Pages

Wednesday, February 16, 2011

အတ္တရဲ့ အသုံးချခံ လက်စွပ်လေး


ချစ်သူနဲ့တွေ့တဲ့ ပထမဆုံးနေ့ဟာ အလှပဆုံးနေ့ရယ်လို့ လူတစ်ချို့တင်စားကြမယ်ထင်တယ်..ထိုနေ့ သူနေ့ဆုံတွေ့တဲ့နေ့ရယ် ကျွန်မအတွက်တော့ ဝမ်းအနည်းရဆုံးနေ့ရယ်ပါ..ရာသီဥတု သိပ်ပြီးမသာယာလှတဲ့ ထိုနေ့ တစ်ရက်မှာ သူနဲ့ ကျွန်မဆုံတွေ့ခဲ့လေရဲ့..အဝေးပြေးဘူတာကြီးရဲ့ တစ်ခုသော ကော်ဖီ ဆိုင်လေးမှာ..

လူအဝင်အထွက်များတဲ့ ဆိုင်လေးဟာ ထိုနေ့က ကျွန်မနဲ့ မိတ်ဆွေသုံးဦးရဲ့စကားသံ တစ်ချို့ ဆူညံနေလေရဲ့..ရင်းနှီးဖွယ်ကောင်းတဲ့ သူတို့နဲ့ ပထမဆုံးဆုံတွေ့တဲ့နေ့ရယ်..တစ်ယောက်နဲ့တစ်ယောက်မမြင်ဖူးကြပေမယ့် နိုင်ငံခြားမှာ မြန်မာအချင်းချင်းတော့ ဘယ်လောက်ပဲ လူများများ ရှာတွေ့ဖို့လွယ်ပါတယ်..ကော်ဖီသောက်ရင်း စကားပြောရင်း မိတ်ဆက်ကြတော့ သတိထားမိတာ သူ့ရဲ့ညာဘက်လက်သူကြွယ်က စေ့စပ်လက်စွပ်လေးကိုပါ..အော် ဆိုင်သူရှိထားနှင့်ပြီကိုးကွယ်..ဒီလိုပဲတစ်နေ့တာ ကုန်ဆုံးသွားပြီး ဖုန်းနံပါတ်တွေ အပြန်အလှန်လဲ ဖြစ်ခဲ့တယ်..နောက်ရက်တော့ ဖုန်းတွေ အပြန်လှန်ဆက်ရင်းနဲ့ပဲ ခင်မင်မှုတွေပိုလာခဲ့ပြန်တယ်..သက်ဆိုင်သူရှိနှင့်တာ သိရက်နဲ့ပဲ သံယောဇဉ်ကထိန်းမရ..ရင်ထဲက အတ္တက တစ်နေ့ထက် တစ်နေ့ပိုဆိုးလာခဲ့..လက်စွပ်လေးရယ် အားနာတယ်..ဒီလိုပဲ အချိန်တွေ ကျော်လာခဲ့တာ့ တစ်ခု သော မတ်လရဲ့ တစ်နေ့မှာ သူရဲ့မွေးနေ့လေး ရှိကြောင်း သူအကြောင်းကြားခဲ့လေရဲ့..စိတ်ကူးတစ်ချို့နဲ့ ကျွန်မပျော်နေခဲ့တာ ..ခက်တယ်သူရယ် .ဒါပေမယ် ကံမကောင်းတဲ့ ကျွန်မက မွေးနေ့ နှုတ်ခွန်းဆက်စကားလေးတောင် ပြောကြားခွင့်မရဘဲ ပစ်ပယ်ခံခဲ့ရတဲ့ ဝေဒနာ ဘယ်သူသိမှာလဲတဲ့..သက်ဆိုင်သူက အနားမှာကို..ငို ငို ငို အားရအောင်ငို ပေါ့ ..ရှုံးနိမ့်ပြီးသားလူတစ်ယောက်အတွက် မျက်ရည်ကလွဲပြီးဘာရှိဦးမှာတဲ့လဲ..ဟင့်အင်း ကျွန်မက ဒီလို မိန်းကလေးမျိုးမဟုတ်ဘူး..မျက်ရည်အပြင်အတ္တရှိသေးတယ်..sorry ပဲလက်စွပ်လေးရယ် ကျွန်မရက်စက်ရလိမ့်မယ်..အရှုံးကို မုန်းတယ် ကျွန်မ မပိုင်ဆိုင်ရရင် ဘယ်သူကို မရစေချင်တဲ့ ငယ်စဉ်ကထဲက အတ္တ..မလိုအပ်တော့တဲ့ ပစ္စည်းဆိုရင်တောင် သူများကို မပေးပဲ ဖျက်ဆီးပစ်တက်တဲ့ ကျွန်မရဲ့ အတ္တ..အဲ့ဒီ အတ္တတစ်ခုထဲနဲ့ အမှားတွေလုပ်ပစ်ဖို့ အကြောင်းပြချက် ခိုင်လုံနေပြီလေ...သေသပ်လှပစွာ နဲ့ ဇာတ်လမ်းတစ်ပုဒ်ကို အေးအေးဆေးဆေး စတင်ခဲ့တယ်...ဇာတ်လမ်းရဲ့ခေါင်းစဉ်က လက်စွပ်လေးနှစ်ကွင်းကို ခွဲပစ်ရေး..တဲ့ ရက်စက်လိုက်တဲ့ ကျွန်မ..

တကယ်လဲ အထမြောက်ခဲ့တဲ့ ဇာတ်လမ်းလေးပေါ့...ပိုင်ပိုင်နိုင်နိုင်ပဲ ကျွန်မသရုပ်ဆောင်ခဲ့လိုက်တာ အဲ့ဒီအထဲမှာ ကျွန်မအသဲနှလုံးတွေ တစ်ဖြုတ်ဖြတ်နဲ့ ပါသွားတာတောင် မသိလိုက်တဲ့အထိ..သူသိရက်နဲ့လား မသိဘဲနဲ့လား ကျွန်မအနားမှာ ပျော်နေတာ..ဟင့်အင်း မသိဘူး မသိချင်ဘူး..ကျွန်မလိုချင်တာ လက်စွပ်လေးကို သူ့လက်က သူကိုယ်တိုင် ကြည်ကြည်သာသာ ချွတ်ပစ်လိုက်မယ့်နေ့..ကျွန်မမသိတာ က အဲ့ဒီလက်စွပ်လေးစီမှာ သူ့ရဲ့ အနာဂတ်တွေ မိသားစုတစ်ခုလုံးရဲ့ ပျော်ရွှင်မှုတွေ...အောင်မြင်မှုတစ်ချို့ ကြိုးစားတည် ဆောက်ထားကြတဲ့ အိမ်မက်လှလှတွေ..အို အားလုံး အားလုံး ပါဝင်နေတယ်ဆိုတာ..အတ္တတစ်ခုရဲ့ အောက်မှာ ဒီအရာလေးတွေ ပျက်စီးသွားမယ်ဆိုတာ ကျွန်မမသိခဲ့...ကျွန်မသိတာ အတ္တနဲ့ မာနတစ်ချို့..ကျွန်မကိုယ်တိုင်ပါဝင်ခဲ့တဲ့ ဒီဇာတ်လမ်းလေးမှာ သူလဲကြည်ကြည်သာသာနဲ့ ပဲပါဝင်ခဲ့လေရဲ့..နောက်ဆုံးအချိန်မှာ ကျွန်မအင်မတန်အဖြစ်ချင်ဆုံးဆန္ဒကို လက်စွပ်ပိုင်ရှင်လေးရဲ့ မျက်ရည်တစ်ချို့နဲ့ လဲလှယ်ပေးခဲ့တယ်..ကိုယ့်ကြောင့် လူတစ်ယောက်ငိုနေတာကို ပထမဆုံးကြားရတဲ့ထိုနေ့ အနာဂတ်တစ်ချို့နဲ့ သူ့ရဲ့ အိမ်မက်တွေပေးခဲ့တဲ့ ထိုနေ့..ဘဝမှာ လူနှစ်ယောက်ကို နာနာကျင်ကျင်ထိခိုက်စေခဲ့တဲ့ ထိုနေ့..ကျွန်မကိုယ်တိုင် အရမ်းပျော်လိမ့်မယ်လို့ ထင်ခဲ့တဲ့ ထိုနေ့................................................

............... မှားသွားပြီလို့ သိလိုက်ပေမယ့် အချိန်တွေ နောက်ကျ ခဲ့ပြီ...ကျွန်မလက်ထဲကို သူကိုယ်တိုင်လာထည့်ပေးခဲ့တယ် စေ့စပ်လက်စွပ်လေး..“ မင်း လိုချင်နေခဲ့တယ်မဟုတ်လား”..ဘုရားသခင်ရေ

သူသိနေခဲ့ပါလား..“ မင်း ပျော်ဖို့ပါ” ..ဟင့်အင်း ဟင့်အင်း ...မုသားစကားတစ်ချို့ နှုတ်ဖျားက ထွက်ဖို့ကြိုးစားပေမယ့် အချည်းနှီး....“ ကိုယ့် ကို သွားခွင့်ပေးပါ”..မထားခဲ့ပါနဲ့ မထားခဲ့ပါနဲ့..စကားတွေ အပြင်ကို ရောက်မလာခဲ့တဲ့ အထိ ဆွံအနေတဲ့ ကျွန်မ..“ အချစ်ဆိုတာ မင်းသေချာ နားမလည်သေးပါဘူးမိန်ကလေး ရယူခြင်းတွေ အတ္တတွေရဲ့ ဟိုဖက်တစ်ခြမ်းက သန့်စင်တဲ့ အချစ်ကို မင်းမြင်အောင်ကြည့်ပါ ပြီးရင် အချစ်နဲ့ ဘဝကို ခွဲခြားပြီး တစ်ချက်လောက်မြင်ကြည့် မင်း ရင့်ကျက်လာတဲ့တစ်နေ့တော့ ဒါတွေကို နားလည်လာမှာပါ မင်းကြိုးစားခဲ့တာ အားလုံးအောင်မြင်ခဲ့တယ်”..သွားပြီ သူ သူ ကျွန်မကို စိတ်နာ သွားပြီလား..ဒါဆို ဒါဆို သူဘာလို့ ကျွန်မအနားမှာ တစ်ချိန်လုံးရှိနေခဲ့တာလဲ ကျွန်မရင်ထဲမှာ ပဲမေးနေခဲ့တဲ့မေးခွန်းကို သူအဖြေပေးသွားခဲ့တယ် ..“ ကိုယ် မင်းကို ချစ်ခဲ့တယ်မိန်းကလေး ကိုယ်ချစ်တဲ့ မိန်းကလေး တစ်ယောက် ပြုံးဖို့တစ်ခုထဲအတွက် ကိုယ်တည်ဆောက်ခဲ့တဲ့ ဘဝနဲ့ ကိုယ့်ရဲ့ကတိတွေကို ကိုယ် ကိုယ်တိုင်ပြန်ဖျက်ဆီးခဲ့တာ မင်းလိုချင်တဲ့ လက်စွပ်လေးကို ကိုယ်ပေးခဲ့မယ် ဒါပေမယ့် အဲ့ဒီ လက်စွပ်လေးကို မင်းလက်မှာ စွပ်ပေးဖို့တော့ ကိုယ်မဝံရဲတာ အမှန်ပဲမိန်းကလေး မင်းသိပ်အတ္တကြီးတယ်”.................

ကျွန်မအနားက ထွက်ခွာသွားတဲ့ သူ့ကျောပြင်ကို ငေးကြည့်ယုံက လွဲပြီး ကျွန်မ ဘာတက်နိုင်မှာတဲ့လဲ..

အတ္တကြီးတဲ့ ကျွန်မ..အချစ်ကို အတ္တလို့ပဲ မြင်ခဲ့တဲ့ ကျွန်မ..ခုတော့ ထပ်ငိုဖို့ မျက်ရည်လဲမရှိ အင်အားလဲမရှိ..

မရှိ မရှိ..ဘာဆို ဘာမှ မရှိတော့ဘူး..ဘာမှမရှိတော့တာပဲသိတယ်..ကျွန်မဘာမှမသိတော့ဘူး..

အချစ်ကို ကျွန်မရခဲ့ပေမယ့် ........................... လက်စွပ်လေးကို ကျွန်မ ရခဲ့ပေမယ့်...............

ရခဲ့ပေမယ့်.........................ရခဲ့ပေမယ့်..

2 comments:

Anonymous said...

စေ့စပ်သူရှိလျက်နဲ့..ဖောက်ပြန်.မတည်ကြည်တဲ့လူကများ အတူတူချင်း..ကို..မင်းသိပ်အတ္တကြီးတယ်တဲ့။ နရင်းသုံးချက်အုပ်ပစ်လိုက်ပါလား မိန်းကလေးရယ်..လက်စွပ်ကိုရောင်းစားလိုက်

Dream..(selda) said...

:)) အယ်တော့ ခုမှ ပဲ အကြံကောင်းရတော့တယ်...