်ပါတယ်။
တကယ်လို့ Positive ကိုယ်ဝန်ရှိကြောင်းသေချာ ပြီဆိုရင် တော့ ဒီကိုယ်ဝန်ဟာ မိမိရဲ့ သားအိမ်တွင်းမှာ ရှိ ၊ မရှိ ဆိုတာကိုတော့ အဓိက သိဖို့ လိုအပ်ပါပြီ။ ရက်လွန်တာ ၁ ပတ်( ကိုယ်ဝန် ငါးပတ် ခြောက်ပတ်) ဆိုရင် သန္ဓေသားကို အမျိုးသမီးရဲ့ သားအိမ်ထဲမှာ မြင်တွေ့နိုင်ပြီမို့ အမျိုးသမီးဟာ ပြွန်မှာ သန္ဓေတည်လို့ အသက်အန္တရာယ် နီးတဲ့အဖြစ်က စိတ်တမျိုးအေးနိုင်ပါပြီ။ ဒါကြောင့် မတော်တဆ ကိုယ်ဝန်ရှိခဲ့ရင်တောင် အဲ့ဒီသန္ဓေ ဘယ်မှာ ရှိတယ်ဆိုတာကို အာရုံထား စဉ်းစားပြီး ကျွမ်းကျင်သူ ဆရာဝန်များနဲ့ စမ်းသပ်စစ်ဆေးခြင်းဖြင့် အမျိုးသမီး တို့ရဲ့ အလွန်အဖိုးတန်တဲ့ အသက်အန္တရာယ်ဘေးမှ ကင်းဝေးနိုင်တဲ့ အကြောင်းထပ်လောင်းပြီး ကျွန်မပြောပြချင်ပါတယ်။
ကျွန်မတို့ရဲ့ မြန်မာ အမျိုးသမီးများ...
ပျော်ရွှင် ကျန်းမာ အသက်ရှည်နိုင်ပါစေ...

ဒေါက်တာစီလေးခိုင် ( သားဖွား၊ မီးယပ်)

************************************************* *********************************
(ပုံများ google မှ ယူသည်)

အိမ်မက်စေရာ
၀၁.၀၄.၁၂





10 comments:

Thameesan said...

အော်...
မသိသေးတာတွေ အများကြီးရှိသေးပါလားးးး
ကျေးဇူးပါအိမ်မက်ရေ...
တစ်နေ့နေ့တော့ အသုံးဝင်လာကောင်းနိုင်ပါရဲ့ :P

ရင်ဆူး said...

ကောင်းတယ် အိမ်မက်ရေ ......ဒီလိုလေးတွေ တင်တော့လည်း ဗဟုသုတရတာပေါ့......ဒီ တွေက တွေ့ရများတယ်ဗျ.....အထူးသဖြင့် ကျေးလက်နေ ကိုယ်ဝန်ဆောင်သည်တွေမှာ ဖြစ်တာများတယ်...သူတို့ထင်တာက ကိုယ်ဝန်ရှိပြီဆို မွေးခါနီးမှ ဆေးရုံလာရမယ် ထင်တာဗျ....အဲ့တော့ ကလေးက သားအိမ်ထဲမှာ ရှိမရှိ မသိတော့ဘူးပေါ့....သွေးဆင်းလည်း ဖြစ်တတ်တယ်ဆိုပြီး ပေကပ်နေတဲ့ အမျိုးသမီးတွေလည်း တွေ့ဖူးတယ်.....အဓိကကတော့ ကျန်းမာရေး ဗဟုသုတနည်းကြတာပေါ့..... အကောင်းဆုံးကတော့ အိမ်ထောင်သည် အမျိုးသမီးတစ်ယောက်က ရာသီထိန်သွားရင် ကိုယ်ဝန်ရှိဖို့ ရာခိုင်နှုန်းအများဆုံး ဖြစ်တဲ့အတွက် UCG လို့ခေါ်တဲ့ ဆီးစစ် ရမယ်ဗျာ....ဆီးစစ်လို့ ကိုယ်ဝန်မရှိရင်တောင် ရာသီပေါ်ဖို့တော်တော် နောက်ကျနေရင် နီးရာဆေးခန်းကို ပြသင့်တယ်ဗျ.....တစ်ခါတစ်လေ ဆီးစစ်တာလည်း False Negative လို့ခေါ်တဲ့ အမှားမျိုးရှိတတ်သေးတဲ့အတွက်ပေါ့.....လိုအပ်ရင် Ultrasound ရိုက်ကြည့်ပေါ့ဗျာ......အဲ့လိုလုပ်မယ်ဆိုရင် အခုပြောသွားတဲ့ Ruptured Ectopic Pregnancy ဖြစ်ဖို့ အခွင့်အလမ်းနည်းသွားတာပေါ့ဗျာ.....အသက်ကို ညဏ်စောင့်တယ် ဆိုတဲ့ စကားက အရမ်းမှန်ပါတယ်....ကိုယ်ဝန်ရှိပြီဆိုတာ လူကြီးတွေပြောသလို သချိုင်းကို ခြေတစ်လှမ်းလှမ်းထားတယ်လို့သာ မှတ်ထားရမှာပေါ့ဗျာ.....ပြောတာတော်တော်များသွားပြီ...... လူတိုင်း ကျန်းမာရေးဗဟုသုတလေးတော့ ရှိစေချင်တယ်ဗျာ........

အိမ်မက်စေရာ said...

ဟုတ်တယ် ရင်ဆူးရေ.. ဗဟုသုတနည်းတော့ မဖြစ်သင့်တာ တာတွေဖြစ်ပြီး အသက်တို ကြရတယ်

Candy said...

ကွန်မန့် စမ်းပေးကြည့်တယ် အိမ်မက်

Candy said...

အမ်.. နောက်တာလား နောက်တာလား အိမ်မက်..
Verification word တောင် မရိုက်ရဘူး.. တန်းပေါ်တာကို ဘာကွန်မန့်ပေးရခက်တာတုန်း..
လူကို မနောက်နဲ့နော် >.<

Anonymous said...

အဲဒါကြောင့် အမေကအချစ်ဆုံးသူဖြစ်နေတာပေါ့


မောင်ဘကြိုင်

adam smitch said...

good profile ;thank a lot

Anonymous said...

မိန်းခလေးတွေအတွက်အများကြီးကောင်းတယ်

Anonymous said...

replica bags dubai replica zara bags replica bags australia

Anonymous said...

off white
supreme outlet
off white hoodie outlet
goyard outlet
off white
fear of god essentials hoodie
kyrie 6 shoes
off white outlet online
golden goose outlet
cheap jordans